သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆို-ဖရူဆိုလမ်း တံတားနှစ်စင်း မိုင်းခွဲ ဖျက်ဆီးခံရ


ကယားပြည်နယ် ဒီးမော့ဆိုမြို့။ (မှတ်တမ်းဓာတ်ပုံ)
ကယားပြည်နယ် ဒီးမော့ဆိုမြို့။ (မှတ်တမ်းဓာတ်ပုံ)

[Zawgyi/Unicode]

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဒီနေ့ မေလ ၃၁ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့တာမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။ လွိုင်ကော်၊ ဒီးမော့ဆို စတဲ့မြို့ တွေအတွက် သွားလာရေးမှာ အရေးပါတဲ့ တံတား ၂ စင်းလည်း မိုင်းခွဲဖျက်စီးခံရပါတယ်။ စစ်တပ်နဲ့ PDF တပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီးကတည်းက ကယားပြည်နယ်ထဲ မော်တော်ယာဉ် အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ထားတဲ့ကြားမှာ ခုလို ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့ကြားက တံတား ၂ စင်း ဖျက်စီးခံရတဲ့အတွက် ဒေသခံတွေ ကုန်စည်ပြတ်လတ်မှုနဲ့ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ဒီနေ့ မေလ ၃၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး အဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပါဝင် ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"ခုဏက ပစ်နေတယ်ပေါ့။ ဒီးမော့ဆိုဘက်မှာ အမြောက်နဲ့ရော၊ ဟက်စကီးနဲ့ပါပစ်နေတာပေါ့။ ဟုတ်တယ် နှစ်ဘက်တပ်ဆိုပေမဲ့ သူတို့က အပေါ်ကနေ ရဟတ်ယာဉ်အမြောက်တွေသုံးပြီးတော့ ပစ်နေတယ်ဗျ။ လွိုင်ကော်က အမြောက်တပ်ကနေ ဒီးမော့ဆိုကို လှမ်းပစ်တယ်။ ပြီးလို့ရှိရင် ဟက်စကီးနဲ့ သူတို့ ဒီးမော့ဆိုမြို့အပေါ်ဝဲပြီးတော့ပစ်နေတယ်ပေါ့အခု။"

အပြန်အလှန် ပစ်ခတ်မှုအတွင်း ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။

မေလ ၃၀ ရက် ညကတော့ ဒီးမော့ဆိုမြို့ကနေ ဖရူဆိုမြို့သွားတဲ့ ကားလမ်းမကြီးပေါ်က တံတား ၂ စင်း မိုင်းခွဲဖျက်စီးခံရပါတယ်။

"ဒီးမော့ဆို ဖရူဆိုဘက် တံတားကြီးနှစ်စင်းပေါ့နော်။ အဲဒီလိုမျိုး အဖျက်ခံရတယ်။ ဘာကြောင့်ဖျက်တာလဲဆိုရင်တော့... ဒါတော့ ဘယ်အဖွဲ့အစည်းကနေ လုပ်တာလဲတော့ ကျနော်တို့ မသိဘူး။ ဒါပေမဲ့လို့ တံတားက ဗုံးဖောက်ခွဲ မိုင်း ဖောက်ခွဲခံရတဲ့ ပုံစံလိုမျိုးပဲ။"

ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့အကြား ကဒါးလားကျေးရွာအနီးမှာ တံတားတွေ မိုင်းခွဲဖျက်စီးခံခဲ့ရတာပါ။ ဒီတံတားမှာ လုံခြုံရေး အစောင့်မရှိဘဲ စစ်တပ်ဘက်က ရံဖန်ရံခါ ကင်းလှည့်နေတာလို့လဲ ဒေသခံတွေကပြောပါတယ်။ ဒီတံတားတြေ ဖောက်ခွဲ ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"တံတား ၂ စင်းဖောက်ခွဲခံရတာပေါ့။ ဒီးမော့ဆိုနဲ့ ကျနော်တို့ ဟိုဘက် ဘော်လခဲတံတား ၂ စင်းကို ဒါဖျက်စီးတဲ့ဖြစ်စဉ်ရှိပါတယ်။ KNPP နဲ့ ဟိုဟာအဖွဲ့တွေ အဲဒီဘက်မှာ လုပ်နေတဲ့အကြမ်းဖက်အဖွဲ့ပဲ ထင်ပါတယ်။"

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ဖောက်ခွဲဖျက်စီးတာလို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကနေ ငြင်းဆိုထားပါတယ်။

"ကျနော်တို့ကတော့ အများပြည်သူသွားလာနေတဲ့လမ်းပေါ့။ အဓိကကတော့ ကိုယ်တွေပြည်သူတွေ ကိုယ်တိုင် အားကိုးအားထားပြီး သွားနေရတဲ့လမ်းကိုတော့ ဘယ်လိုအကြောင်းပြချက်နဲ့မှ ဖျက်စီးမှာတော့ မဟုတ်ဘူးခင်ဗျ။ ပြီးတော့ အဲဒီတံတားဖျက်စီးရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ဘက်က ဘာလှုပ်ရှားမှုမှ မရှိပါဘူးခင်ဗျ။ သူတို့ဒီစစ်ကောင်စီဘက်ကလူတွေ ဖျက်စီးတာပဲ ဖြစ်နိုင်ခြေများတယ်ဗျ။"

အဆိုပါ ဖျက်စီးခံရတဲ့တံတားဟာ လွိုင်ကော်မြို့၊ ဒီးမောဆိုမြို့ကနေ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့ဘက်ကို ဖြတ်သွားတဲ့ လမ်းမကြီးပေါ်က တံတားတွေဖြစ်ပြီးကယားပြည်နယ်ရဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကလမ်းကြီးဖြစ်တယ်လို့ ဒီးမော့ဆို မြို့ခံတွေကပြောပါတယ်။

"ဘယ်လောက်အထိ အရေးပါလဲဆိုရင်တော့ ကယားပြည်နယ်ရဲ့ မြို့တော် ၄ မြို့နယ်လောက်က အဲဒီဘက်ခြမ်းရှိနေတယ်။ မယ်စဲ့၊ ဘော်လခဲ၊ ဖားဆောင်း၊ ဖရူဆိုက အဲဒီဘက်လမ်းကြောင်း အဲဒီမြို့နယ်ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ကုန်မယ်။ နောက်ပြီးတော့အခက်ခဲတွေကြုံလာမယ်ပေါ့။"

ဒီးမော့ဆို မြို့ဘက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင် စီတပ်တို့အကြား မေလ (၂၁) ရက်နေ့ကနေ (၃၁) ရက် နေ့ အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့ပါတယ်။ ကယားပြည်နယ် လွိုင်ကော် ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ် မိုးဗြဲမြို့မှာ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့ပြီးနောက် မေလ ၂၉ ရက်နေ့မှာ ကယားပြည်နယ်ဘက် ယာဉ်အဝင်အထွက်ကို စစ်ကောင်စီဘက်က ပိတ်ပင်ခဲ့တာပါ။

ဒီလို ယာဉ်အဝင်အထွက်ပိတ်ပင်ထားတဲ့အတွက် ကုန်စည်ပြတ်လပ်နေပြီး ဈေးနှုန်းမြင့်တက်လာနေတယ်လို့ လွိုင်ကော် မြို့ခံတဦးကပြောပါတယ်။

"အခုပိတ်နေတယ်။ ကလော အောင်ပန်းလမ်းဘက်မှာလည်း ပိတ်ထားတယ်။ နောက်ပြီးတော့ပင်လောင်းဘက်မှာလည်း ပိတ်ထားတယ်... ဝင်လို့ မရဘူး။ အခုလွိုင်ကော်မှာ ဆန်တအိတ် ၇၀,၀၀၀ ဖြစ်ကုန်ပြီးလို့ ပြောတယ်။ နဂိုလ်မူလဆန်တအိတ် ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ကြားတော့ရှိတာပေါ့။ ဆန်မှ မဟုတ်ဘူး တခြားကုန်ပစ္စည်းတွေလည်း ဈေးတက်ကုန်ပြီ။"

ကယားပြည်နယ်ကို အဝင်အထွက်ပိတ်ပင်ထားတာဟာ လုံခြုံရေးအရ စစ်ဆေးနေတာဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

ကယားပြည်နယ်ထဲက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးမြဲ စတဲ့မြို့တွေက ဒေသခံ ၇၀,၀၀၀ လောက် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ လမ်းတွေ ပိတ်ဆို့ထားတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီရေးမှာအခက်တွေ့နေတယ်လို့ စစ်ရှောင်ကော်မီတီဝင်တဦးက ပြောပါတယ်။

"နေ့ရှည်ထပ်ပိတ်မယ်ဆိုရင်တော့ ဒုက္ခရောက်တာပဲ ရှိမယ်။ အခုနေတောင်မှ ကလေးတွေအတွက်၊ အမျိုးသမီးတွေအတွက်၊ သက်ကြီးရွယ်အိုတွေအတွက် သူတို့အတွက်ဆေးတွေကလည်း ပြတ်နေတယ်။ စစ်ရှောင်တွေအတွက်လာလှူတဲ့ ဆန်တွေ၊ ဆီတွေ၊ နောက်ဆေးဝါးပစ္စည်းတွေ လာလှူလို့ မရတော့ဘူးပေါ့။"

ကယားပြည်နယ်ထဲက အိုးအိမ်ပစ် ထွက်ပြေးနေကြရသူတွေအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့တယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်ရှိဒုက္ခသည်တွေ လက်ထဲမရောက်သေးပါဘူး။ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးမယ့်သူတွေအတွက် လုံခြုံရေးကလည်း စိုးရိမ်စရာဖြစ်နေတာမို့ ဒုက္ခသည်တွေ အကူအညီရနိုင်ဖို့ အတော်လေး ခက်ခဲနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





















XS
SM
MD
LG