သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၁ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Maria Ressa


၂၀၂၁ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Maria Ressa
please wait

No media source currently available

0:00 0:10:48 0:00

ဒီနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို သတင်းထောက်နှစ်ဦး ပူးတွဲ ချီးမြှင့်ခံရသလို၊ ဒီအထဲမှာ တဦးက ဖိလစ်ပိုင်နိုင်ငံမှာ လူ့အခွင့်အရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ရှေ့တန်းက ရပ်တည် တိုက်ပွဲဝင်နေသူ အမျိုးသမီး သတင်းထောက် Maria Ressa ဖြစ်ပါတယ်။

(Zawgyi/Unicode)
ဒီနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို သတင်းထောက်နှစ်ဦး ပူးတွဲ ချီးမြှင့်ခံရသလို၊ ဒီအထဲမှာ တဦးက ဖိလစ်ပိုင်နိုင်ငံမှာ လူ့အခွင့်အရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ရှေ့တန်းက ရပ်တည် တိုက်ပွဲဝင်နေသူ အမျိုးသမီး သတင်းထောက် Maria Ressa ဖြစ်ပါတယ်။ ဒီနှစ်ဟာ ၁၉၃၅ ခုနှစ် နောက်ပိုင်း သတင်းထောက်တွေ ပထမဆုံးအကြိမ် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတာဖြစ်သလို၊ Maria Ressa ကတော့ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့ ပထမဆုံး ဖိလစ်ပိုင်အမျိုးသမီး ဖြစ်ပါတယ်။ Maria Ressa ကို နိုဘဲလ်ကော်မတီက ဘာကြောင့် ရွေးချယ် ချီးမြှင့်တာပါလဲ။ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့အတွက် Maria Ressa ကရော ဘာတွေ ပြောထားပါလဲ။ ကမ္ဘာတဝှမ်းမှာရော ဘယ်လို တုံ့ပြန်မှုတွေ ရှိနေလဲ ဆိုတာတွေကို စုစည်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ကမ္ဘာတဝှမ်း သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေ ပိုမို ဆိုးရွားလာနေပြီး သတင်းသမားတွေ အန္တရာယ်ပြု ခြိမ်းခြောက်ခံရတာတွေ ပိုမို ကြုံတွေ့လာနေတယ်ဆိုတာကို နိုင်ငံတကာ အစီရင်ခံစာတွေက ထောက်ပြ သတိပေးနေချိန်မှာပဲ၊ သတင်းထောက်နှစ်ဦး ဒီနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ပူးတွဲ ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ ဒီသတင်းထောက်နှစ်ဦးဟာ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့် ဆိုးဆိုးရွားရွား တိုက်ခိုက်ခံနေရချိန်မှာ ဒီလိုအခွင့်အရေးတွေအတွက် ကမ္ဘာတဝှမ်း ရပ်တည် တိုက်ပွဲဝင်နေကြတဲ့ သတင်းသမားအားလုံးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်လို့ နော်ေ၀ နိုဘဲလ်ကော်မတီ ဥက္ကဋ္ဌ ဘဲရစ် ရိုက်စ်-အန်ဒါဆန် (Berit Reiss-Andersen) က အောက်တိုဘာလ ၈ ရက်နေ့က နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေကို ကြေညာချိန်မှာ ပြောကြားသွားခဲ့ပါတယ်။

"မစ် Ressa နဲ့ မစ္စတာ Murotov တို့ဟာ ဖိလစ်ပိုင်နဲ့ ရုရှားနိုင်ငံတွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲ ဝင်ခဲ့ကြသူတွေ ဖြစ်တာကြောင့် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ရတာဖြစ်ပါတယ်။”

Maria Ressa ဟာ အငြင်းပွားစရာ ဖြစ်နေတဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှိမ်နင်းမှုတွေအတွင်း လူတွေ အများအပြား သတ်ဖြတ်ခဲ့တဲ့ အခြေအနေ၊ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်း ဖော်ထုတ်ရေးသားတဲ့ Rappler သတင်းဌာနကို ၂၀၁၂ ခုနှစ်မှာ ပူးတွဲ တည်ထောင်ခဲ့သူ ဖြစ်ပြီး လက်ရှိမှာလည်း Rappler ရဲ့ အကြီးအကဲ CEO တာဝန်ယူထားသူ ဖြစ်ပါတယ်။ Maria နဲ့ Rappler သတင်းဌာနဟာ ဖိလစ်ပိုင်အစိုးရ နဲ့ သမ္မတ ဒူတာတေရဲ့ မူဝါဒတွေကို ထောက်ပြ ဝေဖန်တဲ့အတွက် အာဏာပိုင်တွေဘက်က ခြိမ်းခြောက်တာ၊ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ခံရပါတယ်။ မိခင်နိုင်ငံ ဖိလစ်ပိုင်မှာ ဖြစ်ပျက်နေတဲ့ အာဏာ အလွဲသုံးစားမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ အာဏာရှင်စနစ် ကြီးထွားလာနေတာတွေကို အများသိအောင် Maria Ressa က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကိုင်စွဲပြီး ကြိုးပမ်းခဲ့တယ်လို့ နိုဘဲလ်ကော်မတီ ဥက္ကဋ္ဌက ဆုကြေညာချိန်မှာ ပြောဆိုခဲ့ပါတယ်။

Maria Ressa ကတော့ - နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့အတွက် မယုံနိုင်လောက်အောင် အံသြ ဝမ်းသာရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

"အံ့သြပြီး မယုံနိုင်အောင်ပါပဲ။ ဆုစာရင်းကို တွေ့တော့ ထင်မထားခဲ့ဘူးလေ။ အရမ်း အံ့သြသွားပါတယ်။ တကယ်က ဆုရတဲ့အကြောင်း ပြောလာတဲ့အချိန်မှာ ကျမ အွန်လိုင်း ဆွေးနွေးပွဲတခုမှာ ရှိနေတာပါ။ တကယ်ပဲဆိုတာ သိရတော့ မျက်ရည်တောင်ကျမိပါတယ်။ ခံစားချက်တွေက ရိုလာကိုစတာ လိုပါပဲ။ ကျမ တွေးမိတာတွေထဲမှာ တခုကတော့ နိုဘဲလ်ဆု ကော်မတီ အနေနဲ့ သတင်းထောက်လုပ်ငန်း အရေးပါမှုကို မီးမှောင်းထိုးပြလိုက်တာလို့ ထင်ပါတယ်။ ကျမနဲ့ ကျမလိုပဲ သတင်းထောက် Dmitry Muratov တို့ကို ဂုဏ်ပြု ချီးမြှင့်တာက ကျမတို့ လုပ်နေတဲ့ သတင်းထောက်အလုပ်ဟာ ဒီကနေ့ကာလမှာ ဘယ်လောက် အရေးပါသလဲ ဆိုတာကို ပြလိုက်တာပဲလို့ ယူဆပါတယ်။”

ဒါကတော့ နိုဘဲလ်ဆု ချီးမြှင့်ခံရပြီး မကြာခင် ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ Maria Ressa ပြောသွားတာပါ။ ခုချိန်ဟာ ကမ္ဘာတဝှမ်းက သတင်းသမားတွေ အတွက် အခက်ခဲဆုံး ကာလတွေ ဖြစ်နေတယ် ဆိုတာကိုလည်း သူ့ကိုယ်ပိုင် အတွေ့အကြုံကနေ Maria Ressa က ပြောပြပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တောင်မပြည့်တဲ့ ကာလအတွင်း ဖိလစ်ပိုင်အစိုးရက သူ့ကို ဖမ်းဝရမ်း ၁၀ ခု ထုတ်ခဲ့ပြီး ဒီလိုအဖြစ်မျိုးက သူ သတင်းထောက်အဖြစ် ရပ်တည်လာခဲ့တဲ့ ၃၅ နှစ်တာ ကာလတလျှောက် အရင်က မကြုံခဲ့ရဖူးဘူးလို့ ပြောပါတယ်။

ဖိလစ်ပိုင်အစိုးရ ကတော့ Maria Ressa နဲ့ သူဦးဆောင်တဲ့ Rappler သတင်းဌာနဟာ သတင်းမှားတွေကို ထုတ်လွှင့်ခဲ့တယ်လို့ စွပ်စွဲပြောဆိုပြီး သူ့ကိုတော့ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေး ဥပဒေချိုးဖောက်မှု အပါအဝင် တခြားအမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။ ဒီနှစ် သြဂုတ်လထဲမှာတော့ ဖိလစ်ပိုင်တရားရုံးတခုက Maria အပေါ် ဆိုက်ဘာဥပဒေနဲ့စွဲထားတဲ့ အမှုတခုကို ပလပ်လိုက်ပေးလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီ ဆိုက်ဘာဥပဒေ အပါအဝင် တခြား ဥပဒေတွေ သုံးပြီး စွဲဆိုခံထားရတဲ့ အမှုတွေကတော့ ဆက် ရှိနေဆဲပါ။ အာဏာရှင် ဆန်ဆန်အုပ်ချုပ်တဲ့ သမ္မတ ဒူတာတေ လက်ထက်မှာ အစိုးရရဲ့ မူဝါဒနဲ့ လုပ်ရပ်တွေကို ဝေဖန် ထောက်ပြသူတွေ၊ သတင်းသမားတွေ ပိုမို ဖိအားပေး ခံလာနေရတယ်ဆိုတာကို သတင်းလွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့တွေက ထောက်ပြ ပြောဆိုနေကြတာပါ။ မာရီယာ ကတော့ အာဏာပိုင်တွေဘက်က ဘယ်လိုပဲ ဖိအားပေးပေး သတင်းလွတ်လပ်ခွင့်အတွက် ရဲရဲဝံ့ဝံ့ ဆက်လက် ရပ်တည်ခဲ့သလို၊ ဒီအတွက် ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ သတင်းလွတ်လပ်ခွင့် ကာကွယ်ရေး နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF အတွင်းရေးမှူးချုပ် Christophe Deloire က ပြောပါတယ်။

"Maria Ressa ဟာ ကျနော်တို့နဲ့ အနီးကပ် အလုပ်လုပ်နေတဲ့သူ တယောက်ပါ။ သူ့နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံထဲမှာ သမ္မတ ဒူတာတေ အစိုးရ အာဏာပိုင်တွေက ဥပဒေတွေ ထုတ်ပြီး သူ့ကို ပစ်မှတ်ထား နှိပ်ကွက်နေတာမို့ သူ့ဘက်ကနေ ကျနော်တို့က ခုခံကာကွယ် ပေးပါတယ်။ ကမ္ဘာတဝှမ်းက တခြား သတင်းထောက်တွေကို ကာကွယ်ပေးရေး၊ သတင်းလွတ်လပ်ခွင့် ကာကွယ်ရေး နဲ့ အင်တာနက်အွန်လိုင်းတွေ ပေါ်မှာ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် ကျင့်သုံးလာနိုင်ရေး ကိစ္စတွေကိုလည်း သူနဲ့အတူ လက်တွဲပြီး ကျနော်တို့ လုပ်ဆောင်နေပါတယ်။”

Maria Ressa နဲ့ Rappler သတင်းဌာနဟာ ဖိလစ်ပိုင်အစိုးရရဲ့ နှိပ်ကွက်မှုတွေကြားကပဲ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကာကွယ်ဖို့ ရှေ့တန်းကနေ မကြောက်မရွံ့ ရင်ဆိုင် ရပ်တည်ခဲ့တာ ဖြစ်တယ်လို့ နိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီကလည်း အသိအမှတ်ပြု ပြောဆိုထားပါတယ်။ ခုလို သတင်းသမားတွေရဲ့ ခက်ခဲတဲ့ ရုန်းကန်မှုတွေကို အသိအမှတ်ပြုပြီး နိုဘဲလ်ကော်မတီက ငြိမ်းချမ်းရေး ဆု ချီးမြှင့်တဲ့အပေါ်မှာ ဝမ်းသာရတာထက် အများကြီးပို ခံစားရပါတယ်လို့ သတင်းသမားတွေကို ကာကွယ်ပေးရေးကော်မတီ CPJ ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Joel Simon က ပြောပါတယ်။

"ကျနော် အရမ်း လှုပ်ရှား ပျော်ရွှင်မိပါတယ်။ ပျော်တယ်ဆိုတာ ထက်ကို ပိုပါတယ်ဗျာ။ Maria Ressa ရော၊ Dmitry Muratov ရောက ကျနော့် မိတ်ဆွေတွေပါ။ သူတို့ဟာ ကျနော့်အတွက် သူရဲကောင်း သတင်းသမားတွေပါ။ ဒီဆုက သူတို့ရဲ့အလုပ်၊ သူတို့ရဲ့ ရုန်းကန်ရပ်တည်မှုတွေကို ပိုပြီး ပေါ်လွင်စေသလို၊ အပြောင်းအလဲတခုလည်း ဖြစ်စေပါတယ်။ ကျနော်တို့ သတင်းသမားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ၊ သတင်းလွတ်လပ်ခွင့်အတွက် ကမ္ဘတဝှမ်း ရုန်းကန်လှုပ်ရှားမှုတွေ အားလုံးကို မီးမှောင်းထိုးပြလိုက်တာ ပါပဲ။ နိုဘဲလ်ကော်မတီက ဒါကို အကောင်းဆုံး ဖော်ပြလိုက်တာပါ။ ကျနော်တို့အတွက် သတင်းအချက်အလက်တွေသာ မရရှိဘူးဆိုရင်၊ သတင်းသမားတွေအနေနဲ့ သတင်းထောက်အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် မရဘူးဆိုရင် ဒီကနေ့ ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို ဒီဆုက အသိအမှတ်ပြု ဖော်ပြလိုက်တာပါပဲ။”

အမျိုးသမီး သတင်းထောက်တဦးဖြစ်တဲ့ Maria Ressa နိုဘဲလ်ဆု ချီးမြှင်ခံရတဲ့အတွက် ကမ္ဘာတဝှမ်း ဖိနှိပ်မှုတွေကြား ရုန်းကန် ရပ်တည်နေကြတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေ၊ သတင်းသမားတွေ ကလည်း ဝမ်းသာ ဂုဏ်ယူနေကြပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက အမျိုးသမီး သတင်းထောက်တဦး ဖြစ်တဲ့ မစိုးစံထိုက်လည်း ပါ ပါတယ်။

“သူဟာ ဖိလစ်ပိုင်နိုင်ငံမှာ အမျိုးသမီးသတင်းထောက် တယောက် ဖြစ်တယ်။ အဲ့အထဲကမှ ရိုးရိုးသတင်းထောက် မဟုတ်ဘဲနဲ့ စုံစမ်းဖော်ထုတ် သတင်းရေးသားတဲ့ အမျိုးသမီး သတင်းထောက် ဖြစ်တယ်။ သူ့ရဲ့လုပ်ဆောင်မှုတွေက သူ့ရဲ့သတင်းတွေကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ အုပ်ချုပ်မှု မူဝါဒတွေကို အပြောင်းအလဲ ဖြစ်စေခဲ့တယ်။ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တယ်ဆိုတာ လုံး၀ ငြင်းပယ်လို့မရတဲ့ အချက်အလက်တခု ဖြစ်ပါတယ်။ သူ ဟာ သတ္တိရှိတယ်။ ပြည်သူတွေအတွက် သူ့နိုင်ငံသားတွေ အတွက် သူ လုပ်ခဲ့တယ်။ သူဟာ ၂၀၁၈၊၂၀၁၉၊ ၂၀၂၀ တောက်လေ ျှာက်တွေမှာ တရားစွဲဆိုခြင်းကို ခံရတယ်။ သူ့အတွက် ကိုယ်ကျိုး ထိခိုက်ရစေတာတွေ အများကြီး ရှိပေမဲ့လည်း သူ အလုပ်တွေ အများကြီး လုပ်ခဲ့တယ်။ သူ့ရဲ့ ယုံကြည်ချက်တွေ အတွက် သူ အလုပ် လုပ်ခဲ့တယ်။ အဲ့ဒီအတွက် ကျမတို့ ပိုပြီးတော့ လေးစား အားကျခဲ့ရပါတယ်။”

မစိုးစံထိုက် ကတော့ Maria Ressa ၂၀၁၈ ခုနှစ်တုန်းက မြန်မာနိုင်ငံကို လာရောက်ပို့ချခဲ့တဲ့ သတင်းထောက် သင်တန်းတခုကို တက်ရောက်ခဲ့ဖူးတဲ့သူပါ။ သတင်းထောက်တွေ ခုလို နိုဘဲလ် ငြိမ်းချမ်းဆု ချီးမြှင့်ခံရတဲ့အတွက် ဖိနှိပ်မှုတွေကြား ရပ်တည် အလုပ် လုပ်နေကြရတဲ့ မြန်မာနိုင်ငံက သတင်းသမားတွေ၊ အမျိုးသမီး သတင်းထောက်တွေ အတွက်လည်း အများကြီး ခွန်အားဖြစ်စေတယ်လို့ မစိုးစံထိုက်က ပြောပါတယ်။

“အခု အားလုံး သိကြတဲ့အတိုင်းပဲ ကျမတို့ မြန်မာနိုင်ငံမှာဆိုရင် သတင်းလွတ်လပ်ခွင့်က လုံးဝကို ပျောက်ဆုံးသွားတဲ့ အခြေအနေ ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းထောက်၊ အမျိုးသား အမျိုးသမီး သတင်းထောက်တွေ အကုန်လုံး နီးပါး ဟာလည်း အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ အချိန်ကာလဖြစ်တယ်။ ဒါပေမဲ့လည်း ကျမတို့ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းထောက်တွေကလည်း သူတို့ယုံကြည်မှုကို မစွန့်လွှတ်ဘဲနဲ့ အခုချိန်ထိ ပြည်သူတွေဆီကို သတင်းတွေ တင်ဆက်နေတာရှိတယ်။ ဒီလိုအချိန်မျိုးမှာ ဒီလိုနိုဘဲလ်ငြိမ်းချမ်းရေးဆုကို သတင်းထောက်တွေကို ပေးလိုက်တယ်ဆိုတဲ့ သတင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းထောက်တွေကို အများကြီး တွန်းအားဖြစ်စေတယ်ပေါ့နော်။ ကျမတို့အလုပ်တွေကို ပိုမိုပြီး လုပ်ဖို့ ကျမတို့ကို ယုံကြည်ချက်တွေ ပေးလိုက်သလိုပါပဲ။ အမှန်တကယ်က မြန်မာနိုင်ငံရဲ့ အခြေအနေမှာဆိုရင် သတင်းထောက်တွေ ရပ်တည်ဖို့ တအားခက်ခဲနေတယ်။ အသက်အန္တရာယ်နဲ့ ခြိမ်းခြောက် ခံနေရတယ်။ ဒါပေမဲ့လည်း ဒီလိုမျိုး နိုင်ငံတကာမှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို သတင်းထောက်တွေကို ပေးအပ်လိုက်တာဟာ လူ့အခွင့်အရေး၊ သတင်းလွတ်လပ်ခွင့်နဲ့ Professional Journalism ကို လေးစားလိုက်နာဖို့၊ ဆက်လက်လုပ်ဆောင်ဖို့ ကျမတို့ကို တွန်းအားပေးလိုက်တယ်လို့ ကျမတို့ ခံစားရတယ်ပေါ့နော်။ နောက်ပြီးတော့ အခုလို အမျိုးသမီးသတင်းထောက်၊ သတင်းလောကထဲမှာ ဦးဆောင်သူတယောက် အနေနဲ့ ဒီလို နိုဘဲလ်ဆု ရလိုက်တာဟာ ကျမတို့သတင်းထောက်တွေအတွက် ပိုပြီးတော့ ဂုဏ်ယူစရာဖြစ်ပါတယ်။”

Maria Ressa ဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့ ပထမဆုံး ဖိလစ်ပိုင် အမျိုးသမီး ဖြစ်သလို၊ ဒီနှစ်အတွက် နိုဘဲလ်ဆု ချီးမြှင့်ခံရသူတွေထဲမှာ တဦးတည်းသော အမျိုးသမီး ဖြစ်ပါတယ်။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အများသိစေဖို့ ထုတ်ဖော် ပြောဆိုသူ၊ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ အတွက် ခြိမ်းခြောက်မှုတွေကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်သူအဖြစ် ထင်ရှားတဲ့ Maria Ressa ဟာ အရင်ကလည်း သတင်းမီဒီယာနဲ့ပတ်သက်ပြီး ချီးမြှင့်တဲ့ နိုင်ငံတကာက ဂုဏ်ပြုဆုများစွာ ရခဲ့ဖူးပါတယ်။

ဒါ့အပြင် ကမ္ဘာကျော် Times မဂ္ဂဇင်းကြီးရဲ့ ၂၀၁၈ ခုနှစ်ရဲ့ အထူးရှားဆုံး ပုဂ္ဂိုလ် Person of the Year အဖြစ် ဂုဏ်ပြုဖော်ပြခံရသလို၊ ၂၀၁၉ ခုနှစ်မှာလည်း ကမ္ဘာ့ သြဇာ သက်ရောက်မှု အရှိဆုံး လူ ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။ အခုတခါ နိုဘဲလ်ငြိမ်းချမ်းရေးဆု ကိုပါ ချီးမြှင့်ခံရတဲ့အတွက် အခက်အခဲတွေကြား သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသူတွေ၊ အမျိုးသမီးတွေ၊ သတင်းသမားတွေ အတွက်တော့ Maria Ressa ဟာ ခွန်အားတွေ အများကြီး ဖြစ်စေခဲ့တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။
==============================
[Unicode]


















ဗွီဒီယို ကြည့်ရှုရန်

အစီအစဉ်တွဲများအားလုံးကြည့်ရှုရန်
XS
SM
MD
LG