သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေရဲ့ တနှစ်တာ ဖြတ်သန်းမှုနဲ့ နှစ်သစ်မျှော်မှန်းချက် (အပိုင်း-၁)


မကြာခင် ကုန်လွန်တော့မယ့် ၂၀၂၁ ခုနှစ်ဟာ မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေ အတွက် ဘယ်လို နှစ်မျိုး ဖြစ်ခဲ့ပါလဲ။ နှစ်သစ်အတွက်ရော ဘယ်လို မျှော်မှန်း ပြင်ဆင်မှုတွေ ရှိနေသလဲ။ လူ့အဖွဲ့အစည်းအတွင်း ကဏ္ဍအသီးသီးမှာ ရှိနေကြတဲ့ အမျိုးသမီး တချို့ရဲ့ အသံတွေကို စုစည်းပြီး အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။

(Zawgyi/Unicode)

မကြာခင် ကုန်လွန်တော့မယ့် ၂၀၂၁ ခုနှစ်ဟာ မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေ အတွက် ဘယ်လို နှစ်မျိုး ဖြစ်ခဲ့ပါလဲ။ တနှစ်တာ ကြုံတွေ့မှုတွေထဲ ကောင်းကျိုး ဆိုးကျိုး ထူးခြားတဲ့ ဖြစ်ရပ် ဘာတွေ ရှိခဲ့လဲ။ နှစ်သစ်အတွက်ရော ဘယ်လို မျှော်မှန်း ပြင်ဆင်မှုတွေ ရှိနေသလဲ ဆိုတာတွေကို လူ့အဖွဲ့အစည်းအတွင်းက ကဏ္ဍအသီးသီးမှာ ရှိနေကြတဲ့ အမျိုးသမီး တချို့ရဲ့ အသံတွေကို စုစည်းပြီး ဒီသီတင်းပတ် အမျိုးသမီး ကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ကမ္ဘာတဝှမ်း ကြုံတွေ့ရတဲ့ COVID-19 ကပ်ဘေးအပြင် စစ်အာဏာသိမ်းမှုကိုပါ ကြုံရတာကြောင့် ဒီနှစ် ၂၀၂၁ ခုနှစ်ဟာ မြန်မာပြည်သူတွေ အတွက်တော့ အရင်က မကြုံဖူးတဲ့ ထင်မှတ်မထားတဲ့ အပြောင်းအလဲများစွာနဲ့ ကြုံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း လုပ်ဖို့ ကြံရွယ် စီစဉ်ခဲ့တာတွေ ဘာမှ မလုပ်နိုင်ခဲ့ဘူးလို့ သံလျင်တိုင်းမ် ဂျာနယ်က အယ်ဒီတာလည်း ဖြစ်၊ စာရေးဆရာမ တဦးလည်း ဖြစ်တဲ့ မတူးတူးသာ က ပြောပါတယ်။

“၂၀၂၁ ခုနှစ်မှာ လုပ်မယ်လို့ကြံစည်ခဲ့တဲ့ အကြံတွေ ကတော့ အများကြီးပဲ။ အဓိက က ဘာလဲ ဆိုတော့ လူငယ်တွေ အတွက်ပေါ့နော်။ သားနဲ့ သား သူငယ်ချင်းတွေနဲ့ ကျမနဲ့က အမြဲ စကားပြောဖြစ်တယ်။ သူတို့ စာဖတ်အား ကောင်းလာအောင် ကိုယ်က စာဖတ်ဝိုင်းလေး လုပ်ပေးလိုက်။ ပြီးရင် သူတို့ဟာသူတို့ အားကစားလေးတွေ လုပ်လိုက်။ ပျော်ပျော်ပါးပါး နေလိုက်ပေါ့နော်။ အဲ့လို သွားနေတဲ့ ဘဝက ကိုဗစ်ကြောင့် ကျောင်းပိတ်ထားတဲ့အချိန်မှာ အကျိုးရှိရှိလေး ဖြတ်သန်းနေတဲ့အချိန်မှာ ဒါကြီး ဖြစ်သွားတဲ့အခါ သူတို့အတွက်ကို အရမ်း စိတ်ထိခိုက်မိတာပေါ့နော်။ အထူးသဖြင့် လူငယ်တွေ အတွက် အရမ်း စိတ်ထိခိုက်မိတယ်။ ကိုယ်လုပ်ချင်တယ်ဆိုတဲ့ plan တွေ ကလည်း အစ်မက အများကြီး ဘာမှ ထွေထွေထူးထူး လုပ်ဖို့မရှိဘူး။ စာရေးမှာပဲ။ ဒီ ၂၀၂၁ ခုနှစ်မှာ ရေးလက်စ စာတွေလည်း ရှိတယ်။ အဲ့ဒီဟာတွေက အကုန်လုံး ရပ်ဆိုင်းသွားတယ်ပေါ့။ ဘာမှ ဆက် မလုပ်နိုင်ခဲ့ဘူးပေါ့နော်။”

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း ခုလို ရည်မှန်းထားတာတွေ ပျက်ခဲ့ရုံမက အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်ခဲ့တဲ့ အတွက် မတူးတူးသာရော၊ သားနဲ့ မောင် ဖြစ်သူပါ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ နှစ်တနှစ်ရဲ့ တဝက်လောက် အကျဉ်းထောင်မှာ နေခဲ့ရပြီး သူ့အတွက်တော့ ဘယ်တုန်းကမှ မကြုံခဲ့ရဖူးတဲ့ ဖြစ်ရပ်တွေနဲ့ ဆိုးရွားတဲ့ နှစ်တနှစ် ပါပဲလို့ မတူးတူးသာက ပြောပါတယ်။

“၂၀၂၁ က ပြောရရင် စိတ်ဆင်းရဲစရာတွေ နာကျည်းစရာတွေ ပြည့်နှက်နေတဲ့နှစ်ပေါ့။ သားက အခု ၂၁ နှစ်ပေါ့။ သူ့ရဲ့ ၂၁ နှစ်မွေးနေ့က ထောင်ထဲမှာ ကျော်ဖြတ်ရတာပေါ့နော်။ အစ်မဆိုလည်း မွေးနေ့က ထောင်ထဲမှာ ကျော်ဖြတ်ရတယ်။ အသက် ၅၀ ပြည့်တဲ့ မွေးနေ့ ပေါ့နော်။ နောက်တခုက အဖမ်းခံရတဲ့အချိန်မှာ အစ်မ သားရော၊ မောင်ရော ပါတယ်။ ကိုယ် ကိုယ်တိုင် ရဲစခန်းမှာ စစ်ကြောရေး မသွားခင် ရဲစခန်းမှာ ကိုယ်တိုင် လက်ထိပ်ခတ် ခံထားရတာကို သတိမေ့သွားတယ်။ သူတို့က လက်ထိပ်ကြီးတွေနဲ့ တန်းလန်းကြီး ငုတ်တုတ် ထိုင်နေတာကို ပထမဆုံးအကြိမ် မြင်လိုက်ရတဲ့ အချိန်မှာ ရင်ထဲမှာ တော်တော် မကောင်းဘူး။ ဘယ်လို ဖော်ပြရမလဲမသိဘူး။ ကိုယ့်သားရော ကိုယ့်မောင်ရော အဲ့ဒီလိုကြီး မြင်လိုက်ရတဲ့ အချိန်မှာလေ လူက တော်တော်ကို စိတ်ထိခိုက်မိတယ်။ ထိခိုက်စရာ နှစ် တနှစ်လို့ ပြောလို့ရတာပေါ့။ ဒီနှစ်က တနှစ်ကို ၁၂ လရှိတဲ့ထဲမှာ ၆ လမှာ ကိုယ်တွေက နံရံ လေးဘက်ကြားမှာ နေလိုက်ရတယ် ဆိုတော့ အဲ့ဒါက ပြောမယ်ဆိုရင်တော့ တော်တော်လေးကို ဆိုးရွားတဲ့နှစ်ပေါ့။ တခါမှ ဒါမျိုး မကြုံဖူးဘူး။”

အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ မဖြူပြာဝင်းရည် ကတော့ ဒီနှစ်ဟာ သူ့အတွက် ထူးခြားတဲ့နှစ် တနှစ်လို့ ပြောပါတယ်။ ဘယ်လိုကြောင့်ပါလဲ။

“ဒီ ၂၀၂၁ ခုနှစ် က ကျမ အတွက်တော့ တကယ့်ကို ထူးခြားတဲ့ နှစ် တနှစ်လို့ ပြောရမှာပေါ့နော်။ ၂၀၂၁ ခုနှစ်က တော်တော်လေး စိတ်ထိခိုက်ရတယ်။ ဝမ်းနည်းရတယ်။ ဒေါသထွက်စရာတွေ ရှိတဲ့နှစ်ပေါ့။ ပထမတုန်းက ကျမက DV 2021 ပေါက်ထားတယ်။ ပေါက်ထားတယ်ဆိုတော့ ကျမက ပျော်ရွှင်စွာနဲ့ပေါ့နော်။ ငါ ၂၀၂၁ ဆိုရင်တော့ အမေရိကားကို သွားရတော့မယ် ဆိုပြီးပေါ့။ ဒါပေမဲ့ DV ပေါက်ပေမဲ့လည်း ကျမ အမေရိကား မသွားရဘူး။ ၂ လပိုင်းမှာကတည်းက ကျမတို့အားလုံး သိတဲ့အတိုင်းပဲ။ ကျမတို့နိုင်ငံမှာ တကယ့်ကို အပြောင်းအလဲတခု ဖြစ်သွားတယ်။ အဲ့ဒီဟာကလည်း ကျမတို့အတွက်က တကယ့်ကို ဆုံးရှုံးမှုပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေ့နှစ်တွေ တုန်းကလည်း ကျမတို့က ကိုဗစ်ကြောင့် အတိုင်းအတာ တခုအထိ စားဝတ်နေရေးတွေ ဘာပဲဖြစ်ဖြစ် ခက်ခဲခဲ့တယ်။ အဲ့ဒီဟာအပြင် စစ်အာဏာသိမ်းလိုက်တဲ့ အချိန် ရောက်လာတဲ့ အခါကျတော့ ကျမတို့ အခြေအနေက ပိုပြီးတော့ အရမ်း ဆိုးရွား လာတာပေါ့နော်။ စိတ်ပိုင်းဆိုင်ရာရော။ အဓိက က ဘာလဲ ဆိုတော့ ကျမတို့နေရ ထိုင်ရတာ မလုံခြုံတော့ဘူးပေါ့။ ကိုယ့်အိမ်မှာနေရင်လည်း မလုံခြုံသလို၊ လမ်းပေါ်ထွက်ရင်လည်း မလုံခြုံဘူး။ တကယ့်ကို နုနယ်ပျိုမြစ်တဲ့ တန်ဖိုးရှိတဲ့ ကလေးတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ အဲ့ဒီအတွက်လည်း အခုချိန်ထိ ကျမ အနေနဲ့ဆို ဖြေမဆည်နိုင်အောင် ရှိတယ်ပေါ့နော်။”

ဒီနှစ်အတွင်းမှာပဲ ကိုယ်တိုင်လည်း COVID-19 ရောဂါ ကူးစက်ခံရသလို၊ ကိုဗစ်ကြောင့် မိသားစု ဆွေမျိုးတချို့ ဆုံးပါးခဲ့ရပြီး အကျပ်အတည်း မျိုးစုံ ကြုံရတဲ့ နှစ်လို့လည်း မဖြူပြာဝင်းရည်က ပြောပါတယ်။

“ကျမ အဒေါ်ရော ဦးလေးရော ဆုံးတယ်။ အိမ်မှာ ကျမ မောင်လေးရော ယောက်မရော ကူးတယ်။ မောင်လေး ကိုလည်း အသက်လုပြီးတော့ ကိုဗစ်ကနေ ဆွဲထုတ်ခဲ့ရတယ်။ အဲ့ဒီလိုတွေနဲ့ ကျမတို့က အဘက်ဘက်က ပေါ့နော် ဒီတခေါက် ကိုဗစ်မှာ ကျမတို့ အရမ်း ဒုက္ခရောက်တယ်။ တက်စရာ ဆေးရုံလည်း မရှိဘူး။ ကုဖို့ ဆရာဝန်လည်း မရှိဘူး။ ပြောရမယ်ဆိုရင် ကျမတို့မှာ ဖေ့စ်ဘွတ်က ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုး တင်တဲ့ဟာလေးတွေ ကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို ဆေးကုခဲ့ရတယ်။ အဲ့လိုမျိုး အချိန်တွေပေါ့နော်။ ကျမတို့ မြန်မာနိုင်ငံက ပြည်သူတွေ အတွက်ကတော့ ဒီနှစ်က တအားကို ခက်ခဲပြီးတော့ စိတ်ဒုက္ခရောက် ရတဲ့ အဘက်ဘက်ကနေ ကျပ်ကျပ်တည်းတည်း နေထိုင်ရတဲ့ အခြေအနေတွေ ဖြစ်နေတာပေါ့နော်။”

အဆင့်မြင့် ပညာဦးစီးဌာနက လက်ထောက် ကတိကတဦးဖြစ်တဲ့ ဆရာမ နွေ အတွက်ရော ဒီနှစ် ဘာတွေ ထူးထူးခြားခြား ကြုံတွေ့ ဖြတ်သန်းခဲ့ရပါလဲ။

“ညီမတို့အတွက် ကတော့ အကောင်းထက် အဆိုးချည်းပဲပေါ့နော်။ ဘာလို့လဲ ဆိုတော့ စစ်အစိုးရ အာဏာသိမ်းလိုက်တဲ့ လက်အောက်မှာ နေ နေရတာကိုက ဘယ်ပြည်သူ အတွက်မှ မလုံခြုံဘူး။ စိတ်မချရဘူးပေါ့နော်။ ညီမတို့ ဆိုရင် စစ်အစိုးရကို လက်မခံဘူး ဆန့်ကျင်တယ်ဆိုပြီး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက်ကြောင့် အလုပ်ထုတ်ခံရတယ်။ အဲ့အတွက်ကြောင့် ကိုယ်က ကိုယ့်မိသားစုအတွက် အလုပ်မရှိတဲ့အခါကျတော့ တဘက်တလမ်းကနေ အဆင်ပြေအောင် တခြားနည်းလမ်းနဲ့ မိသားစု အဆင်ပြေအောင် ရုန်းကန်ရတာမျိုးပေါ့။ အဲ့လို လုပ်ရတာက အခက်အခဲ ရှိနေရတဲ့ကြားထဲမှာ ညီမတို့ဆို ပြီးခဲ့တဲ့ ကိုဗစ် တတိယလှိုင်းမှာဆိုရင် တအိမ်လုံး ကိုဗစ် ဖြစ်ကြတယ်။ အိမ်က အသက်ကြီးဆုံး လူကြီးတွေဆိုရင် အောက်စီဂျင် ကျတယ်။ အောက်စီဂျင် လိုတဲ့အထိ ဖြစ်တယ်။ အောက်စီဂျင် အပြင်မှာ ထွက်ရှာရတာမျိုးပေါ့နော်။ ခုနကပြောတဲ့ ကိုယ့်အိမ်မှာ အလုပ် မရှိနေတဲ့ အချိန်မျိုးမှာမှ အိမ်ကလူကြီးတွေရဲ့ ကျန်းမာရေး အခြေအနေကလည်း ဆိုးရွားလာတဲ့အခါကျတော့လေ ညီမတို့ဆို ရှိမယ့်စုမယ့် ငွေ ကုန်တယ်။ အောက်စီဂျင် ဆိုတာကလည်း အဲ့ဒီအချိန်တုန်းက ဆိုရင် တနေလုံးတန်းစီပြီး လူ ကိုယ်တိုင် သွားရှာရတာမျိုးပေါ့နော်။ ဆေးဆိုရင်လည်း ဆေးထိုးရမယ်ဆိုရင် ကိုယ်တိုင် ဆေးထွက်ရှာပြီး ထိုးရတာမျိုးပေါ့နော်။ ပြီးတော့ အမြဲတမ်း စိုးရိမ်တကြီးနဲ့ ကြောက်ကြာက်လန်လန့်နဲ့။ အခုဆိုရင် ဟိုနားမှာ ဗုံးပေါက်၊ ဒီနားမှာ ဗုံးပေါက် အဲ့ဒါမျိုးတွေနဲ့ပေါ့နော်။ အဲ့ဒီလိုမျိုးတွေဖြစ်ပြီ ဆိုရင် ကိုယ့်ဆီများ ဘယ်တော့များ လာပြီးတော့ ဒီရပ်ကွက်ထဲ ဘယ်တော့ လာသောင်းကျန်းမလဲ။ ဘာတွေများ လာလုပ်မလဲ ဆိုတဲ့ပူပန်ရတာမျိုး။ နောက်တခါ နိုင်ငံအတွက် ရုန်းကနေရတဲ့သူတွေလည်း ဘယ်သူတွေတော့ မိပြန်ပြီ။ ဘယ်သူတွေတော့ နှိပ်စက်ခံရပြီ။ အဲ့ဒီလို သတင်းတွေကလည်း ညီမတို့ကို အရမ်း စိတ်သောက ရောက်စေတယ်။ ဒီစစ်အစိုးရကို မကြိုက်တဲ့သူ အတူတူမှာတောင် ညီမတို့က ကိုယ့်အိမ်မှာကိုယ် အေးအေးဆေးဆေး နေလို့ ရနေသေးတယ်။ သူတို့တွေဆို တောထဲမှာ ဒုက္ခခံနေသူတွေ ရှိတယ်။ ထောင်ထဲမှာ ဒုက္ခခံနေရသူတွေ ရှိတယ်။ အဲ့လို လူတွေ ဆိုရင် ဘယ်လိုများ နေမလဲ ဆိုတဲ့၊ အဲ့ဒီလို မြင်ရ ကြားရတာတွေကလည်း စိတ်သောက ရောက်စေတယ်။ အဲ့ဒီတော့ ကိုယ့်မိသားစု အတွက် သောကရောက် ရတာရော၊ ကိုယ့် နိုင်ငံအတွက် သောက ရောက်ရတာရော ညီမတို့အတွက်တော့ တော်တော်ကို အဆင်မပြေတဲ့ နှစ် တနှစ်ပါပဲ။ ဒီ ၂၀၂၁ ခုနှစ်က။”

၂၀၂၂ ခုနှစ်မှာလည်း အခက်အခဲတွေ ဆက်ပြီး ရှိနေနိုင်သေးတယ် ဆိုတာကိုတော့ ဆရာမ နွေ က တွက်ထားပါတယ်။ ခုချိန်မှာ ကြံ့ကြံ့ခံပြီး ၂၀၂၂ ခုနှစ်မှာ အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ သူက ပြောပါတယ်။

“ဒီစစ်အစိုးရ နိုင်ငံကနေ ထွက်သွားပြီးတော့ ကျမတို့ရွေးချယ်တဲ့ အစိုးရ၊ ကိုယ်လိုချင်တဲ့ အစိုးရ။ အဲ့ဒီလိုမျိုး နိုင်ငံ ပြန်ဖြစ်လာစေချင်တယ်။ ညီမတို့လည်း ကိုယ့်အလုပ် ကိုယ်လုပ်ပြီးတော့ အရင်လို အေးအေးချမ်းချမ်း ကိုယ့်မိသားစုနဲ့ အေးအေးဆေးဆေး ပြန်ပြီးတော့ နေချင်တယ် အစ်မရယ်။ အဲ့ဒါကတော့ ညီမရဲ့ ၂၀၂၂ ခုနှစ်အတွက် ညီမ ဖြစ်စေချင်တဲ့ ဆန္ဒပေါ့။”

မဖြူပြာဝင်းရည် ကလည်း ဒီနှစ်ထဲ အဆိုးတွေထဲမှာပဲ ရလိုက်တဲ့ အကောင်းတွေ ရှိနေတာကို တွေးပြီး နှစ်သစ်အတွက် အကောင်းဆုံး မေ ျှာ်လင့်ထားတယ်လို့ ပြောပါတယ်။

“ဘာသာ မတူတဲ့သူတွေ ပိုပြီးတော့ စည်းလုံးလာတယ်။ ကျမတို့ တိုင်းရင်းသားတွေနဲ့ မြန်မာလူမျိုးတွေနဲ့ တသွေးတည်း တသားတည်း တောင်ပေါ်ရော မြေပြန့်ရော တသွေးတည်း တသားတည်း ဖြစ်ခဲ့ရတယ်။ အဲ့ဒါတွေ ကတော့ ၂၀၂၁ ခုနှစ်မှာ ကျမတို့ အမြတ်ထွက်ခဲ့တဲ့ ကိစ္စပဲပေါ့နော်။ အဆိုးထဲက အကောင်းလို့ပဲ ကျမ မြင်တယ်။ အဲ့ဒီတော့ ၂၀၂၂ မှာလည်း ဒီလိုမျိုး စည်းလုံးညီညွတ်မှုတွေ နဲ့ပဲ ရှေ့ဆက်ပြီး တိုက်ပွဲဝင်ရင်တော့ ကျမတို့ အောင်ပွဲကတော့ ရမယ်လို့ ကျမ ကတော့ မေ ျှာ်လင့်ပါတယ်။”

၂၀၂၁ ခုနှစ်ရဲ့ တဝက်တာ ကာလကို အကျဉ်းထောင်တွင်း ဖြတ်သန်းခဲ့ရတဲ့ မတူးတူးသာ ရဲ့ နှစ်သစ် မေ ျှာ်လင့်ချက် ကရော ဘယ်လိုများရှိပါလဲ။

“လာမယ့် ၂၀၂၂ မှာတော့ ဖြစ်စေချင်တာ ကတော့ ဒီ ဆိုးရွားမှုတွေ အားလုံး ရပ်တန့်ပြီးတော့ ကိုယ်လိုချင်တဲ့၊ ပြည်သူတွေ လိုချင်တဲ့ အစိုးရနဲ့ အတူတူ ဖြစ်နိုင်ရင် နှစ်သစ်ကို ကျော်ဖြတ်ချင်ပါတယ်။ ကောင်းမွန်တဲ့ အနာဂတ်နဲ့ သွားချင်တာပေါ့။ နောက်တခုက ဘာလဲ ဆိုတော့ အစ်မတို့ အပြင်ရောက်လာတယ်။ ရောက်လာပေမဲ့ အထဲမှာ ကျန်ခဲ့တဲ့ သူတွေ အများကြီး ကျန်ခဲ့တယ်။ သူတို့အတွက် အရမ်း စိတ်မကောင်း ဖြစ်တယ်။ သူတို့တွေကိုလည်း ဒီနှစ်သစ်မှာ လွတ်လပ်တဲ့ အရသာ၊ လွတ်လပ်တဲ့လေကို ရှုစေချင်တယ်။ အဲ့ဒီဟာကတော့ အစ်မရဲ့ အကြီးမားဆုံး ဆန္ဒ။ ဖြစ်စေချင်တဲ့အရာပေါ့။ အဲ့ဒီလို ဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့သူတွေ အကုန်လုံး လွတ်မြောက်ပြီး အားလုံး ပေ ျာ်ပျော်ရွှင်ရွှင်နဲ့ ပြည်သူတွေ အားလုံးကိုလည်း အဲ့ဒီ လွတ်လပ်တဲ့ အရသာကို ခံစားရစေချင်တယ်။ ကျီးလန့်စာ စားနေရတဲ့ ဘဝကနေ လွတ်မြောက်စေချင်တယ်။”

လူမှုအသိုင်းအဝိုင်းအတွင်း ကဏ္ဍအသီးသီးမှာ လှုပ်ရှား ရုန်းကန်နေကြတဲ့ အမျိုးသမီးတချို့ရဲ့ တနှစ်တာ ထူးခြားတဲ့ ဖြတ်သန်းမှုတွေနဲ့ နှစ်သစ် မျှော်မှန်းချက်တချို့ ကြားခဲ့ရတာပါ။ ရှေ့သီတင်းပတ်မှာလည်း ခုလိုပဲ မတူတဲ့ နယ်ပယ်တွေက အမျိုးသမီးတချို့ရဲ့ အသံတွေကို စုစည်း တင်ပြပေးပါမယ်။ အခုတော့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကိုတော့ ဒီမှာပဲ ရပ်နားခွင့် ပြုပါ။ မင်္ဂလာရှိတဲ့ ခရစ္စမတ် အခါသမယ ဖြစ်ကြပါစေ။ ကျမ ခင်ဖြူထွေးပါရှင်။
==================================
[Unicode]

















XS
SM
MD
LG