သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု


နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့ ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ အထိ ကိုလည်း အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွေ ကမ္ဘာတဝှမ်းမှာ ဆင်နွှဲနေကြပါတယ်။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

(Zawgyi/Unicode)
နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့ ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ အထိ ကိုလည်း အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွေ ကမ္ဘာတဝှမ်းမှာ ဆင်နွှဲကြပါတယ်။ ကိုဗစ် ကပ်ဘေး ကာလ အကန့်အသတ်တွေ ကြားမှာပဲ အမျိုးသမီးတွေရဲ့ ဘ၀ လုံခြုံရေးနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အတွက် အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ ဘာတွေ လှုပ်ရှား ဆောင်ရွက်နေကြပါလဲ။ မြန်မာနိုင်ငံက အမျိုးသမီးတွေရော ဘယ်လို ပါဝင် ဆင်နွှဲနေကြလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်စလို့ ကမ္ဘာ့နေရာအနှံ့ ကြုံလာရတဲ့ ကိုဗစ်ကပ်ဘေးကြောင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာ ဒီနှစ်အတွင်း ပိုမို ဆိုးရွားလာခဲ့ပြီး အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်နှုန်း ပုံစံတမျိုးမျိုးနဲ့ အကြမ်းဖက်ခံနေရတယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့ ဖဲကြိုးဖြူနေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုဗစ် ကပ်ဘေးနဲ့ နောက်ဆက်တွဲ ကြုံလာရတဲ့ လူမှု စီးပွား အကျပ်အတည်းတွေ အောက်မှာ အမျိုးသမီးတွေဟာ အိမ်တွင်းမှာရော အိမ်ပြင်မှာပါ လုံခြုံမှု ပိုမို ကင်းမဲ့လာနေပြီး စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ပိုပြီး ခံစားလာနေရတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ ဒီလို အခြေအနေတွေ အဆုံးသတ်နိုင်ဖို့ အတွက် ကမ္ဘာတဝှမ်းက အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေကလည်း ပုံစံ မျိုးစုံနဲ့လှုပ်ရှားနေကြတာပါ။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာ ဖဲကြိုးဖြူနေ့ ဆိုပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ကို ကုလသမဂ္ဂက သတ်မှတ်ထားသလို၊ ဒီလို နေ့မှာ ကမ္ဘာတဝှမ်းက အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေ စုဝေး ချီတက် ဆန္ဒပြကြပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၂၅ ရက်နေ့ ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ အထိ ကိုလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအဖြစ် ပုံစံမျိုးစုံနဲ့ အသိပညာပေး စည်းရုံး လှုံ့ဆော်တာတွေ၊ တောင်းဆိုဆန္ဒပြတာတွေ လှုပ်ရှား ဆောင်ရွက်ကြပါတယ်။

“ဒီကနေ့ ကျမတို့ ချီတက်ကြတာ ဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး နေ့ တခုတည်း အတွက် မဟုတ်ပါဘူး။ အနာဂတ် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းတဲ့ ဘဝတခု ရရှိလာစေဖို့အတွက် ဖြစ်သလို၊ ဒီမိုကရေစီ အခွင့်အရေးတွေ ပိုရလာဖို့အတွက် တိုက်ပွဲဝင်တာလည်း ဖြစ်ပါတယ်။”

ဒါကတော့ ချီလီနိုင်ငံမှာ ကျား-မ ခွဲခြား ဖိနှိပ်တဲ့ အကြမ်းဖက်မှု အဆုံးသတ်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ ချီလီ လွှတ်တော်အမတ်လည်း ဖြစ်၊ လူ့အခွင့်အရေး ရှေ့နေ တဦးလည်း ဖြစ်တဲ့ Lorena Fries ပြောသွားတာပါ။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တောင်းဆိုတဲ့ အနေနဲ့ နိုဝင်ဘာလ ၂၅ ရက် နေ့မှာ ချီလီ အမျိုးသမီးတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသလို၊ မက္ကဆီကိုနိုင်ငံမှာလည်း အမျိုးသမီးတွေ ထောင်သောင်းချီ စုဝေး ဆန္ဒပြကြပါတယ်။

ဒီအထဲမှာ မက္ကဆီကို နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးတပ်ဦး အဖွဲ့က Natalia Lococo လည်း ပါ ပါတယ်။
"ကလေးတွေကို အသုံးချပြီးတော့ အမျိုးသမီးတွေကို ထိခိုက်နာကျင်အောင် လုပ်နေတာတွေ၊ ဒါက အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု တမျိုး ဖြစ်တာမို့ ဒါတွေကို ရပ်တန့် နိုင်အောင် အထက်လွှတ်တော်မှာ ဥပဒေ ပြဌာန်းပေးဖို့ ကျမတို့ လွှတ်တော်ကို လာရောက် တောင်းဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ဒီနေရာမှာ ကျမတို့ လာရောက် စုဝေး ချီတက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။”

ဂရိနိုင်ငံ အေသင်မြို့မှာတော့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး အသိပညာပေး လှုပ်ရှားမှုတွေနဲ့အတူ အကြမ်းဖက်ခံရပြီး သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေ အတွက် အောက်မေ့ဘွယ် အထိမ်းအမှတ်တွေလည်း လုပ်ကြပါတယ်။

"ထူးထူးခြားခြား သရုပ်ဖော်ပြဇာတ် တခု ကျမတို့ လုပ်ပါတယ်။ ဒီသရုပ်ဖော်မှုအတွင်းမှာ အမျိုးသမီးဖြစ်လို့ အကြမ်းဖက် သတ်ဖြတ်ခံရသူတွေ ရဲ့ နာမည်တွေကို ကျမတို့ ဖတ်ကြားပါတယ်။ ၂၀၂၁ ခုနှစ် တခုတည်းမှာတင် ဒီလို အသတ်ခံရသူ ၁၃ ဦး ရှိပါတယ်။ သူတို့ရဲ့ နာမည်၊ အသက်၊ နေထိုင်ခဲ့တဲ့နေရာ တွေကို ကျမတို့ ဖတ်ကြားပါတယ်။ သူတို့ကို ကျမတို့ မေ့ မပစ်လိုက်ဘူး။ ကျမတို့နဲ့အတူ သူတို့ ဒီနေရာမှာ ရှိနေတယ်ဆိုတာ သိစေဖို့ပါ။ သူတို့ရဲ့ ခန္ဒာတွေ ကျမတို့နဲ့ ရှိမနေပေမဲ့လို့ ကျမတို့စိတ်ထဲမှာ သူတို့ အတူ ရှိနေပါတယ်။ အမျိုးသမီးတွေ ခုလို သတ်ဖြတ်ခံ နေရတာတွေ အဆုံး မသတ်မချင်း နှစ်စဉ်နှစ်တိုင်း ခုလို လုပ်သွားမှာပါ။”

ဂရိနိုင်ငံက အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ Alexia Tsouni ပြောသွားတာပါ။ အီတလီနိုင်ငံမှာတော့ ဒီနှစ်အတွင်း အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ အမျိုးသမီး ၁၀၀ ကျော်ရှိပြီး အကြမ်းဖက်ခံ ရလို့ တိုင်ကြား အကူအညီတောင်းလာတဲ့ အမျိုးသမီးတွေက နေ့စဉ် ပျမ်းမ ျှ ၉ ၀ နီးပါးလောက် ရှိတယ်လို့ "Non Una Di Meno" အမျိုးသမီးအဖွဲ့က Carlotta Cossutta က ပြောပါတယ်။

“ဒီတနှစ်တည်းမှာတင် အမျိုးသမီးတွေ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ် ၁၀၉ ခုရှိပါတယ်။ ဒါက ၇၂ နာရီမှာ တယောက်နှုန်းနဲ့ အထက် လောက်ကို ဖြစ်နေတာပါ။ နောက်ဆုံး အစီရင်ခံချက်တွေ အရ ကျားမ ကွဲပြားမှုကြောင့် အကြမ်းဖက်ခံရတဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပြီး တိုင်ကြားလာတဲ့ အမျိုးသမီးက နေ့စဉ် ပျမ်းမျှ ၈၉ ဦး ရှိပါတယ်။ နောက်က တကောက်ကောက်လိုက်ပြီး နှောင့်ယှက်တာမျိုး၊ အမျိုးသမီးတွေရဲ့ ပုဂ္ဂိုလ်ရေး အတွင်းကိစ္စတွေကို အွန်လိုင်းပေါ်မှာ တင်ပြီး အရှက်ခွဲတာ မျိုးတွေကနေ ရိုက်နှက် နှိပ်စက်တာ၊ အိမ်တွင်းမှာ၊ အလုပ်မှာ စော်ကား နှောက်ယှက်တာတွေ အထိ အကြမ်းဖက်မှုတွေက နေ့တိုင်း ရှိနေပါတယ်။ နေ့စဉ် အမျိုးသမီး ၈၉ ဦး ဒီလို ခံနေရတယ် ဆိုတာက တနှစ်အတွင်း အင်မတန် များပြားတဲ့ အရေအတွက်ပါ။ ဒါက လာတိုင်တဲ့ စာရင်းပဲ ရှိပါသေးတယ်။ ဒီလို မတိုင်ကြားတဲ့ အမျိုးသမီးတွေက အများကြီးပါ။ ကျမတို့အဖွဲ့တွေ အနေနဲ့လည်း အမျိုးသမီးတွေရဲ့ တိုင်ကြားချက်တိုင်းကို ကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ အနေအထား မရှိပါဘူး။”

ကမ္ဘာတဝှမ်း ကိုဗစ်ကပ်ဘေး ကြုံလာရချိန်က စလို့၊ အိမ်ထောင်စုတွေ မိသားစုတွေကြား ပဋိပက္ခတွေ ပိုဆိုးလာခဲ့ပြီး ကိုယ့်အိမ်တွင်းမှာကိုပဲ အမျိုးသမီးတွေ အတွက် လုံခြုံမှု ကင်းမဲ့လာသလို၊ ဒါက အမျိုးသမီး ၄ ယောက်မှာ ၁ ယောက်နှုန်း ကြုံတွေ့နေရတာ ဖြစ်တယ်လို့ နိုင်ငံပေါင်း ၁၃ နိုင်ငံက အမျိုးသမီးတွေရဲ့ အခြေအနေတွေကို လေ့လာ စစ်တမ်း ကောက်ယူထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာ တခုမှာ ဖော်ပြထားပါတယ်။ မိဘက သားသမီးကို ရိုက်တာ၊ အစ်ကိုက ညီမကို ရိုက်တာ၊ ယောက်ျားက မိန်းမကို ရိုက်နှက် နှိပ်စက်တာ တွေကို ပြစ်မှုလို့ မယူဆတဲ့ လူမှု အသိုင်းအဝိုင်းတွေ အများအပြား ရှိနေဆဲဖြစ်သလို၊ အဲ့ဒီလိုနေရာတွေမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တွေ့ရလေ့ ရှိပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကို အပြစ်ပေး အရေးယူမှု မရှိတာ၊ ကျူးလွန်သူတွေ အပြစ်က ကင်းလွတ်ခွင့် ရနေတာက အမျိုးသမီးတွေ အတွက် ပိုပြီး အကြမ်းဖက် ခံရစေတဲ့ အကြောင်းရင်းတခု ဖြစ်နေတယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို အခြေအနေတွေ ကျယ်ကျယ်ပြန့်ပြန် ရှိပြီး စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ပို ဆိုးလာတယ်လို့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ မခင်လေးက ပြောပါတယ်။

“ကျမတို့ မြန်မာနိုင်ငံ ကတော့ ဒီနှစ်မှာ ပိုဆိုးတာ ကတော့ စစ်တပ်က စစ်အာဏာ သိမ်းလိုက်တဲ့အခါ အမျိုးသမီးတွေအပေါ် တိုက်ရိုက် သက်ရောက်တဲ့ အကြမ်းဖက်မှုတွေ နည်းပေါင်းစုံနဲ့ ရှိတယ်။ ဒါ ကတော့ တက်ကြွ လှုပ်ရှားတဲ့သူတွေ၊ တော်လှန်ရေးမှာ တိုက်ရိုက် ပါဝင်နေတဲ့ ဆန္ဒပြတဲ့သူတွေ၊ ဒီလို အမျိုးသမီးတွေကို ပစ်သတ်တာမျိုး။ သူတို့ ဖမ်းဆီးခံရတဲ့ အခါမှာလည်း မဖွယ်မရာ ပြုကျင့်တာမျိုး။ အမျိုးသမီး ဖြစ်ခြင်းကြောင့် သို့မဟုတ်ရင် LGBT ပေါ့။ သူတို့ရဲ့ လိင်စိတ်ခံယူမှု ကွဲပြားခြင်းကြောင့် ဆိုပြီး ထူးထူးခြားခြား သူတို့ကို သီးခြားနည်းတွေနဲ့ ညှင်းပမ်း နှိပ်စက်တဲ့ဟာတွေ လည်း အများကြီး ရှိတယ်။

“ဒါ့အပြင် စစ်အာဏာသိမ်းပြီးတဲ့ နောက်ဆက်တွဲတွေကြောင့် ကျမတို့ လွတ်မြောက်နယ်မြေတွေကို ပြေးရတာရှိတယ်။ တောထဲမှာနေရတာ ရှိတယ်။ ပုန်းခိုနေရတာ ရှိတယ်။ ဒီလို အနေအထားမျိုး တွေမှာလည်း ကျမတို့အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့ မတူတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတယ်။ အဲ့ဒီအခါမှာလည်း ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကပဲ ဖြစ်စေ၊ အခြား သူစိမ်း တယောက်ကပဲ ဖြစ်စေ ထိကပါး ရိကပါးကိစ္စတွေ၊ အကြမ်းဖက်မှုတွေကိုလည်း ကြုံရတယ်။ ဆိုတော့ ဒီနှစ်ဟာ ကျမတို့ မြန်မာနိုင်ငံ အတွက်တော့ အတော်မှ စိတ်မကောင်းစရာ၊ ရင်ကွဲစရာ အကြမ်းဖက်မှုတွေ တွေကို ကြုံရတဲ့နှစ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ကျမတို့က "End Impunity. End War" ဆိုပြီးတော့ ကျမတို့ပြောကြတယ်။ ပစ်ဒဏ်ကင်းလွတ်ခွင့် ကနေ ပြီးတော့ လွတ်မြောက်မှု မရှိစေရဘူးပေါ့။ ဆိုတဲ့ဟာက အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေဟာ အရင်ကလည်း တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေကို မုဒိန်းကျင့်တာကို စစ်လက်နက်သဖွယ် အသုံးချတယ်။ ဒါ အရင်ကတည်းက ရှိခဲ့တယ်။ အခုကတော့ ကျမတို့ တနိုင်ငံလုံး အနေအထားနဲ့ကို ကျယ်ကျယ်ပြန့်ပြန့် ဒီစစ်အာဏာရှင်ရဲ့ အောက်မှာ ဖြစ်နေတယ်။ ဆိုတော့ ကျမတို့နောက်ထပ် နောက်ထပ်တွေမှာ အာဏာကြီးသူကပဲ ဖြစ်ဖြစ်၊ တဦးတယောက် အဖွဲ့အစည်းကပဲ ဖြစ်ဖြစ်။ စစ်တပ်မှ မဟုတ်ပါဘူး။ ဒီလိုမျိုး အမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်မှုတွေကို ပြစ်ဒဏ်မခံရဘဲ ကင်းလွတ်ပြီးတော့ လုပ်ချင်တိုင်း လုပ်ခွင့် မရအောင် ကျမတို့ ဒီနှစ်မှာ အဲ့ဒီလို ဆောင်ပုဒ်နဲ့ ကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဖဲကြိုးဖြူနေ့ နဲ့ ၁၆ ရက်တာ လှုပ်ရှားမှုတွေကို မခင်လေး အပါအဝင် မြန်မာနိုင်ငံက အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေ နှစ်စဉ် နှစ်တိုင်း တက်တက်ကြွကြွ ပါဝင် ဆင်နွှဲကြပေမဲ့ ဒီနှစ်မှာတော့ အာဏာသိမ်းမှုနောက်ပိုင်း ဖိနှိပ်မှုတွေကြောင့် ပြင်ပ လှုပ်ရှားမှုတွေ အရင်လောက် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူးလို့ မခင်လေး က ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကန့်အသတ်တွေ ကြားမှာပဲ လှုပ်ရှားမှုတွေ ဆက်ရှိနေပြီး ရောက်တဲ့နေရာမှာ ရတဲ့နည်းနဲ့တော့ အားလုံးက ဆက်လက် လှုပ်ရှားနေကြဆဲ ဖြစ်တယ်လို့ မခင်လေးက ပြောပါတယ်။

“တကယ်တော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပဲဖြစ်ဖြစ်၊ လူသား တဦးနဲ့တဦးအပေါ် အကြမ်းဖက်မှုပဲ ဖြစ်ဖြစ် နေ့စဉ်နေ့တိုင်း မလုပ်မိဖို့ လိုပါတယ်။ နေ့စဉ် နေ့တိုင်းမှာပဲ အားကြီးသူက အားနည်းသူကို အကြမ်းမဖက်ဖို့၊ မေတ္တာနဲ့ စာနာစိတ်နဲ့ ဆက်ဆံဖို့၊ ငြိမ်းချမ်းဖို့ အရေးကြီးတယ်။ ဒါပေမဲ့ တနှစ်ပတ်လုံး ၃၆၅ ရက်မှာ လူတွေက ဒါကို အာရုံ ထားနိုင်ချင်မှ ထားနိုင်မယ်။ သူတို့ရဲ့ နေ့တဓူ၀ ကိစ္စတွေ၊ စားဝတ်နေရေးတွေ တခြား အရေးကြီးတဲ့ ကိစ္စတွေ ရှိနေတဲ့အခါ ကျတော့ - ဒီ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်အတွင်းကို ၁၆ ရက် လှုပ်ရှားမှုအဖြစ် သတ်မှတ်လိုက်တဲ့အတွက် အားလုံးရဲ့ အာရုံ စူးစိုက်မှုကိုလည်း ရမယ်။ ဆောင်ရွက်ရတာ ကလည်း ၁၆ ရက်တာ ဖြစ်တဲ့အတွက် ဆောင်ရွက်ရတဲ့ သူတွေ အတွက်လည်း သိပ် အပမ်းမကြီးဘူး။ ဒီ ၁၆ ရက်အတွင်းမှာမှ အားလုံးရဲ့ အာရုံ စူးစိုက်မှုနဲ့ သတိထားမှုကို ရရှိအောင် တွန်းထိုးပြီးတော့ လှုပ်ရှားမှုတွေ လုပ်တယ်။ နောက်တခါ မူဝါဒ ချတဲ့သူတွေ၊ ဥပဒေပြုတဲ့သူတွေကို ဒီကာလ အတွင်းမှာ လှုံ့ဆော်မှုတွေ လုပ်တယ်။ တိုက်တွန်းမှုတွေ လုပ်တယ်။ အသိပညာပေးမှုတွေ လုပ်တဲ့အခါ ကျတော့ ပိုပြီးတော့ လူတွေရဲ့ စိတ်ထဲမှာ - သြော် ဟုတ်လား။ ဒါက ဒီလို ရှိပါလား ဆိုတဲ့ဟာမျိုး သူတို့စိတ်ထဲမှာ ကွက်ခနဲ ကွက်ခနဲ ဝင်သွားအောင် လုပ်ဆောင်တဲ့ အနေနဲ့ ၁၆ ရက် သတ်မှတ်ပြီးတော့ လုပ်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျမတို့က နေ့စဉ်နဲ့အမ ျှ အမျိုးသမီးတွေ အပေါ်ပဲ ဖြစ်ဖြစ် အားနွဲ့သူတွေ အပေါ်မှာ အကြမ်းမဖက်ဖို့ ကတော့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ ကိစ္စတော့ ဖြစ်ပါတယ်။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာ ဒီကနေ့ ကမ္ဘာကြီးမှာ ကြုံနေရတဲ့ ပဋိပက္ခတွေ၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုနဲ့ သဘာ၀ ကပ်ဘေးအန္တရာယ် ကျရောက်မှုတွေ၊ ငတ်မွတ်ခေါင်းပါးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေနဲ့အတူ တွဲလျက် ပိုပြီး ကြုံလာနေရတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာ တခုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အမျိုးသမီးရေးရာ အကြီးအကဲ Sima Bahous က လည်း ပြောပါတယ်။ ဒါတွေကို အဆုံးသတ်နိုင်ဖို့ အတွက်မှာတော့ အမျိုးသား အမျိုးသမီး လူကြီး လူငယ် အားလုံးက ပူးပေါင်း ပါဝင် ကြိုးပမ်း ရမှာဖြစ်ပြီး အချိန်မဆွဲဘဲ အမြန်ဆုံး အလေးထား ကိုင်တွယ် ရမှာဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားပါရစေ။ ကျမ ခင်ဖြူထွေးပါရှင်။
=======================
[Unicode]
အမြိုးသမီးတှအေပေါျ အကွမျးဖကျမှု ပပြောကျရေး လှုပျရှားမှု (အမြိုးသမီးကဏ်ဍ)

















XS
SM
MD
LG