သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့ စီမံကိန်းတွေမှာ ပူးပေါင်းပါဝင်ခြင်း မပြုဖို့ ချင်း CJDC ကြေညာ


မတူပီမှ မင်းတပ်ဖက်သို့ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်း (Photo: CDF Mindat )
မတူပီမှ မင်းတပ်ဖက်သို့ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်း (Photo: CDF Mindat )

[[ ZAWGYI / UNICODE ]]

စစ်ကောင်စီရဲ့ စီမံကိန်းတွေမှာ ပူးပေါင်းပါဝင်ခြင်း မပြုဖို့ ချင်း CJDC ကြေညာ

ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စီမံကိန်းလုပ်ငန်းတွေမှာ တင်ဒါလျှောက်ခြင်းနဲ့ လုပ်ငန်းဆောင်တာ မလုပ်ဖို့ ချင်းဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကော်မတီ Chinland Joint Defense Committee(CJDC)ကနေ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဘာကြောင့် ပိတ်ပင်ရတဲ့အကြောင်းအရင်းကို မသိရသေးပေမဲ့ စစ်အစိုးရရဲ့ လုပ်ငန်းဆောင်တာ ယန္တရားလည်ပတ်မှုကို ရပ်တန့်စေဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး ၊ ထိရောက်မှု အားနည်းတယ်လို့ ချင်းနိုင်ငံရေးလေ့လာသူတွေကဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဇော်မိုးကျော်က ပြောပြထားပါတယ်။

ချင်းအမျိုးသားတပ်ပါင်းစုအဖွဲ့ဖြစ်တဲ့ ချင်းဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကော်မတီ Chinland Joint Defense Committee (CJDC)ကနေ ချင်းပြည်နယ်တခုလုံးမှာ တင်ဒါလျှောက်ခြင်းနဲ့ လုပ်ငန်းဆောင်ရွက်ခြင်းကို လုံးဝ ပိတ်ပင်တားမြစ်ကြောင်း ဧပြီ(၁၂)ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

CJDC ရဲ့တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဧပြီလ ၇ ရက်ကနေ ၁၂ ရက်အထိ CJDC ရုံးချုပ် ဝိတိုရိယ စခန်းမှာ ကျင်းပပြုလုပ် ခဲ့အပြီး အခုလို ထုတ်ပြန်ထားတာပါ။

(CJDC)ဖက်က ထုတ်ပြန်ပိတ်ပင်ပေမဲ့ တင်ဒါလျှောက်တာနဲ့ လုပ်ငန်းဆောင်ရွက်နေတာ ရှိနေဆဲ အခြေအနေကြောင့် သက်ရောက်မှု မရှိဘူးလို့ ချင်းအရေးလေ့လာသူ ကိုထောင်ရ်က ပြောပါတယ်။

“ သူတို့ ထုတ်ပြန်ချက်ထဲမှာတော့ သူတို့ တင်ဒါလုပ်ငန်းတွေ စစ်အစိုးရ လက်အောက်မှာ တင်ဒါလုပ်ငန်းတွေ မလျှောက်ဖို့၊ မလုပ်ဖို့ ဆိုတဲ့ ဟာမျိုးကို သူတို့ လုပ်ထားတယ်နော်။ ဆိုတော့ အဲဒီလို လုပ်ခြင်းအားဖြင့် ဘာအကျိုးရှိမလဲပေါ့နော်။ တဖက်မှာတော့ အဲဒီလို ထုတ်ပြန်ပေမဲ့လည်း လုပ်နေတဲ့လူကလည်း လုပ်နေကြတာပဲလေ။ တကယ်တော့ ချင်းပြည်နယ်မှာ စီမံကိန်းတွေက အများကြီးပဲလေ။ တကယ်လို့ အဲတာမလုပ်ရင်လဲ ဒီစစ်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူက လျှောက်မှာပဲ။ ဆိုတော့ အဲဒီလိုမျိုး ထုတ်ပြန်ချက်တွေထုတ်တာကတော့ ထိရောက်မှု ရှိမယ်လို့ ကျနော်တော့ သိပ်မထင်ဘူး။ ”

ချင်းပြည်နယ်ဟာ ကျန် တိုင်းနဲ့ပြည်နယ် အားလုံးနဲ့စာရင် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုး စစ်ကောင်စီရဲ့စီမံကိန်းလုပ်ငန်း လုပ်ဆောင်မှုကို ပိတ်ပင်တဲ့အပေါ် ယခင် NLD အစိုးရလက်ထက်က ချင်းပြည်နယ်ရဲ့ လူမှုရေးဝန်ကြီးဟောင်း ဦးပေါင်လွန်မင်းထန်က အခုလိုပြောပါတယ်။

“ အခုက ဒီဟာ မလုပ်တော့ဘူးဆိုရင် နိုင်ငံရေးကိုပဲ အဓိက အားစိုက်ပြီး လုပ်မယ်ဆိုရင်တော့ တမျိုးပေါ့။ ကျနော် ဖြစ်စေချင်တာကတော့ ဖွံ့ဖြိုးရေးကတော့ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ်ပေါ့။ ဒါပေမဲ့ ဖွံ့ဖြိုးရေးလည်း မလုပ်ဘူး။ နိုင်ငံရေးပဲ ဆက်လုပ်မယ်ဆိုရင်။ ဖြစ်နိုင်ရင်တော့ နှစ်ခု လုပ်သွားရင်ကောင်းတယ်ပေါ့။ ဖွံ့ဖြိုးရေးက ဒီလိုတန့်နေမယ်ဆိုရင် နောက်ထပ် ဘယ်တော့ငြိမ်းချမ်းမလဲ အဲတာကတော့ ခန့်မှန်းလို့ မရဘူးပေါ့နော်။ ”

ယခင် အစိုးရလက်ထက်မှာ ချင်းပြည်နယ်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းတွေ ရှိခဲ့ပေမယ့် မနှစ်ကေ ဖဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ဖို့ ရပ်တန့်သွားတယ်လို့ ဦးပေါင်လွန်မင်းထန်က ခုလို ဆက်ပြောပါတယ်။

“ အမှန်က အစိုးရက သက်တန်းကုန်ဆုံးပြီးမှ နောက်တနှစ်စာအမြဲတမ်း ပြည်နယ်အစိုးရရဲ့အလုပ်ကို စီမံချက်ကို အကောင်အထည်ဖော်တာရှိတယ်။ အခုလည်းပဲ ကျနော်တို့က နှစ်လပဲလိုတော့ အဲဒီနှစ်အတွင်းမှာ ကျနော်တို့ နောက်တနှစ် (၂၀၂၀-၂၁-၂၂) အထိ လျာထားပြီးသား။ ဖေဖော်ဝါရီရဲ့အစမှာ အထိန်းချုပ်ခံရတဲ့ အခါကျတော့ ဒါပေမဲ့ စီမံကိန်းက သူဟာနဲ့သူ တောက်လျှောက်သွားတာ များပါတယ်။ ကျနော်တို့ အဲဒီ ဖွံ့ဖြိုးရေးလမ်း မနီးသေးတဲ့ ကျနော်တို့ ချင်းပြည်နယ်မှာ လမ်းပန်းကိစ္စတွေမှာ ကျနော်တို့ တတ်နိုင်သလောက် နိုင်ငံတော်ဘတ်ဂျက် အများဆုံးသုံးပြီးတော့ သန်းပေါင်း တသိန်းကျော်ကျော်ပေါ့နော် .. တသိန်းခွဲလောက်ရှိတယ် သုံးနေပါတယ်။ ”

ယခင် အစိုးရလက်ထက်က သွားလာရေး ခက်ခဲတဲ့ ချင်းပြည်နယ်ရဲ့လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းမှာ ဘတ်ဂျက်အများဆုံး သုံးခဲ့ပြီး ပညာရေး ကျန်းမာရေး ကိစ္စတွေမှာလည်း အလေးပေးဆောင်ရွက်ခဲ့တယ်လို့ သူကပြောပါတယ်။

ချင်းပြည်နယ်တခုလုံး အစိုးရစီမံကိန်းလုပ်ငန်းတွေမှာ တင်ဒါလျှောက်ခြင်းနဲ့ လုပ်ငန်းဆောင်ရွက်ခြင်းတွေကို ပိတ်ပင် တားမြစ်ရတဲ့အကြောင်း မေးမြန်းဖို့ CJDC တာဝန်ရှိသူကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးထဲ ရှိနေကြောင်းသာ ဖြေဆိုခဲ့ပါတယ်။ CJDC က အခုလို တည်ဆောက်ရေးလုပ်ငန်း ပိတ်ပင်ရတဲ့အေကြောင်းကိုတော့ ချင်းအရေးလေ့လာသူ ကိုထောင်ရ်က ခုလို သုံးသပ်ပါတယ်။

“ အဓိက သူတို့ ထုတ်ပြန်တဲ့ ရည်ရွယ်ချက်ကတော့ ကျနော် နားလည်သလောက်ဆိုရင် စစ်အစိုးရနဲ့ သူတို့ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့။ စစ်အစိုးရကို ဆက်လက်ဆန့်ကျင်ဖို့ ဆိုတဲ့ဟာ ဒီလို ရည်ရွယ်ချက်ဖြစ်ဖို့ များတယ်။ စစ်အစိုးရရဲ့ လုပ်ငန်းဆောင်တာ ယန္တရားလည်ပတ်မှုကို ရပ်တန့်စေဖို့အတွက် အဲဒီလိုမျိုး ထုတ်ပြန်တာဖြစ်နိုင်တယ်ပေါ့နော်။ ”

CJDC ဟာ ချင်းအမျိုးသားတည်ဆောက်ရေး လုပ်ငန်းစဉ်နဲ့ ချင်းပြည်ထောင် တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်နေပြီး ချင်းပြည် တည်ဆောက်ရေးအတွက် အနှောက်အယှက်၊ အဟန့်အတား ဖြစ်စေတဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို အမျိုးသားရေး တာဝန်အရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CJDC အဖွဲ့မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ပလက်ဝ CDF ၊ ကန်ပက်လက် CDF ၊ မင်းတပ် CDF ၊ ဟားခါး ထန်တလန် CDF, CDF Zotung, CDF Lautu, CDF Zophei Zoland, CDF Tonzang, CDF(CDM) Syin အစရှိတဲ့ အဖွဲ့တွေ ပါဝင်နေပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွါးနေတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = = = = = =

{{ UNICODE }}
















XS
SM
MD
LG