သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်း ပစ်ခတ်မှုကြောင့် ကလေးငယ် (၁၁)ဦး သေဆုံးရမှု စစ်ကောင်စီငြင်းဆန်


 လေကြောင်း တိုက်ခိုက်မှုအပြီး မြင်ရသည့် လက်ယက်ကုန်းရွာ စာသင်ကျောင်းတခု။ (Photo: Citizen Journalist)
လေကြောင်း တိုက်ခိုက်မှုအပြီး မြင်ရသည့် လက်ယက်ကုန်းရွာ စာသင်ကျောင်းတခု။ (Photo: Citizen Journalist)

[[ ZAWGYI / UNICODE ]]

လေကြောင်း ပစ်ခတ်မှုကြောင့် ကလေးငယ် (၁၁)ဦး သေဆုံးရမှု စစ်ကောင်စီငြင်းဆန်

စစ်ကိုင်းတိုင်း လက်ယက်ကုန်း ကျေးရွာက စာသင်ကျောင်းအပေါ် လေကြောင်းပစ်ခတ်မှုမှာ ကလေးငယ် ၁၁ ဦး သေဆုံးတယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီဘက်က ပြောပါတယ်။ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုမှာ ကလေးငယ် ၁၁ ဦးအပါအဝင်၊ လူ ၁၃ ဦးသေဆုံးခဲ့တဲ့အကြာင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

ကလေးငယ်များကူညီစောင့်ရှောက်ရေး UNIEF အဖွဲ့အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းက ကလေးငယ် ၁၁ ယောက် သေဆုံးခဲ့ရတဲ့အပေါ် စစ်တပ်ရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချနေပါတယ်။ စစ်ကောင်စီကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေဟာ မှားယွင်းနေပြီး ကလေးငယ် ၁၁ ယောက်သေဆုံးတယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA မြန်မာပိုင်းကို ပြောပေမဲ့ ကလေးငယ် သေဆုံးတဲ့ အရေအတွက် အတိအကျကိုတော့ ပြောကြားခြင်း မရှိပါဘူး။

"မြေပြင် အခြေအနေမှန်တွေကို မစုံစမ်းပဲနဲ့ သတင်းထုတ်ပြန်ခဲ့တာတွေ ရှိတယ်။ နိုင်ငံတော်အစိုးရနဲ့ တရားဝင် ဆက်နွှယ် ဆက်စပ်နေတဲ့ ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေကို မေးမြန်းတာတို့ စုံစမ်းတာတို့ လုပ်ပြီးမှ ထုတ်ပြန်သင့်တယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။ "

KIO နဲ့ PDF အဖွဲ့တွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချခဲ့တာကြောင့် တိုက်ခိုက်မှုအတွင်း အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ကလေးငယ်တွေ စာသင်နေချိန် လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ် ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အဲဒီဒေသမှာ ရှိနေသူတွေက VOA နဲ့ အစောပိုင်းမေးမြန်းချက်တွေမှာ ပြောကြားထားပါတယ်။ ဒီတိုက်ခိုက်မှုဟာ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုအဖြစ် လူ့အခွင့်အရေးအဖွဲ့တွေဘက်က ရှုတ်ချပြောဆိုနေကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံရမယ်လို့ ပြောဆိုထားပြီး၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ အပေါ် တိုက်ခိုက်မှုတွေဟာ ဆိုရင် နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချထားတဲ့ လက်နက်ကိုင် ပဋိပက္ခ ကာလတွင်း ကလေးငယ်တွေ အပေါ် ဆိုးဆိုးရွားရွား အကြမ်းဖက်မှု ၆ ခုထဲက တခုနဲ့လည်း ကိုက်ညီနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စား ပြောခွင့်ရ Stéphane Dujarric ရဲ့ အင်္ဂါနေ့ထုတ် ကြေညာချက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}









XS
SM
MD
LG