သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူမှာ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ photo: C J
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ photo: C J

[[ ZAWGYI / UNICODE ]]

ကန့်ဘလူမှာ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကနား ကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင်တွေ ပုန်းရှောင်နေတဲ့ တောထဲကို မြန်မာစစ်တပ်က ရောက်လာတဲ့အတွက် ရွာသားတွေ နောက်ထပ် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ စစ်တပ်နဲ့ ဒေသခံ PDF တပ်ဖွဲ့တွေ အပြန်အလှန် တိုက်ခိုက်ကြပြီး စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျလို့ ကလေးငယ် တဦးအပါအဝင် အရပ်သားတချို့ ထိခိုက်သေဆုံး ခဲ့တဲ့အကြောင်း ဒေသခံရွာသားတွေက ပြောပါတယ်။ ကန့်ဘလူ မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေနဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင် ပြောပြပါမယ်။

မြန်မာစစ်တပ်က စစ်အင်အား ရာချီသုံးပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတဲ့ ကန့်ဘလူမြို့နယ်အတွင်း ဇီးကနား ကျေးရွာအုပ်စုက နှောကုန်း ကျေးရွာ စစ်ကြောင်း ကြာသပတေးနေ့မနက် ၆ နာရီလောက် စစ်ဘေးရှောင်တွေ နေနေတဲ့တောင်ထဲက တဲတွေနားကို ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ ဒေသခံ PDF တပ်ဖွဲ့တွေ ခတ္တ တိုက်ပွဲဖြစ်ပွားပြီး မြန်မာစစ်တပ်ဖက်က ကိုးတောင်ဘို့ အထိုင်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၃ ဦး လက်နက်ကြီး ထိမှန်ပြီး ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပြပါတယ်။

“အခုလောလောဆယ် ကျွန်တော်တို့ ဒီမှာ ကိုးထောင်ဘို့အထိုင်က နေပြိးတော့မှ ဇီးကနားနဲ့ လျော်ဖြူကုန်းကို (လက်နက်ကြီး) လှမ်းထုနေပါတယ်ဗျ။ ကျွန်တော်တို့ ဒီမှာ လက်နက်ကြီးနဲ့ ပစ်တာ ကျွန်တော်တို့ ဇီးကနားက ကျေးရွာက ပြည်သူ ၃ ယောက်၊ ကလေးတစ်ယောက် လူကြီး ၂ ယောက် ထိသွားပါတယ်ဗျ။ လက်နက်ကြီးကျတာက အခု ခလေးတစ်ယောက် ဆုံးသွားပြီဗျ။”

ထိခိုက် ဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက် မရသေးသလို စစ်ကောင်စီဘက်ကလည်း ကန့်ဘလူမြို့နယ်တွင်း တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

လောလောဆယ်တော့ စစ်တပ်က ကိုးထောင်ဘို့ရွာက သူတို့ရဲ့ အထိုင်တပ်စခန်းကို ပြန်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ခုလို နယ်မြေရှင်းလင်းရေးလာတဲ့ စစ်တပ်ဘက်က ဒေသခံရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ပြည်သူတွေ ၆ ဦးပါသွားတယ်ဗျ။ သူတို့က ကျွန်တော်တို့ စစ်ဘေးရှောင်နေတဲ့ စခန်းဖက်မှာ ဝင် တိုက်တာတွေ ဆိုတော့ အဲ့ဖက်ကနေ ဖမ်းသွားတာတွေပါဗျ။”

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ ဒေသခံ PDF အဖွဲ့တွေနဲ့ တိုက်ပွဲတွေအကြား ဒေသခံ ကျေးရွာသူ ကျေးရွာသားတွေ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ထွက်ပြေးနေကြရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ နေရာက တောတွေထဲအထိ စစ်ကြောင်းတွေ ဝင်လာတာကြောင့် နေထိုင်ရပ်တည်ရေး အခက်တွေ့နေရတဲ့အကြောင်း စစ်ရှောင် အမျိုးသမီးတဦးက ပြောပါတယ်။

“ပြည်သူတွေမှာ နေစရာလည်းမရှိ ထိုင်စရာလည်းမရှိ၊ ပြေးစရာလည်း လမ်းမရှိပါဘူး။ ပြီးတော့လည်း ပြေးခဲ့ရ လွှားခဲ့ရတဲ့ အချိန်မှာ အမှတ်တမဲ့ကြီး ရွာတွေကို ပစ်ပြီးတော့မှ ဝင်တဲ့အခါကျတော့ ခါးနေအဝတ်နဲ့ပဲ ပြေးခဲ့ရတယ် ကျုပ်တို့မှာ။ ကျုပ်တို့မှာ ဒီမယ် အဝတ်အစား ဆိုလည်း မျှတပြီး ရေလဲကစလို့ အကုန်လုံး။ စောင်ဆိုလို့ရှိရင်လည်း ချမ်းကချမ်းနဲ့ ချမ်းရတဲ့အထဲ လွှာချင်းလေးတွေ တစ်ထည်စီ ငှခြုံ၊ နှစ်ထည်စီ ငှခြုံလေးတွေနဲ့ ခေါင်းအုံးဆိုတာတော့ ပြောမနေတော့ပါနဲ့ စောင်တောင်မှ လောက်လောက်ငှငှ မရှိရှာပါဘူး ကျုပ်တို့ဘဝတွေမှာ။”

ဆောင်းရာသီကို ရောက်လာပြီ ဖြစ်တာကြောင့် တောထဲက စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် နေထိုင်စရာနဲ့ အဝတ်အစား၊ စောင် စတာတွေ အရေးပေါ် လိုအပ်နေသလို ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင် အရေအတွက်ကလည်း ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပြီး နယ်မြေရှင်းလင်းရေး တိုးလုပ် လာနေသလို အပြန်အလှန် ပစ်ခတ်တဲ့ သတင်းတွေနဲ့ စစ်တပ်က လက်နက်ကြီးတွေသုံး တိုက်ခိုက်တဲ့သတင်းတွေ မကြာခန ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}













XS
SM
MD
LG