သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝန်ပြီးဆုံးသွားတဲ့ ကန် သံအမတ်ကြီးရဲ့ သတင်းစကား


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas L. Vajda သောမတ်စ်အယ်လ် ဗိုက်ဒါ ( Photo courtesy : U.S Embassy Rangoon Facebook)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas L. Vajda သောမတ်စ်အယ်လ် ဗိုက်ဒါ ( Photo courtesy : U.S Embassy Rangoon Facebook)

[[ ZAWGYI ]]

တာဝန်ပြီးဆုံးသွားတဲ့ ကန် သံအမတ်ကြီးရဲ့ သတင်းစကား

မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်မှုပြီးဆုံးပြီဖြစ်သည့် အမေရိကန် သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါမှ မြန်မာပြည်သူများထံသို့ သတင်းစကား ပါးလိုက်တာ ဖြစ်ပါတယ်။

" ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတာကို တကယ်ပဲ ဂုဏ်ယူမိပါတယ်။ အရင်တစ်ခေါက်က မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်မှာရှိနေတုန်း တာဝန်ထမ်းဆောင်ခဲ့ပြီးတော့မှ မိသားစုနဲ့အတူ သံအမတ်အဖြစ် ပြန်ရောက်လာခဲ့ပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ၂၀၂၁ ဇန်နဝါရီ ၁၉မှာ ကျွန်တော့်ရဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်နိုင်ခဲ့တာဟာ ဆုလာဘ်ကြီးတစ်ခုပါပဲ။"

"အဲ့ဒါပြီးတော့ သိပ်မကြာပါဘူး၊ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အကြမ်းဖက်မှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုလမ်းစဉ်ကို စတင်ခဲ့တာ ဒီနေ့အထိပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာအတွင်းမှာ မြန်မာနိုင်ငံက ထူးထူးခြားခြား အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာတွေလည်း ဆိတ်သုဉ်း ပျောက်ကွယ်ခဲ့ရပါတယ်။"

" ဒီလိုအခြေအနေတွေက လူတိုင်းအတွက် ခက်ခဲတဲ့ အချိန်အခါပါပဲ။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ သူရသတ္တိ၊ ခံနိုင်ရည်ရှိမှုနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုတွေကတော့ တကယ်ကို လေးစားအတုယူဖွယ်ရာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက ပြည်သူတွေဟာ အသက်မွေးမှု၊ ပညာရေး၊ လွတ်လပ်ခွင့်တွေနဲ့ အများကောင်းစားရေးအတွက် သူတို့အသက်တွေကိုတောင် စတေးကြရတာတွေကို ကျွန်တော် မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရပါတယ်။ ဒီလို ကြိုးပမ်းအားထုတ်မှုတွေဟာ နောက်ဆုံးမှာ ထိုက်တန်တဲ့ ဆုလာဘ်ကိုရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြီးတော့ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ခွင့်ရလို့လည်း အလွန်ကျေးဇူးတင်ပြီး ဂုဏ်ယူမိပါတယ်။"

" ခုလို ကျွန်တော်ထွက်ခွာသွားသည့်တိုင် အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ မိမိတို့အနာဂတ်ကို မိမိတို့ ဆုံးဖြတ်နိုင်ခွင့်တွေကို လိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဌာန်ချထားဆဲဖြစ်ကြောင်း ထပ်လောင်းအတည်ပြုချင်ပါတယ်။" လို့ သံအမတ်ကြီး ဗိုက်ဒါက ပြောခဲ့တာပါ။

" အာဏာရှင်အဖွဲ့အစည်းအပေါ် သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးဖို့၊ ယခင်က၎င်းတို့ ကျူးလွန်ခဲ့တာတွေနဲ့ ဆက်လက်ပြီး ကျူးလွန်နေတဲ့ နှိပ်စက်ကလူပြုမှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့၊ အကူအညီလိုအပ်နေတဲ့ လူသန်းပေါင်းများစွာဆီကို အကူအညီတွေ ပေးအပ်နိုင်ဖို့နဲ့ ကိုယ့်အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေပိုင်ပိုင်နိုင်နိုင်ရရှိနိုင်ဖို့ ကြိုးစားအားထုတ်နေကြတဲ့ သင်တို့ကို အားပေးထောက်ခံသွားဖို့တွေအတွက် ကျွန်တော်တို့ဟာ နိုင်ငံတကာက မိတ်ဖက်တွေနဲ့အတူ ဆက်လက် ဆောင်ရွက်သွားပါမယ်။" လို့လည်း သူက ကတိပြုပါတယ်။ သူက ခုလို ဆက်ပြောပါတယ်။

“တရားမျှတမှုဆီရောက်ဖို့ အချိန်ကြာမြင့်တတ်ပေမယ့် စကြဝဠာကြီးက တရားမျှတမှုဆီကိုပဲ ဦးတည်ရွေ့လျားနေပါတယ်” လို့ မာတင်လူသာကင်းဂျူနီယာက ပြောခဲ့ဖူးပါတယ်။ အချိန်တွေတော့ ပိုကြာကောင်း ကြာပါလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်သူတွေဟာ နောက်ဆုံးမှာတော့ မိမိတို့ရဲ့မွေးရာပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အသေအချာ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါဟာ သင်တို့ အမှန်တကယ်တောင်းဆိုနေတာဖြစ်ပြီး သင်တို့နဲ့ ထိုက်တန်တဲ့အရာလည်း ဖြစ်ပါတယ်။"

" ထူးခြားပြောင်မြောက်တဲ့ လူပုဂ္ဂိုလ်ပေါင်းများစွာနဲ့ အတူတကွ ယှဉ်တွဲအလုပ်လုပ်ခွင့်ရခဲ့တာ၊ မြန်မာပြည်သူတွေနဲ့ သူတို့ ရှာဖွေနေတဲ့ တရားမျှတမှုအတွက် ထောက်ခံအားပေးခဲ့ရတာတွေအတွက် တကယ်ဂုဏ်ယူရပါတယ်။ သင်တို့အားလုံးအတွက် ကျွန်တော်က ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါတယ်။"... လို့ အမေရိကန် သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါက မြန်မာပြည်သူတွေ အတွက် ဆုတောင်းထားတာ တွေ့ရပါတယ်။

for web US Ambss.mp3
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

{{ UNICODE }}










XS
SM
MD
LG