သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ရွေးကောက်ပွဲ ကန်အသိအမှတ်ပြုမည်မဟုတ် (ကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ) 


ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ မြန်မာပိုင်း)နှင့် အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလေး(Derek Chollet) တို့ကို ဗွီအိုအေမြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခန်းအတွင်း အတူတွေ့ရစဉ်
ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ မြန်မာပိုင်း)နှင့် အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလေး(Derek Chollet) တို့ကို ဗွီအိုအေမြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခန်းအတွင်း အတူတွေ့ရစဉ်

စစ်ကောင်စီ ရွေးကောက်ပွဲ ကန်အသိအမှတ်ပြုမည်မဟုတ် (ကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ)

{{Zawgyi/Unicode}}

သတင်းလွတ်လပ်ခွင့်မရှိတဲ့ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ အတိုက်အခံတွေကို အကျဉ်းချထားပြီး အာဏာသိမ်းစစ်တပ်က ကျင်းပဖို့စဉ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်တဲ့အတွက် အမေရိကန်က အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတဲ့ ရပ်တည်ချက်ကို အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်လောင်း ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ကို ရုရှားနိုင်ငံက ထောက်ခံအားပေးတာတွေ တိုးလုပ်လာရင် အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေအပေါ် ကူညီနေတဲ့ ကြိုးပမ်းမှုကို နှစ်ဆတိုးအားပေးသွားလို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က VOA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဉ်မှာ ပြောဆိုလိုက်တာပါ။

ဇန်နဝါရီလကုန်ပိုင်းမှာ ကာလုံအစည်းအဝေးခေါ်ယူဖို့ရှိပြီး ရွေးကောက်ပွဲ ကျင်းပဖို့အစီအစဉ်တွေကို ထုတ်ပြန်မယ်လို့ စစ်ကောင်စီပြောခွင့်ရက VOA ကို ဇန်နဝါရီလ ၁၈ ရက်နေ့ ကပြောဆိုထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီ Antony Bliknen က နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဖို့ ပြီးခဲ့တဲ့ August လက တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ကလည်း အခုလို ထပ်လောင်း အတည်ပြုလိုက်ပါတယ်။

" ကျနော်တို့ အနေထားက အပြောင်းအလဲ မရှိပါဘူး။ ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ့် အနေထားမဟုတ်ပါဘူး။ စစ်ကောင်စီက သူတို့တရားဝင်ဖြစ်ရေး အတွက်ကြိုးစားနေတာ၊ သူတို့ခင်းထားတဲ့ လမ်းကြောင်းဟာ အဆင်ပြေတယ် ဆိုတာပြဖို့ လုပ်နေတာကို မြင်သာပါတယ်။ ကျနော်တို့ အမြင်က သိပ်ရှင်းပါတယ်။ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲ တခုဟာ ၂၀၂၀ နိုဝင်ဘာမှာ ကျင်းပခဲ့တယ်၊ စစ်ကောင်စီက ဒီရွေးကောက်ပွဲ ရလဒ်ကို မကြိုက်ဘူး။ ဒါကြောင့် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်မှာ သူတို့ အာဏာသိမ်းခဲ့တယ် ။ အခုဆို မြန်မာနိုင်ငံရဲ့ ထက်ဝက်လောက်ကို သူတို့ ထိန်းချုပ်မထားနိုင်တဲ့ အတွက် ဘယ်လိုလုပ်ပြီး ရွေးကောက်ပွဲတွေ ကျင်းပ မလဲတော့ မသိပါဘူး။ ထင်ရှားတဲ့ အတိုက်အခံတိုင်းကို ထောင်ချထားပြီး လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက် သတင်းလွတ်လပ်ခွင့်ကို အမှောင်ချထားပြီး သတ်ဖြတ်မှုတွေ ကျူးလွန်နေတာပါ။ ဒါကြောင့် တကယ်လို့ သူတို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးစားနိုင်တယ်ထားအုံး၊ ကျနော်တို့က သူတို့ အယောင်ဆောင် နေတာတွေကို မေ့ပစ်ရမှာလား"

သမ္မတ Biden လက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့ NDAA အမျိုးသား ကာကွယ်ရေး အသုံးစရိတ် ဥပဒေပါ Burma Act အရ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၁၃၆ သန်းကျော်ကို မြန်မာ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြတဲ့ NUG, NUCC, PDF, CDM နဲ့ တိုင်းရင်းလက်နက်ကိုင် အင်အားစုတွေအတွက် Non-lethal အထောက်အပံ့တွေကို ထိရောက်အောင် ကူညီသွားမယ့်အကြောင်း ကိုလည်း အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က အခုလို ရှင်းပြပါတယ်။

" ပထမပြောချင်တာကတော့ ဒီလိုအကူညီတွေ ကျနော်တို့ ပေးနေပါတယ်။ မြန်မာနိုင်ငံထဲက ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေအတွက် လူသေစေတဲ့ လက်နက်မပါပဲ အထောက်အကူတွေ ပေးနေတာလည်း နှစ်အတော်ကြာပါပြီ။ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ရော တိုင်းရင်းသား အဖွဲ့စည်း တချို့နဲ့ပါ ကျနော်တို့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပေါ် ပြန်ရောက်လာဖို့ သူတို့ရဲ့ ကြိုးစားမှုတွေအတွက် ကျနော်တို့ ဘယ်လို အကူညီပေးနိုင်မယ်ဆိုတာတွေ ဆွေးနွေးကြတာပါ"

အခုလို စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုတွေကို အမေရိကန်က ကူညီသလို မြန်မာစစ်တပ်ရဲ့ မဟာမိတ် ရုရှားနိုင်ငံကလည်း အလားတူ မြန်မာစစ်တပ်ကို အရင်ကထက် တိုးပြီးကူညီမယ်ဆိုရင် အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေအပေါ် ကူညီနေတဲ့ ကျိုးပမ်းမှုကို နှစ်ဆတိုးမြှင့်သွားမယ်လို့ Mr. Derek Chollet ကပြောပါတယ်။

" လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းကပဲ စစ်တပ်ခေါင်းဆောင်တွေနဲ့ ရုရှားအစိုးရတို့ကြား ဆက်ဆံရေး ဆက်ဆံရေးဟာ တနေ့တခြား ပိုခိုင်မာလာတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။ မြန်မာစစ်ခေါင်းဆောင် အတွက် ရုရှားက စစ်ရေးအထောက်အပံ့ အများဆုံးပေးနေသူ ဖြစ်ပြီး ရုရှားကလည်း စစ်ကောင်စီကို သိသိသာသာပဲ ထောက်ခံပေးနေတာပါ။ ဒါကို ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အခုအချိန်မှာ ရုရှားကလည်း ကမ္ဘာ့အလယ်မှာ မိတ်ဆွေဆိုတာ မရှိသလောက် ဖြစ်နေတဲ့အတွက် စစ်ကောင်စီဟာ ရုရှားရဲ့ ယုံကြည်ရတဲ့ မိတ်ဆွေတယောက် ဖြစ်လာနေ ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ကုလလုံခြုံရေးကောင်စီ အပါအဝင် နည်းလမ်းစုံနဲ့ ဆက်လက်လုပ်ဆောင်ပါတယ်။ နှစ်မကုန်ခင်လေးမှာတင် လုံခြုံရေးကောင်စီက ကျနော်တို့မိတ်တွေတွေနဲ့ လက်တွဲဆောင်ရွက်မှုကနေ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ပထမဆုံး အကြိမ်အဖြစ်နဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ထွက်လာတာဖြစ်ပါတယ် ။ ရုရှားကလည်း ၂ နှစ် လောက်အကြာမှာ လုံခြုံရေးကောင်စီကို ဆုံးဖြတ်ချက်ချခွင့်ပြုခဲ့တာပါ။ ဒါဟာ ကျနော်တို့ လုပ်နိုင်တယ်ဆိုတာ ပြလိုက်တာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ ရုရှားက စစ်ကောင်စီနဲ့ ပိုပိုပြီး နီးကပ်သွားခဲ့တာ ဖြစ်ပြီး ဒီပုံအတိုင်းဆက် ရှိနေမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေကို ပံ့ပိုးတဲ့ ကျနော်တို့ လုပ်ရပ်ကို ဒေသတွင်းက ကျနော်တို့လို ဆန္ဒရှိတဲ့ မဟာမိတ်တွေနဲ့ အတူလက်တွဲပြီး ၂ ဆတိုးလုပ်ဆောင်ပြီး မြန်မာ့အရေး အဖြေရှာဖို့ ကြိုးစားရမှာပါ။

အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ကို VOA မြန်မာပိုင်းအစီအစဉ်က သီးသန့်တွေ့ဆုံမေးမြန်းခဲ့တဲ့ အချက်တွေထဲက ကောက်နှုတ်ချက်တချို့ကို တင်ဆက်ခဲ့တာပါ။ တွေ့ဆုံ မေးမြန်းခန်းအပြည့်အစုံကို တနင်္ဂနွေနေ့ည VOA ရုပ်သံအစီအစဉ်မှာ စောင့်မျှော် ကြည့်ရှုနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}









XS
SM
MD
LG