=== [[ ZAWGYI ]] ===
ရခိုင်မြောက်ပိုင်းက ဒုက္ခသည်တွေ သောက်သုံးရေပြတ်လပ်မှုနဲ့ကြုံ
ရခိုင်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်စတဲ့ မြို့နယ်တွေက စစ်ပြေးဒုက္ခသည် စခန်းတချို့မှာ သောက်ရေသုံးရေ ပြတ်လပ်နေတာကြောင့် အခက်ကြုံနေရတယ်လို့ စစ်ပြေးဒုက္ခသည်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မိုးရာသီတုန်းက မိုးရွာသွန်းမှုနည်းပါးခဲ့တာကြောင့် အရင်နှစ်တွေထက်စောပြီး သောက်သုံးရေ ရှားပါးမှုနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော် မြောက်ဦး ရသေ့တောင်စတဲ့ မြို့နယ်တွေက စစ်ပြေးဒုက္ခသည်စခန်းတွေမှာ အရင်နှစ်တွေကထက်စောပြီး သောက်သုံးရေ ရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
ကျောက်တော်မြို့နယ်က လူဦးရေ သုံးထောင်ကျော်နေထိုင်တဲ့ ညောင်ချောင်းစစ်ပြေးဒုက္ခသည် စခန်းမှာဆိုရင်လည်း သောက်သုံးရေ အခက်ကြုံနေရပါတယ်။ ရခိုင်မှာ ပြီးခဲ့တဲ့ မိုးရာသီကာလ မိုးရွာသွန်းမှု နည်းပါးခဲ့တာကြောင့် နွေရာသီ မရောက်ခင်ကတည်းက သောက်သုံးရေ ရှားပါးမှု ကြုံခဲ့ရတယ်လို့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ကိုသန်းအေးကပြောပါတယ်။
“ ကျနော်တို့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းက နှစ်တိုင်းလိုလို ဒီဆောင်းကုန်ပြီးတော့ နွေရာသီဆိုရင် ရေကတော့ အခက်အခဲနဲ့ ကြုံရတယ်။ ဒါပေမဲ့ ဒီနှစ်ကျရင်တော့ ဆိုးဆိုး ရွားရွားပေါ့၊ မနှစ်ကနဲ့ မတူဘူး ဒီနှစ်က မိုးရာသီမှာလည်း မိုးရွာတာ အားနည်းတော့ ကန်တွေမှာလည်း ရေက မပြည့်ဘူးပေါ့၊ အဲတာကြောင့် ကျနော်တို့ အခက်အခဲဖြစ်နေတာ။”
ရသေ့တောင်မြို့နယ်က စေတီပြင် စစ်ပြေးဒုက္ခသည်စခန်းမှာရှိတဲ့ ရေကန်တွေမှာလည်း အခုချိန်ကတည်းက ရေနည်းပါးနေတာကြောင့် သောက်သုံးရေ အခက်ကြုံရနိုင်တယ်လို့ စေတီပြင်စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ကိုအောင်မင်းစိုးက ပြောပါတယ်။
“ အရင်တုန်းကတောင် ကျနော်တို့ရွာက ရေက မလုံမလောက်ဖြစ်နေတာ၊ အခု စစ်ဘေးဒုက္ခသည် လူဦးရေက တထောင်ကျော် တိုးလာတော့ ရေက မလုံလောက်တော့ဘူး၊ အရင်နှစ်တွေ တုန်းကဆိုရင် ကျနော်တို့ဒီ ICRC ကနေပြီးတော့ တခြားဝေးလံတဲ့ နေရာက ရေကိုယူပြီး ကူညီပေးတာရှိတယ်၊ ဒီနှစ်တော့ အဲလို လုပ်ပေးဖို့ မကြားသေးဘူး။ နောက်ထပ် တလလောက် ဆိုရင်တော့ ကျနော်တို့ ဒီ စစ်ဘေးဒုက္ခသည်စခန်း အနီးတဝိုက်မှာရှိတဲ့ ရေကန်တွေက ရေခမ်းလောက်ပြီ။”
မြောက်ဦးမြို့နယ်အတွင်းက ပီပင်ရင်း စစ်ပြေးဒုက္ခသည် စခန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလလောက်ကတည်းက သောက်သုံးရေ ရှားပါးတာကြောင့် မြစ်ရေကိုတင်ပြီးတော့ သုံးနေရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကပြောပါတယ်။ တင်သုံးနေတဲ့ မြစ်ရေဟာလည်း ဆားငံရည် ဖြစ်နေတာကြောင့် အခက်ကြုံလာရတယ်လို့ ပီပင်ရင်း စစ်ပြေးဒုက္ခသည်စခန်းတာဝန်ခံ ဦးသိန်းရွှေမြတ်က ပြောပါတယ်။
“ ကျနော်တို့စခန်း ရေပြတ်တာကတော့ ၁၁ လပိုင်းလောက်ကတည်းက ရေပြတ်နေတာ၊ ကန်တွေဆိုရင် အကုန်လုံး ခမ်းခြောက်နေပြီ၊ မြစ်ရေကို တင်ထားရတယ်၊ မြစ်ရေကလည်း ၃ လပိုင်းလောက်ဆိုရင် ဆားငံရေတွေဖြစ်လာမှာ အခုကတည်းက ဆားငံနေပါပြီ၊ သောက်ရေကျတော့ ပတ်ဝန်းကျင်က ကန်ရေတွေ ပီပင်ရင်းကျေးရွာက ကန်ရေကို အလှုရှင်လည်း မရှိတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခပ်သုံးနေရတာ။”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် သောင်းနဲ့ချီ ရှိနေသေးတာပါ။ လက်ရှိ ရခိုင်မှာ အပစ်ရပ်ထားတယ်ဆိုပေမယ့် စစ်ပြေးဒုက္ခသည်တွေအနေနဲ့ လုံခြုံရေး အာမခံချက် မရှိသေးသလို အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ စိုးရိမ်နေတာကြောင့် နေရပ်ပြန်ဖို့ ခက်နေကြပါတယ်။
=== {{ UNICODE }} ===