သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါတောမီးကြောင့် ကနေဒါနဲ့ ကန်မှာ လေထုအခြေနေဆိုးဝါး


CANADA-FIRE
CANADA-FIRE

ကနေဒါတောမီးကြောင့် ကနေဒါနဲ့ ကန်မှာ လေထုအခြေနေဆိုးဝါး


ကနေဒါနိုင်ငံ အရှေ့ပိုင်းမှာ ရာနဲ့ချီတဲ့ တောမီးတွေ အကြီးအကျယ်လောင်နေလို့ ထွက်လာတဲ့ မီးခိုးငွေ့ကြောင့် အမေရိကန်နိုင်ငံဘက်ခြမ်းမှာလည်း နယူးအင်္ဂလန်ပြည်နယ်ကနေ တောင်ကာရိုလိုင်းနား ပြည်နယ်အထိ အရှေ့ဘက်ကမ်းရိုးတန်း တလျှောက်နဲ့ အိုဟိုင်းယိုးပြည်နယ်၊ အင်ဒီယားနားနဲ့ မစ်ရှီဂန်အပါအဝင် အနောက်အလယ်ပိုင်းဒေသတွေမှာ လေထုအရည်အသွေးသတိပေးချက်ကို နောက်ထပ်တစ်ရက် ထပ်တိုးလိုက်ကြောင်း အမေရိကန်အမျိုးသား မိုးလေဝသဌာနက ကြေညာထားပါတယ်။ ဒီအခြေအနေဟာ သီတင်းပတ်ကုန်အထိ ဆက်ဖြစ်နေဖွယ်ရှိပြီး ဒီလို တောမီးမြူခိုးငွေ့တွေ ကြုံတွေ့ရတဲ့ အခြေအနေအကြောင်း အမေရိကန်နဲ့ ကနေဒါ နိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝန်းရဲ့ အတွေ့အကြုံတချို့ကို ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြပေးထားပါတယ်။


အမေရိကန်ပြည်ထောင်စု မှာ ဇွန်လ ၈ ရက် ကြာသပတေးနေ့ကအထိ အဝါရောင်နဲ့ မီးခိုးရောင် မီးခိုးမြူတွေ ပျံ့နေဆဲ ဖြစ်ပါတယ်။ လေထုထဲ အမှုန်အမွှားပါဝင်နှုန်း မြင့်မားနေလို့ အိမ်အပြင်ဘက်မှာ မလိုအပ်ပဲ မနေကြဖို့နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ကြောင်း ပြည်နယ် တဒါဇင်ကျော်က လူသန်းပေါင်းများစွာကို ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

မီးခိုးငွေ့တွေဟာ တောင်ဘက်ကို ရွေ့လျားနေလို့ အရှေ့မြောက်ပိုင်းတွေမှာ အရင်နေ့ကထက် အခြေအနေတွေ ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ပင်ဆယ်ဗေးနီးယား၊ မေရီလန်းနဲ့ မြို့တော် ဝါရှင်တန်ဒီစီမှာ နေထိုင်သူတွေကတော့ မီးခိုးငွေ့ဒဏ်ကို ပို သိသိသာသာ ခံလာရတယ်လို့ ပြောပါတယ်။

အရင်နေ့က မြင်ကွင်းတွေ ပိတ်ဆို့တဲ့အထိ ဖြစ်ခဲ့တဲ့ နယူးယောက် မြို့တော်မှာ ကြာသပတေးနေ့ နံနက်ခင်း ကောင်းကင်ဟာ မှုန်မှိုင်းနေသလို တချို့နေရာတွေသာ အပြာရောင်ကွက်လေးတွေ မြင်ရပြီး မီးခိုးနံ့တွေ ခံစားနေရဆဲလို့ အဲဒီ ဒေသခံတွေက ပြောပါတယ်။

ကြာသာပတေးနေ့မှာ နယူးယောက်မြို့တော်ကို ခရီးထွက်နေတဲ့ မြန်မာကျောင်းသား တဦးကတော့ ခရီးလမ်းတလျှောက် သူ့အတွေ့အကြုံအရ နယူးယောက်မြို့တော်မှာ အခြေအနေ ပို ဆိုးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ မြို့ထဲ ကားလမ်းပိတ်ချိန်တွေမှာ အကာအကွယ်ရအောင် N-92 နှာခေါင်းစည်းတွေ ဆောင်သွားရတယ်လို့ သူ့အတွေ့အကြုံကို ဗွီအိုအေကို ပြောပါတယ်။

နယူးယောက်ပြည်နယ် အထက်ပိုင်းမှာ နေထိုင်သူ မဖူးဖူးကတော့ သူ့ နေထိုင်နေတဲ့ ဒေသတဝိုက်မှာ ဗုဒ္ဓဟူးနေ့က အဆိုးဆုံး ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

“ မနေ့က အခြေအနေက ပိုဆိုးတယ်ပေါ့နော်။ မနေ့ကဆိုရင် အပြင်တောင် ထွက်လို့ မရဘူး။ အပြင်တောင် ထွက်လို့ မကောင်းဘူး။ ထွက်လို့ရှိရင် မီးခိုးနံ့တွေ ရနေတယ်။ မြင်ကွင်းကတော့ မှုန်မှုန်မှိုင်းမှိုင်းနဲ့ မီးခိုးမှုံလေးတွေ တွေ့ရတယ်။ တချို့နေရာတွေမှာ အရောင်က လိမ္မော်ရောင် သမ်းချင်တယ်။ မနေ့က Air Quality Index (လေထု အရည်အသွေးညွန်းကိန်း) သုည မှတ်ကနေ ၅၀၀ အထိမှာ ၄၃၈ လောက်အထိ ရောက်သွားတာ တွေ့ရတယ်။ ဒါပေမယ့် ဒီနေ့ မနက်ရောက်တော့ နည်းနည်းလေး မှောင်နေတယ်။ မိုး နည်းနည်းရွာတယ်။ မနေ့ကလောက် မဆိုးတော့ဘူး။ Air Quality ကလည်း တက်လာတယ် (နံပါတ်က ပြန်ကျသွားတယ်။) ”

မြူခိုးတွေကြောင့် မြင်နိုင်မှု အားနည်းလို့ အရှေ့မြောက်၊ အတ္တလန်တိတ် ဒေသနဲ့ အိုဟိုင်းယိုးပြည်နယ်တွေက အဓိက လေဆိပ်ကြီးတွေမှာ လေကြောင်း ခရီးစဉ်တွေကို ဒုတိယရက်မြောက် ရပ်နားထားရပါတယ်။ နယူးယော့ခ် ဒေသတဝိုက်က အဓိက လေဆိပ်တွေဖြစ်တဲ့ Newark နဲ့ နယူးဂျာဆီမှာလည်း လေကြောင်းခရီးစဥ်တွေ နှောင့်နှေးခဲ့ရပါတယ်။

လေထု အရည်အသွေး ကျဆင်းမှုက မကြုံစဖူး ကိန်းဂဏန်းတွေ ဖြစ်နေပြီး ဒါဟာ “၁၉၆၀ ခုနှစ်နောက်ပိုင်း လေထုအရည်အသွေး အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေတယ်လို့” နယူးယောက်မြို့ အုပ်ချုပ်ရေးမှူး Kathy Hochul က ကြာသပတေးနေ့မှာ Albany မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကနေဒါဘက်ခြမ်းမှာတော့ တောမီးက ဆက်လောင်နေလို့ ငြှိမ်းသတ်နိုင်ဖို့ ကမ္ဘာတဝန်း မိတ်ဆွေနိုင်ငံတွေက အကူအညီတွေပေးဖို့ ကတိပြုထားကြတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ အရင်လကတည်းက အစပျိုးခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် အခုဆိုရင် ဟက်တာ ၄.၄ သန်း (ဧက နဲ့ဆိုရင် ၁၀.၆ သန်း) လောက်အထိ လောင်ကျွမ်းခဲ့ပြီးဖြစ်ပါတယ်။

‌တိုရန်တိုမြို့ရဲ့ အနောက်ဘက်ခြမ်းက မြို့တမြို့မှာ နေထိုင်နေတဲ့ မြန်မာတဦးဖြစ်သူ ဦးအောင်မြင်အုန်း ကတော့ သူ့ဒေသမှာ တောမီးကြောင့် ဒီလို မီးခိုးတွေကြုံရတာ သူနေထိုင်ခဲ့တဲ့ နှစ်(၃၀)အတွင်း ဒါ ပထမဆုံးပဲလို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

“တိုရန်တို ဧရိယာရဲ့ ပထဝီ အနေအထားကြောင့်လား မသိဘူး၊ ကျနော်တို့ကို effect (သက်ရောက်မှု)ဖြစ်တာ ဒီနေ့မှ စ ပါတယ်။ နယူးယောက်၊ နယူးဂျာဆီမှာ ဖြစ်နေတာတွေ တွေ့တယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ ပုံမှန် အတိုင်းပဲ။ ဒီနေ့ (ဇွန်လ ၈ ရက်)မနက် အပြင်ထွက်တော့မှ မိုးတွေ အုံ့နေတယ် ဆိုပြီး၊ နောက်တော့မှ သတိရတယ်၊ တောမီး လောင်တာရဲ့ မီးခိုးတွေကြောင့်ပဲ ဖြစ်မယ်လို့၊ ဒါနဲ့ သတင်းကို ကြည့်တော့ အစိုးရကလည်း Advise (အကြံပြု) လုပ်ထားတယ်၊ မလိုအပ်ဘဲနဲ့ မထွက်ဖို့။ ထွက်ရင်လည်း Mask (နှာခေါင်းစည်း) တပ်ဖို့။ ကနေဒါမှာ ကျနော်ရောက်တာ အနှစ် (၃၀)ကျော်ပြီ၊ ကျနော်တို့ ဧရိယာမှာ ဒီလိုမျိုး မီခိုးတွေနဲ့ တိမ်တွေလို နေရောင်ကို ဖုံးကွယ်သွားတဲ့ အဖြစ်မျိုးက ဒါပထမဆုံး အကြိမ်ပါပဲ ခင်ဗျာ။”

တောမီးက ကနေဒါရဲ့ ပြည်နယ်နဲ့ နယ်မြေ ၁၀ ခုလုံးနီးပါးမှာ လောင်ကျွမ်းနေပြီး Quebec မှာ အဆိုးရွားဆုံး ဖြစ်နေပါတယ်။ တောမီးကြောင့် လူပေါင်း (၁၂၀,၀၀၀)ကျော်ဟာလည်း နေအိမ်တွေက စွန့်ခွာ ခဲ့ရပါတယ်။

XS
SM
MD
LG