သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်းအထောက်အထားမဲ့ မြန်မာကျောင်းသား၁၂၀ ကို မူရင်းနေရပ်ပြန်ပို့


ထိုင်းနိုင်ငံတွင်းအထောက်အထားမဲ့ မြန်မာကျောင်းသား၁၂၀ ကို မူရင်းနေရပ်ပြန်ပို့ (photo: ထိုင်းလူမှုရေးအဖွဲ့)
ထိုင်းနိုင်ငံတွင်းအထောက်အထားမဲ့ မြန်မာကျောင်းသား၁၂၀ ကို မူရင်းနေရပ်ပြန်ပို့ (photo: ထိုင်းလူမှုရေးအဖွဲ့)

ထိုင်းနိုင်ငံ အန်ထောင်ပြည်နယ်တွင်း စာသင်ကျောင်းတခုမှာ တတ်ရောက်သင်ကြားနေတဲ့ အထောက်အထားမဲ့မြန်မာကလေးငယ် ၁၂၀ ကျော်ကို ဆိုင်ရာအာဏာပိုင်တွေက သူတို့ မူရင်းလာခဲ့တဲ့ ချင်းရိုင်ခရိုင်ကို ပြန်ပို့ခဲ့ပါတယ်။ သူတို့ကို မြန်မာပြည်ထဲ ပြန်မပို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ အန်ထောင်းပြည်နယ်ထဲက ထိုင်းစာသင်ကျောင်းတခုမှာ ရှမ်းပြည်နယ်က 'အာခါ' တိုင်ရင်းသားတွေရဲ့ကလေးငယ်တွေ ပညာသင်ကြားနေတာဖြစ်ပြီး သူတို့ဟာ နယ်မြေဖြတ်သန်းခွင့် စာရွက်စာတမ်းတွေမရှိပဲ ချင်းရိုင် ပြည်နယ်ကနေ လာရောက် ပညာသင်ကြားနေကြတာလို့ ဆိုပါတယ်။

တချို့ကတော့ ချင်းရိုင်မှာ မိဘအုပ်ထိမ်းသူတွေရှိကြပြီး တချို့ကတော့ မိဘအုပ်ထိမ်းသူတွေ ပါမလာကြပါဘူး။ သူတို့ကို အန်ထောင်းဒေသခံတွေက တိုင်ကြားမူကြောင့် စာသင်တာတွေကို ရပ်နားစေပြီး ကလေးတွေကိုတော့ ဇူလိုင် လ ၆ ရက်နေ့က ချင်းရိုင်ပြည်နယ်ကို ပြန်ပို့လိုက်ပါတယ် ။ အဲဒီကနေတဆင့် မြန်မာပြည်ကို ပြန်ပို့ဖို့ကိစ္စကိုတော့ ထိုင်းပညာရေးအသိုင်းအဝန်းနဲ့ လူ့အခွင့်ရေးအဖွဲ့တွေက ကန်ကွက်တာတွေ ဝေဖန်တာတွေလုပ်ခဲ့ပြီး နေရပ်ပြန်မပို့ရေးကို တောင်းဆိုကြပါတယ်။

ထိုင်းနိုင်ငံ Human Right Organization Thailand အဖွဲ့က ဦးဆောင်ဒါရိုက်တာ ဖွန်ပရဖိုင် ကတော့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

" ဒီ ကလေးငယ်တွေကို မြန်မာနိုင်ငံ ပြန်မပို့ဖို့ ကျမတို့ တောင်ဆိုထားသလို နယ်မြေအာဏာပိုင်တွေကလည်း ပြန်မပို့ပါဘူးဆိုတဲ့ သဘောတူချက် ရရှိထားပါတယ်။" လို့ ထိုင်းဘာသာနဲ့ ပြောသွားခဲ့တာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်း အန်ထောင်းပြည်နယ် Pamok မြို့နယ်ထဲက စာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသား ကျောင်းသား ၁၂၆ ဦးထဲက တချို့ကလေးတွေကိုတော့ မိဘအုပ်ထိမ်းသူတွေ ရှိတာကြောင့် ပြန်အပ်နှံခဲ့ပြီး တခြားကျန်တဲ့ကျောင်းသားတွေကတော့ အုပ်ထိမ်းသူတွေ မပါတာကြောင့် မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနတွေမှာ ၅ နေရာခွဲပြီး စောင့်ရှောက်ထားတယ်လို့လည်း ဆိုပါတယ်။

ဆရာနှစ်ဦးအပါအဝင် ဝန်ထမ်းလေးဦးသာရှိတဲ့ Thairath Wittaya 6 ကျောင်းမှာ မြန်မာကျောင်းသား ကလေးငယ်တွေ ပညာသင်ကြားနေကြောင်း ဒေသခံ ပြည်သူများက ဇွန်လအစောပိုင်းမှာ တိုင်ကြားခဲ့တာကြောင့် ခရိုင်မူလတန်းအုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးခဲ့ပါတယ်။

ကျောင်းမှာ အပ်နှံထားတဲ့ ကလေးများဟာ မြန်မာတိုင်းရင်းသား ကလေးငယ်များ ဖြစ်နေကြောင်း အာဏာပိုင်တွေက တွေ့ရှိခဲ့တာကြောင့် ကျောင်းအုပ်ကို ဥပဒေအရ အရေးယူခဲ့ပြီး ကလေးတွေကို နေရပ်ပြန်ပို့ရေး စီစဉ်ခဲ့ကြကြောင်း အစောပိုင်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အသက် ၇ နှစ်ကနေ ၁၆ နှစ်အရွယ်သာရှိသေးတဲ့ မြန်မာတိုင်းရင်းသား ကလေးငယ်များကို ပညာသင်ကြားခွင့် ပိတ်ပင်ခဲ့ပြီး‌ နေရပ်ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့ခြင်းအပေါ်မှာ ပညာရေးအသိုင်းအဝန်းက ပညာရှင်များနဲ့ လူအခွင့်ရေးအဖွဲ့တွေ NGO အဖွဲ့တွေက ရှုတ်ချခဲ့တာပါ။

ကလေးများဟာ နိုင်ငံမဲ့များ လူမျိုးစုများ ဖြစ်နေရင်တောင် ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားခွင့်ရှိတယ်လို့ ချင်းမိုင်တက္ကသိုလ် ဥပဒေဌာနက ဒုတိယဌာနမှူးက ထောက်ပြကြောင်း ထိုင်းနိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြကြပါတယ်။

ကလေးတွေဟာ နိုင်ငံမဲ့ ဖြစ်နေရင်တောင် ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနက အထောက်အထား မှတ်ပုံတင်များ ထုတ်ပေးပြီး ပညာသင်ကြားဖို့ စာရင်းသွင်းခွင့်ရှိကြောင်း သူက ထောက်ပြပါတယ်။

ကလေးငယ်များကို ပညာသင်ကြားခွင့်ပေးထားတဲ့ ကျောင်းအုပ်၊ ဆရာ၊ ဝန်ထမ်းများနဲ့ ရွာလူကြီး ၂ ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားပြီး သူတို့ကလည်း စွဲချက်အားလုံးကို ငြင်းဆိုထားကာ အမှုတွေကို ရင်ဆိုင်သွားမယ်လို့ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်ရှင်။

XS
SM
MD
LG