သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ စက်ရုံလုပ်သား အခြေအနေ



(ပုံဟောင်း) ရွှေပြည်သာ ဝါးတရာစက်မှုဇုံက အထည်ချုပ်စက်ရုံ
(ပုံဟောင်း) ရွှေပြည်သာ ဝါးတရာစက်မှုဇုံက အထည်ချုပ်စက်ရုံ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါရဲ့ ဂယက်အပြင် ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ လူမှုစီးပွားအ‌ခြေအနေ မတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်ရရှိနှုန်း၊ အလုပ်အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအား ဆက်လက်ကျဆင်းနေပြီး ဒီအထဲမှာ အထိခိုက်ဆုံးက အမျိုးသမီး အလုပ်သမားတွေဖြစ်တယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO က ဇူလိုင် ၂၇ နေ့စွဲနဲ့ ထုတ်ပြန်တဲ့သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းမှု နောက်ပိုင်းမှာ လုပ်သားဈေးကွက် ကျဆင်းမှုနဲ့အတူ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတွေ ပိုများလာတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကလည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုရဲမွန် တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကနေ ပြန်လည် နာလန်မထူနိုင်သေးခင်မှာပဲ အာဏာသိမ်းမှု ထပ်မံကြုံခဲ့ရတာကြောင့် နောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ လူမှုစီးပွား အကျပ်အတည်းတွေက လုပ်သားဈေးကွက်ကို ထိခိုက်စေခဲ့တာပါ။ အလုပ်အကိုင်ရရှိနှုန်း၊ အလုပ်အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအားကဏ္ဍစုံမှာ ထိခိုက်ကျဆင်းနေလာနေတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO က ဇူလိုင် ၂၇ နေ့စွဲနဲ့ ထုတ်ပြန်တဲ့သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လုံခြုံရေး စိတ်မချရတဲ့ အခြေအနေအောက်မှာ နိုင်ငံခြားကနေ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတချို့ ရပ်နားသွားခဲ့သလို၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ကုန်ထုတ်စွမ်းအားတွေလည်း ပိုမို နည်းပါးလာခဲ့ပါတယ်။ ကုန်ထုတ်စွမ်းအား ကျဆင်းမှုက ၂၀၂၁ ခုနှစ်အတွင်း ၈ ရာခိုင်နှုန်း ကျခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ နောက်ထပ် ၂ ရာခိုင်နှုန်းထပ်ကျလို့ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ILO ကပြောပါတယ်။

လူဦးရေနဲ့ အလုပ်အကိုင်ရရှိတဲ့ အချိုးကလည်း ၂၀၁၇ ခုနှစ်မှာ ၈.၂ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၂၂ ခုနှစ်မှာ ၅၄.၅ ရာခိုင်နှုန်းရှိအထိ ကျသွားတဲ့အကြောင်း ILO က ထောက်ပြပါတယ်။ အလုပ်အကိုင်ရရှိနှုန်း တချို့ကဏ္ဍတွေမှာ ပြန်လည် တက်လာပေမယ့် လူဦးရေနဲ့အလုပ် အချိုးအစား မမျှသေးဘူးလို့ ဖော်ပြပါတယ်။ အလုပ်အကိုင် ထိခိုက်တဲ့ အပိုင်းမှာတော့ လူဦးရေ အချိုးအစားနဲ့တွက်ရင် အမျိုးသမီးတွေက အမျိုးသားတွေထက် ၂ ဆ ပိုများတယ်လို့လည်း ILO က ပြောပါတယ်။ ကြုံရာကျဘန်းအလုပ် လုပ်ရသူတွေ ပိုများလာတာနဲ့အတူ အလုပ်အကိုင် အရည်အသွေးတွေလည်း ကျဆင်းလာပါတယ်။

တချိန်တည်းမှာပဲ အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ် ဖိနှိပ် ဆက်ဆံတွေ ပိုမို ကြုံတွေ့လာရပြီး အမျိုုးသမီးတွေအတွက်ကတော့ အမျိုးသားတွေအတွက် အခက်အခဲတွေ ပိုများတယ်လို့ စက်ရုံလုပ်သား အမျိုးသမီးတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"စက်ရုံ၊ အလုပ်ရုံနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဦးဆောင်သူတွေ၊ ခေါင်းဆောင်တွေက မိန်းကလေးတွေကို စကားပြောတာကအစ ဆဲဆိုတာမျိုး၊ အော်ဟစ်တာမျိုးဆိုတော့ မိန်းကလေးတွေက ရှက်တယ်။ ဖိနှိပ်မှုတွေကလည်း များတယ်။ ယောက်ျားလေးတွေကိုကျ သူတို့ဖိနှိပ်လို့ မရဘူး။ သူတို့ကို ပြန်လုပ်မှာ သူတို့ကြောက်တယ်။ မိန်းကလေးတွေကိုကျ ရှက်တတ်မှန်းသိတော့ ပိုပြီး ဖိနှိပ်ပြီးပြောတယ်။ မခံချင်အောင် ပြောတယ်၊ အလုပ်မထွက် ထွက်အောင်ပြောတာပေါ့နော်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေအရ ဒီလုပ်ငန်းတွေက လျှော့နည်းလာတယ်ပေါ့နော်။ အဲဒီအခါကျတော့ မြန်မာနိုင်ငံမှာလည်း မိန်းကလေးတွေ အများစုက မနေချင်ကြတော့ဘူး။ မနေချင်တော့ တခြားနိုင်ငံကိုသွားပြီး အလုပ်လုပ်ကြရတယ်ပေါ့။ ယောက်ျားလေးတွေကျတော့ စက်ရုံမှာလုပ်လို့ မရရင်တောင်မှပဲ၊ အပြင်မှာရှိတဲ့ ကြုံရာကျပန်းအလုပ်တွေ လုပ်လို့ရသေးတယ်ပေါ့နော်။"

အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့် ခေါင်းပုံဖြတ်ခံရတာတွေဟာ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းကာလ မတိုင်ခင်တည်းက အခြေခံလုပ်သားတွေ အများစုရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကြုံတွေ့နေရတာ ရှိပါတယ်။ အခုနောက်ပိုင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်မှာ တရားမျှတမှု ရရှိနိုင်ဖို့က အရင်ထက်ပိုပြီး ခက်ခဲလာတယ်လို့ အလုပ်သမားတွေနဲ့ သူတို့ကို ကူညီသူတွေကပြောပါတယ်။ အလုပ်သမားတွေအတွက် အရင်လို ကူညီဆောင်ရွက်ပေးမယ့် ကိုယ်စားပြုအဖွဲ့တွေ မရှိတော့သလို၊ အခွင့်အရေး ဆုံးရှုံးမှုတွေ ပိုများလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူ တဦးက ပြောပါတယ်။

"အလုပ်သမား တော်တော်များများက ရုံးတွေသွားရမှာ ကြောက်တာရယ်၊ အဲလိုသွားပြီး ဖြေရှင်းရမယ်ဆိုတာ မသိတာရယ်၊ လိုက်ပါကူညီ ဆောင်ရွက်ပေးမယ့် အဖွဲ့အစည်း မရှိနေတာရယ်ပေါ့။ ဒါကြောင့်မို့ အခွင့်အရေး ဆုံးရှုံးတာတွေ ရှိနေတယ်ပေါ့။ အလုပ်သမားဆိုတာက သူတို့ရဲ့ အခွင့်အရေးကို အမြဲတမ်း တောက်လျှောက် စက်ရုံထဲမှာ တောင်းဆိုခဲ့တာ၊ ပြောနေတာတွေ ရှိခဲ့တယ်။ အခုကျတော့ အဲဒါတွေ လုပ်လို့မရတော့ သူတို့လည်း စိတ်ဓာတ်ကျတာတွေ ပါမှာပေါ့။ တခုခုဖြစ်တယ်ဆိုရင် ပြောမရ၊ တောင်းမရ ဖြစ်တဲ့အခါကျတော့ မပြောတော့ဘဲနဲ့ ဒီတိုင်းပဲ အခွင့်အရေး ဆုံးရှုံးခံလိုက်တယ်လို့ မြင်တယ်။ အလုပ်သမားတွေကို တခုပြောချင်တာပေါ့နော်။ ကိုယ့်ရဲ့ တရားမျှတမှုကို တနည်းနည်းနဲ့တော့ ပြန်လည်တောင်းဆိုဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ဘူး ဆိုရင်လည်း သူတို့ဟာ ထုတ်ပြောဖို့ လိုတယ်ပေါ့။ အခုကျတော့ အဲဒါတွေအကုန်လုံး မလုပ်ကြတဲ့ အခါကျတော့ ဆိတ်သုဉ်းသွားသလို ဖြစ်နေတယ်။"

မြန်မာလုပ်သား အများစုဟာ ရှေ့ဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပြီး အလုပ်အကိုင် အခြေအနေ မတည်မြဲတဲ့ စိန်ခေါ်မှုတွေအောက်မှာ ရှိနေတယ်လို့ ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်ဆံရေးအရာရှိ Donglin Li က ဇူလိုင် ၂၇ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာနဲ့ မြန်မာပြည်သူတွေအတွက် လူမှုရေး တရားမျှတမှု၊ ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ရရှိနိုင်ကြဖို့ ဒီမိုကရေစီစနစ် ပြန်လည် ပေါ်ပေါက်လာဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း သူက ထောက်ပြပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG