သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထည်အော်ဒါပေးကုမ္ပဏီတချို့ မြန်မာနိုင်ငံတွင်း လုပ်ငန်းရပ်ဆိုင်း


ရန်ကုန် လှိုင်သာယာအထည်ချုပ်လုပ်ငန်းခွင်၊ မတ် ၁၀၊ ၂၀၁၀
ရန်ကုန် လှိုင်သာယာအထည်ချုပ်လုပ်ငန်းခွင်၊ မတ် ၁၀၊ ၂၀၁၀

ဂျာမန် အားကစားအဝတ်အထည် ကုမ္ပဏီ Jako အတွက်အထည်တွေ ချုပ်ပေးနေတဲ့ မြန်မာပြည်တွင်း စက်ရုံတခုကဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီးတဲ့နောက်၊ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ ရပ်ဖို့ စီစဥ်နေပြီလို့ Jako ကုမ္ပဏီကကြေညာပါတယ်။ စက်ရုံကအလုပ်သမားတွေကို ငဲ့ညှာရတဲ့အတွက် မြန်မာပြည်က ထွက်ခွာဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါလို့လည်း ကုမ္ပဏီအကြီးအကဲတဦးက ပြောပါတယ်။ သတင်းပေးပို့ချက် အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးပြောပြပါမယ်။

လုပ်ခလစာတိုးပေးဖို့ တောင်းဆိုခဲ့တဲ့ စက်ရုံ အလုပ်သမားတချို့ကို တရားမဝင် အဖွဲ့အစည်းနဲ့ ပူးပေါင်း တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်ကောင်စီက ဇွန်လကုန်ပိုင်းမှာ ဖမ်းဆီးခဲ့တာမှာ၊ ဒီအထဲ ဂျာမန်ကုမ္ပဏီ Jako ရဲ့ အပ်ထည်တွေကို ချုပ်လုပ်ပေးနေတဲ့ Sun Apparel အထည်ချုပ်စက်ရုံက လုပ်သားနှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
Jako ကုမ္ပဏီကတော့ စစ်တပ်ရဲ့အကြမ်းဖက် ဖိနှိပ်မှုတွေကို ရှုတ်ချကြောင်းနဲ့ သူတို့အနေနဲ့ အထည်အပ်နှံ တာတွေမလုပ်တော့ဘဲ မြန်မာပြည်တွင်းလုပ်ငန်းတွေပြန်ရုပ်ဖို့ စီစဉ်နေတယ်လို့ အထည်ချုပ်လုပ်ငန်းတွေနဲ့
ပတ်သက်တဲ့သတင်းတွေကို စောင့်ကြည့်ရေးသားတဲ့ Ecotextile News သတင်းစာစောင်ကို ကုမ္ပဏီ အရာရှိတဦးက ပြောဆိုထားပါတယ်။ ကုမ္ပဏီအနေနဲ့ အလုပ်သမားတွေဘက်က ရပ်တည်နေပြီး ပြည်တွင်က မိတ်ဖက် လုပ်ငန်းတွေနဲ့တော့ ရေရှည်ဆက်ဆံရေး ရှိနေဦးမယ်လို့လည်း Jako ကုမ္ပဏီ အရာရှိတဦးဖြစ်တဲ့ Heiko Rumm က ပြောပါတယ်။
Jako ကုမ္ပဏီ အနေနဲ့ ဘယ်လိုပုံစံနဲ့ ဘယ်တော့စပြီး ထွက်ခွာမလဲဆိုတာကိုတော့ အခြေအနေ ဆက်ပြီး စောင့်ကြည့်ရလိမ့်မယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က မအိအိဖြူက ပြောပါတယ်။
"အလုပ်သမားတွေကို ဒီလိုမျိုး စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ ထပ်မဖြစ်လာအောင် သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ ဆက်ရှိဖို့၊ မရှိဖို့ကို ဆုံးဖြတ်ရမယ့် အခြေအနေတွေရှိတယ် ဆိုပြီး ကျမတို့ကြားရတယ်။ အခု ထွက်မယ်၊ မထွက်ဘူး ဆိုတာကတော့ စောင့်ကြည့်ရမယ်။ ရှေ့မှာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ H&M တို့၊ Primark တို့ဆိုလည်း ထွက်မယ်ဆိုပြီးတော့ တရားဝင်ကြေညာတယ်။ သို့ပေမဲ့ ပြည်တွင်းမှာ ဆက်ရှိနေတယ်ပေါ့။ အခုလည်း Brand တွေက ထွက်မယ်ပြောတယ်။ ဒါကြောင့်မို့ ထွက်တယ်၊ မထွက်ဘူး ဆိုတာကိုတော့ သေချာပေါက် သူတို့တွေ ထွက်သွားပြီဆိုမှပဲ အတည်ပြုလို့ရမှာပေါ့၊ ဒီလိုအခြေအနေ ရှိပါတယ်။"
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နာမည်ကြီး Zara အမှတ်တံဆိပ် အထည်တွေကို ထုတ်လုပ်နေတဲ့ Inditex ကုမ္ပဏီက ပြည်တွင်းက ထွက်သွားတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဇွန်လ ၁၄ ရက်နေ့က စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့ စက်ရုံလုပ်သား ၁၀ ဦးထဲမှာ Zara နဲ့ Jako တံဆိပ်တွေ ချုပ်ပေးနေတဲ့ စက်ရုံလုပ်သားတွေ ပါဝင်ခဲ့တာပါ။ ဒီတံဆိပ်တွေကို ချုပ်ပေးနေတဲ့ စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောပါတယ်။
နာမည်ကြီး အမှတ်တံဆိပ် ကုမ္ပဏီကြီးတွေ အနေနဲ့ ပြည်တွင်းက စက်ရုံတွေမှာ အရင်ကလောက် အပ်ထည်တွေ မမှာတော့ဘဲ သိသိသာသာ လျှော့ချလာတယ်လို့ မအိအိဖြူက ပြောပါတယ်။
" အခု brand နှစ်ခုက ထွက်မယ်ဆိုပြီးတော့ ကြေညာတယ်ပေါ့နော်။ Zara ဆိုရင် Hosheng စက်ရုံက brand ဖြစ်တယ်ပေါ့။ အခု Jako တံဆိပ်ဆိုရင်လည်း Sun Apparel စက်ရုံက တံဆိပ်ဖြစ်တယ်။ အဲဒီတော့ brand တွေဘက်က ဘာပြောလာလဲဆိုတော့ သူတို့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူတို့အော်ဒါတွေ လျှော့ပေးတယ်ပေါ့နော်၊ လျှော့ပေးတယ်။ ဘာလို့လဲဆိုတော့ သူတို့ စစ်အာဏာရှင် အောက်မှာ လုပ်ငန်းတွေ လည်ပတ်နိုင်၏၊ မလည်ပတ်နိုင်၏ ဆိုတာကို သူတို့ သုံးသပ်နေတယ်ပေါ့။ ဒါကြောင့် အရင်လိုလည်း အော်ဒါများများ မအပ်ဘူးလို့ သိရတယ်။ အခုဟာက သူတို့ကုန်အမှတ်တံဆိပ် ကိုချုပ်နေတဲ့ စက်ရုံတွေမှာ အလုပ်သမားတွေ ဖမ်းဆီးခံရတာကိုလည်း သိရတော့ စိတ်မကောင်းဘူး ပေါ့နော်။ အလုပ်သမားတွေ အတွက်လည်း သူတို့အကုန်လုံး အစစအရာရာ လုပ်ပေးမယ်ပေါ့။ တာဝန်ယူ ဆောင်ရွက်ပေးမယ်လည်း ပြောတယ်။"
မြန်မာနိုင်ငံတွင်း အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွေမှာ အတင်းအကျပ် အချိန်ပိုစေခိုင်းတာ၊ အခြေခံ လစာမတိုးပေးတာနဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်ပစ်တာမျိုးလို ပြဿနာတွေ ရှိနေတယ်လို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ပြောဆိုနေကြတာပါ။
ဥရောပသမဂ္ဂကတော့ ပြည်တွင်းက စက်ရုံတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ ကြေညာစာတမ်းနဲ့အညီ အလုပ်သမား အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ တောင်းဆိုထားပါတယ်။ နိုင်ငံတကာ တံဆိပ်တွေဟာ ပြည်တွင်းက ထွက်သွားဖို့ ကြိုးပမ်းနေကြပေမယ့်၊ ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်းမှာ အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံဖိုးရှိတဲ့ ချုပ်ထည်တွေကို ပြည်ပတင်ပို့နိုင်ခဲ့တယ်လို့ Ecotextile News စာစောင်က ရေးသားခဲ့ပါတယ်။
အခုနှစ် ဧပြီလ တလတည်းမှာတင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး တင်ပို့ထားတယ်လို့ ဖက်ရှင်နဲ့ အထည်ချုပ်လုပ်ငန်း သတင်းတွေ ဖော်ပြတဲ့ Fiber 2 Fashion စာစောင်ကလည်း ရေးသားထားပါတယ်။ တချို့ကလည်း မြန်မာနိုင်ငံတွင်း ချုပ်ထည် အော်ဒါသစ်တွေကို တရုတ်က တဆင့်ခံပြီး အပ်နေသလား ဆိုတာ မေးခွန်းထုတ်ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ အများအပြား ပိတ်ပစ်ခဲ့တာမှာ အထည်ချုပ်လုပ်ငန်း တချို့လည်းပါပါတယ်။ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံကြီးတွေက ကုမ္ပဏီကြီးတွေ အနေနဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတခုကိုပဲ ကြည့်နေမယ်ဆိုရင် ဒါက မြန်မာစစ်ကောင်စီကို သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ခံတာ ဖြစ်တယ်လို့လည်း လူအခွင့်အရေးအဖွဲ့တွေက ထောက်ပြ ဝေဖန်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG