သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအထည်ချုပ် ပြည်ပတင်ပို့မှုတိုးလာ


အထည်ချုပ်စက်ရုံလုပ်ငန်းခွင်
အထည်ချုပ်စက်ရုံလုပ်ငန်းခွင်
အထည်ချုပ်စက်ရုံတွေဟာ အခုမေလထဲ ဥရောပနဲ့အမေရိကန်ကအပ်ထည်တွေကို ချုပ်ပေးနေရပြီး၊ အရင်ကထက် အော်ဒါပိုရလာတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ သတင်း အရင်းအမြစ်တွေကတဆင့်သိရပါတယ်။ တဖက်မှာတော့ အထည်ချုပ်လုပ်ငန်းက အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်း ကိုသားညွန့်ဦး ပြောပြမှာပါ။
နိုင်ငံတကာက နာမည်ကြီး ကုန်အမှတ်တံဆိပ် အထည်ချုပ်လုပ်ငန်းတွေ မြန်မာနိုင်ငံထဲကထွက်သွားဖို့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ တောင်းဆိုနေပေမဲ့ ပြီးခဲ့တဲ့၂၀၂၂ ဇန်နဝါရီကနေ စက်တင်ဘာအထိ အထည်ချုပ်တွေကို အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံဖိုး မြန်မာနိုင်ငံက တင်ပို့နိုင်ခဲ့တယ်လို့ အထည်ချုပ်လုပ်ငန်းကို စောင့်ကြည့်ရေးသားနေတဲ့ Ecotextile စာစောင်က ရေးသားပါတယ်။ အခုနှစ်ဧပြီလ တလတည်းမှာတင် အမေရိကန်ဒေါ်လာ ၃၈၄သန်းဖိုး တင်ပို့ထားနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းကို ကိုးကားပြီး Fiber 2 Fashion စာစောင်ကလည်း ရေးပါတယ်။

ဥရောပနဲ့ အမေရိကန်နိုင်ငံတွေက အပ်ထည်အော်ဒါတွေ အရင်ကထက် ပိုရလာတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကို ကိုးကားပြီး ပြည်တွင်းသတင်းဌာန တချို့က ရေးကြပါတယ်။ ဒီကုန်အမှာတွေဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကနေ တိုက်ရိုက်ရရှိနေလား ဆိုတာကိုတော့ သဲသဲကွဲကွဲမသိရပါဘူး။ ဒါပေမဲ့ အခုမေလထဲမှာ အထည်ချုပ်စက်ရုံတွေမှာ ဝန်ထမ်းအသစ် တွေ ခေါ်နေတာ၊ လုပ်ငန်းခွင်ထဲမှာ စက်ချုပ်တန်းတွေကို ထပ်ပြီး တိုးချဲ့နေတာကို ကြည့်ပြီး အော်ဒါသစ်တွေ ထပ်ရနေတယ်ဆိုတာ ဖြစ်နိုင်ကြောင်း အလုပ်သမား သမဂ္ဂတွေက ခန့်မှန်းပါတယ်။

အော်ဒါသစ်တွေ ရတယ်၊ မရဘူးဆိုတာ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက သိခွင့်မရဘဲ စက်ရုံပိုင်ရှင်တွေနဲ့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း MGMA ကပဲ သိနိုင်တဲ့ကိစ္စဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်း STUM ရဲ့ ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

" ဒါပေမဲ့ ကျမတို့ သိနိုင်တာတခုကတော့ အလုပ်သမားတွေကို OT(အချိန်ပို)တွေ နင်းကန်ခေါ်တာပေါ့နော်၊ ညလုံးပေါက် အိုတီတွေခေါ်တာ၊ ပြီးရင် စက်တန်းတွေလူတိုးတာ၊ နောက် အနိမ့်ဆုံး လုပ်ခလစာကို တိုးတာတို့၊ စက်ရုံအသစ်တွေ တိုးတာတို့၊ ဒါတွေဟာ အော်ဒါရှိလို့ ဒီစက်ရုံတွေ တိုးတာလား၊ စက်ရုံတရုံနဲ့တရုံ အပြိုင်ခေါ်တာပေါ့။ All super တွေကနေ သူ့လူတွေကိုဆွဲခေါ် နောက်တရုံကို သွားတာတို့ ဒါမျိုးတွေ မြင်နေရတဲ့အခါကြတော့ သူတို့ပြောတဲ့ အနေအထားက ဖြစ်ရင်လည်း ဖြစ်နိုင်တယ်ပေါ့။ ဒါမှမဟုတ် တရုတ်ဘက်ကတဆင့် လှည့်ဝင်လာတာကို၊ တရုတ်ကတဆင့်ခံ ဒီမှာလာချုပ်တာကို ပြောတာလား၊ နိုင်ငံရေးကစားကွက်၊ ဒါတော့ ကျမ မသိနိုင်ဘူး။"

မြန်မာ အထည်ချုပ်လုပ်ငန်းခွင်တခု ၊ မေ ၈၊ ၂၀၂၀
မြန်မာ အထည်ချုပ်လုပ်ငန်းခွင်တခု ၊ မေ ၈၊ ၂၀၂၀
အာဏာသိမ်း စစ်ကောင်စီအောက်မှာ အလုပ်သမားအခွင့်အရေးကို အပြည့်အဝမပေးနိုင်ဘူးဆိုပြီး နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေ ပြည်တွင်းကထွက်ခွာသွားဖို့ ဖိအားပေးခံနေရပါတယ်။ တချို့စက်ရုံတွေဟာ တဘက်မှာ အပိတ်ပြပြီး တခြားတနေရာမှာ ပြန်ဖွင့်ကြသလို နာမည်ကြီး တံဆိပ်တွေလည်း အနည်းအကျဉ်းလောက်သာ ထွက်သွားခဲ့တာပါ။ ၂၀၂၃ ဧပြီလထဲမှာ တရုတ်နဲ့ ထိုင်းကို နယ်စပ်ကနေ အထည်ချုပ် ဒေါ်လာသန်း ၂၀၀ ဖိုးတင်ပို့ထားပြီး၊ ဥရောပနဲ့ တခြားတိုင်းပြည်တွေကို ဒေါ်လာ ၁၈၄သန်းဖိုး တင်ပို့ခဲ့တာပါ။

ပြန်ဖွင့်နေတဲ့၊ ပြန်လည်ပတ်နေတဲ့ စက်ရုံတွေဟာ အခြေခံတရက်လုပ်ခလစာ ၄,၈၀၀ကျပ်ကနေ ၅,၆၀၀ ကိုတိုးပေးပြီး အလုပ်သမားထောင်နဲ့ချီ ခေါ်ယူနေပါတယ်။ ဒါဟာ လစာတိုးပေးဖို့ အလုပ်သမားတွေ ဆန္ဒမပြလာခင် ကြိုတင်ကာကွယ်လိုက်တာလို့ သမဂ္ဂတွေက မြင်ကြပါတယ်။ ပြီးတော့ အလုပ်ရှင်တွေဟာ အခြေခံအလုပ်သမားသမဂ္ဂ အသစ်တွေ ဖွဲ့စည်းနေပြီး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြကြပါတယ်။ ဒါဟာ ဥရောပလို နိုင်ငံတွေဆီက အော်ဒါအသစ်တွေ အဆက်မပြတ်ရဖို့ ပရိယာယ် တခုသာဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။

ILO က မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေ ကွယ်ပျောက်နေပြီဆိုတဲ့ အစီရင်ခံစာကို ပြန်ပြီးတုံ့ပြန်ဖို့ ဒီလိုနည်းလမ်းတွေ သုံးလာတာလို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အိအိဖြူက ဗွီအိုအေကို ပြောပါတယ်။

" စက်ရုံအတွင်းထဲမှာ လုပ်ငန်းခွင် အတွင်းထဲမှာ သမဂ္ဂတွေ အတင်းအဓမ္မဖွဲ့ခိုင်းတယ်၊ အလုပ်ရှင်တွေက မဲပုံးတွေချပြီး နင်လည်းထည့်၊ နင်လည်းထည့်ဆိုပြီး မဲတွေရွေးချယ်ခိုင်းပြီး ဒါက ဒီစက်ရုံရဲ့ အခြေခံသမဂ္ဂပါဆိုပြီး အလုပ်သမားဝန်ကြီးဌာနကို မှတ်ပုံတင်တယ်။ အလုပ်သမား ဝန်ကြီးဌာနက ILOရဲ့ အစီရင်ခံစာကို သူတို့ကပြန်တုံ့ပြန်တာပေါ့နော်။ ဒီမှာ ငါတို့ ဝန်ကြီးဌာနတွေမှာ အလုပ်သမား သမဂ္ဂတွေ မှတ်ပုံတင်နေပါတယ် ဆိုတဲ့ ပြရုပ်ကို ယူကြတာပေါ့နော်။ တကယ်တမ်းကြ လုပ်ငန်းခွင်ထဲ ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေက Yellow Union ပဲဖြစ်တယ်၊ အော်ဒါရရေးအတွက် ဖြစ်တယ်၊ ဒီအလုပ်သမား ဝန်ကြီးဌာနကို မှတ်ပုံတင်ဖို့အတွက်ပဲ ဖြစ်တယ် ဆိုတာကတော့ အလုပ်သမားတွေရဲ့ ခံစားချက်တွေပဲ ဖြစ်တယ်ပေါ့။"

မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က အမေရိကန် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံတကာဆက်ဆံရေး တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံခဲ့တယ်လို့ ဒေါ်အိအိဖြူကပြောပါတယ်။ အဲဒီလိုတွေ့တာမှာ ဒီကိစ္စတွေအပါအဝင် ကလေးလုပ်သားတွေအကြောင်း၊ အတင်းအဓမ္မ ခိုင်းစေမှုတွေ ဒါတွေကို သူတို့ ဆွေးနွေးခဲ့ကြတာပါ။

ဘယ်ကုန်အမှတ်တံဆိပ်ကို ချုပ်လုပ်နေတဲ့ စက်ရုံတွေက အလုပ်သမား အခွင့်အရေးကို ချိုးဖောက်နေလဲ ဆိုတာ လေ့လာနေတဲ့အကြောင်း အမေရိကန် အလုပ်သမား ဝန်ကြီးဌာနဘက်က ပြောခဲ့တယ်လို့ သူကပြောပါတယ်။ အမေရိကန် အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ပြည်တွင်းက စက်ရုံ အလုပ်သားတွေအပြင် ထိုင်းရောက် မြန်မာရွေ့ပြောင်း အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် ပြဿနာတွေ ကိုလည်း FGWM နဲ့ ဆွေးနွေးခဲ့ကြပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG