သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သပိတ်မှောက်ကားစက်ရုံလုပ်သားတွေဆီ သမ္မတဘိုင်ဒန်သွားအားပေးမည်


ကားစက်ရုံအလုပ်သမားသမဂ္ဂ UAW အဖွဲ့ဝင်တွေဆန္ဒပြနေစဉ် (စက်တင်ဘာ ၂၂၊ ၂၀၂၃)
ကားစက်ရုံအလုပ်သမားသမဂ္ဂ UAW အဖွဲ့ဝင်တွေဆန္ဒပြနေစဉ် (စက်တင်ဘာ ၂၂၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စုမှာ သပိတ်မှောက်နေကြတဲ့ ကားစက်ရုံ အလုပ်သမားတွေဘက်က အားပေးရပ်တည်တယ်ဆိုတာ ပြသဖို့ သမ္မတ Joe Biden ဟာ အင်္ဂါနေ့ကျရင် Michigan ပြည်နယ် Detroit မြို့ကို သွားရောက်မှာဖြစ်ပါတယ်။ ကားစက်ရုံအလုပ်သမားသမဂ္ဂ UAW အဖွဲ့ဝင် အလုပ်သမားတွေ သပိတ်မှောက် ဆန္ဒပြနေကြတဲ့နေရာကို သမ္မတသွားရောက်ပြီး ထောက်ခံမှုကို ပြသမှာဖြစ်ပါတယ်။ သူတို့ပံ့ပိုးမှုနဲ့ရရှိထားတဲ့ အကျိုးအမြတ်ကို မျှမျှတတ ခံစားခွင့်ရအောင် တောင်းဆိုနေကြတဲ့ UAW အလုပ်သမားတွေနဲ့ တသားတည်းရှိတယ်ဆိုတာကို သွားရောက် ပြသမှာဖြစ်တယ်လို့ သမ္မတက X လူမှုကွန်ယက် (ယခင် Twitter) ပေါ်ကနေ ပြောကြားခဲ့ပါတယ်။ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်နိုင်ဖို့ကြိုးစားနေတဲ့ သမ္မတဟောင်း Trump ကလည်း ဆန္ဒပြ စက်ရုံအလုပ်သမားတွေကို ထောက်ခံဖို့ ဗုဒ္ဓဟူးနေ့ကျရင် Michigan ကိုသွားမယ်လို့ ကြေညာထားပါတယ်။

အမေရိကန်က အဓိကကားလုပ်ငန်းကြီး ၃ ခုဖြစ်တဲ့ Ford၊ General Motors နဲ့ Stellantis ကားကုမ္ပဏီတွေက စက်ရုံအလုပ်သမား သောင်းနဲ့ချီ သပိတ်မှောက်နေကြတာပါ။ သောကြာနေ့မှာ သပိတ်မှောက်မှုအရှိန်ကို ထပ်တိုးမြှင့်တဲ့အနေနဲ့ General Motors နဲ့ Stellantis ကားကုမ္ပဏီတွေရဲ့ ကားပစ္စည်းထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးစင်တာပေါင်း ၃၈ ခုက သမဂ္ဂဝင် ၅ ထောင့် ၆ ရာလောက် သောကြာနေ့က ထပ်ပြီးဆန္ဒပြခဲ့ကြပါတယ်။

General Motors ကုမ္ပဏီ ၊ Stellantis ကုမ္ပဏီတို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှေ့မတိုးဖြစ်နေတာကြောင့် ပြည်နယ်ပေါင်း ၂၀ မှာရှိတဲ့ အဲဒီကုမ္ပဏီနေရာတွေမှာ တိုးချဲ့ ဆန္ဒပြသွားမယ်လို့ UAW ဥက္ကဋ္ဌ Shawn Fain ကပြောကြားခဲ့ပါတယ်။ Ford ကားကုမ္ပဏီနဲ့ ညှိနှိုင်းမှုတွေကတော့ တိုးတက်မှုရှိနေတာကြောင့် အဲဒီကုမ္ပဏီနေရာတွေမှာ တိုးမြှင့်သပိတ်မှောက်တာ မလုပ်သေးဘူးလို့ သူကပြောပါတယ်။ အလုပ်သမားတွေအတွက် ၄ နှစ်အတွင်း လုပ်ခလစာ ၄၀ ရာခိုင်နှုန်းအထိတိုးပေးဖို့ အပါအဝင် အလုပ်သမားသမဂ္ဂဘက်က တောင်းဆိုနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG