သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မမိုးမြင့် ဈာပန မိခင်နှင့်မိသားစု တက်ရောက်ဖို့ ထိုင်းအစိုးရတာဝန်ယူ


Ambulances wait outside an exit of the Siam Paragon Mall while shoppers rush out after shots are fired inside, in Bangkok, Thailand, Oct. 3, 2023.
Ambulances wait outside an exit of the Siam Paragon Mall while shoppers rush out after shots are fired inside, in Bangkok, Thailand, Oct. 3, 2023.

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Siam Paragon ကုန်တိုက်မှာ အောက်တိုဘာ (၃)ရက်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှု အတွင်း သေဆုံးခဲ့ရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား မမိုးမြင့်ရဲ့ ဈာပနကို မိခင်ဖြစ်သူနဲ့ မိသားစု တက်ရောက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Jakkrapong Sangmanee က ပြောကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မမိုးမြင့်ရဲ့ မိခင်ဖြစ်သူဟာ အောက်တိုဘာ ၆ ရက် ညနေပိုင်းမှာ ရန်ကုန်ကနေ လေကြောင်းခရီးနဲ့ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိပြီး နောက်ရက်မှာ သမီးဖြစ်သူရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ ထိုင်း Khaosod သတင်းမှာ ဖော်ပြပါတယ်။ မမိုးမြင့်ရဲ့ ထိုင်းအလုပ်ရှင် အပါအဝင် မြန်မာနိုင်ငံက ဆွေမျိုးသားချင်းတွေဟာ ထိုင်းနိုင်ငံအလယ်ပိုင်း နွန်သဘူရီ ပြည်နယ် ပတ်ခ်ကရက်မြို့ (Pak Kret)က ဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ ဘာသာရေးအရ လုပ်ဆောင်ရတဲ့ အခမ်းအနားတွေကိုလည်း တက်ရောက်ကြမယ် ဆိုပါတယ်။

ဈာပနအခမ်းအနားကို အောက်တိုဘာ ၄ ရက်ကနေ ၈ ရက်အထိ ကျင်းပပြီး ၈ ရက်နေ့မှာ မီး သင်္ဂြ ိုဟ်ဖို့ စီစဉ်ထားပါတယ်။ မမိုးမြင့်ရဲ့ မိခင်ဖြစ်သူဟာ သမီး သေဆုံးကြောင်း ကြားသိရအပြီးမှာ တုန်လှုပ်ခြောက်ခြား ဝမ်းနည်းကြေကွဲခဲ့ရပြီး ကျန်းမာရေး သိပ်မကောင်းပေမယ့် သမီးရဲ့ဈာပနအတွက် ထိုင်းနိုင်ငံကိုလာဖို့ ဆန္ဒပြင်းပြခဲ့တယ်လို့ မမိုးမြင့်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သူ ‘မိုင်’ကို ကိုးကားပြီး ထိုင်းသတင်းက ရေးပါတယ်။

မမိုးမြင့်ဟာ မိသားစုအတွင်း အဓိက ဝင်ငွေရှာသူဖြစ်လို့ ကျန်ရစ်တဲ့ မိသားစုကို ထိုင်း အလုပ်ရှင်ဘက်ကလည်း ဆက်လက်ပံ့ပိုး ကူညီမယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း မမိုးမြင့်အပြင် တရုတ်ခရီးသွားတဦးလည်း သေဆုံးခဲ့ရအပြီး ဒီအတွက် ထိုင်းထိုင်းဝန်ကြီးချုပ် Srettha Thavisin က တောင်းပန်ကြောင်း တရားဝင် ပြောကြားခဲ့သလို သေဆုံးသူတွေရဲ့ ဈာပနအတွက် ဘုရင့်တော်ဝင် နန်းတော်ကနေ တာဝန်ယူမှာ ဖြစ်ပါတယ်။

Siam Paragon က အရုပ်ဆိုင် ဝန်ထမ်းတဦးဖြစ်သူ အသက် ၃၁ နှစ်အရွယ် မမိုးမြင့်ကို "တာဝမ်"လို့လည်း ခေါ်ကြပြီး သူဟာ သနားကြင်နာတတ်သူတဦးဖြစ်သလို ထိုင်း၊ မြန်မာ၊ မန်ဒရင်း တရုတ် ဘာသာစကားနဲ့ အင်္ဂလိပ် စကားတွေ ပြောဆိုတတ်လို့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ လေးစားခံရသူလို့ ဆိုပါတယ်။ မမိုးမြင့်ဟာ ကုန်တိုက်ထဲက ဘဏ်မှာ ငွေအပ်နှံပြီး သန့်စင်ခန်းကို အသွားမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့ရတာပါ။ လည်ပင်းမှာ ၁ ချက်၊ နောက်ကျော ၂ ချက် စုစုပေါင်း သေနတ်ဒဏ်ရာ ၃ ချက်ထိခဲ့လို့ ဆေးရုံကို ပို့ဆောင်ကုသပေမယ့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်ခဲ့သူက အသက် (၁၄)နှစ်အရွယ် ထိုင်းလူငယ်တဦးဖြစ်ပြီး သူ့ရဲ့ မိသားစုကလည်း သေဆုံးထိခိုက်ခဲ့ရသူ အားလုံးအတွက် ဝမ်းနည်းကြောင်း တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ သေနတ်သမား လူငယ်ကို အရွယ်မရောက်သေးသူတွေ ထိန်းသိမ်းရေး စခန်းမှာထားပြီး မိသားစုက အာမခံတင်မှာ မဟုတ်သလို အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG