သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်တိုက် ပစ်ခတ်မှုမှာ သေဆုံးသူတွေအတွက် ထိုင်းနစ်နာကြေးပေးမည်


ပစ်ခတ်မှုဖြစ်ပွားရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam Paragon ကုန်တိုက်အပြင်ဘက်မှာ သေဆုံးသွားသူတွေအတွက် အမှတ်တရ ဖယောင်းတိုင်များ ထွန်းငြှိနေစဉ် (အောက်တိုဘာ ၄၊ ၂၀၂၃)
ပစ်ခတ်မှုဖြစ်ပွားရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam Paragon ကုန်တိုက်အပြင်ဘက်မှာ သေဆုံးသွားသူတွေအတွက် အမှတ်တရ ဖယောင်းတိုင်များ ထွန်းငြှိနေစဉ် (အောက်တိုဘာ ၄၊ ၂၀၂၃)

ထိုင်းနိုင်ငံ၊ Siam Paragon ကုန်တိုက်မှာ အောက်တိုဘာလ ၃ရက်နေ့ ပစ်ခတ်မှုအတွင်း အမျိုးသမီး ၂ ဦး ဖြစ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနဲ့ တရုတ်ခရီးသွားတို့ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ကနဦး နစ်နာကြေးအဖြစ် ဘတ်ငွေ နှစ်သိန်းစီ ပေးအပ်မှာ ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ အသက်သေဆုံးခဲ့ရတဲ့ အထိဖြစ်ရတဲ့ ဖြစ်ရပ်အတွက် လျှော်ကြေးနဲ့ တင်မလုံလောက်ပဲ ကျူးလွန်သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့ပါ တောင်းဆိုနေတာပါ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဘန်ကောက်က အထင်ကရ ကုန်တိုက်မှာ အင်္ဂါနေ့ (အောက်တိုဘာ ၃) က ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသူ ၂ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရသူတွေအတွက် ထိုင်းအစိုးရက နစ်နားကြေးပေးဖို့ရှိကြောင်း ထိုင်းအစိုးရကပြောပါတယ်။ သေဆုံးသူတွေအတွက် တဦးကို ဘတ်ငွေ ၂ သိန်း ကနဦး နစ်နာကြေးပေးမှာ ဖြစ်ကြောင်း တရားရေး ဝန်ကြီးဌာရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှု ကာကွယ်ရေးအရာရှိ Mr. Sakolphat Kijdamrongsak နိုင်စိုဖတ် ကပြောပါတယ်။

"သေဆုံးဒဏ်ရာရသူအတွက် လျော်ကြေးငွေကို ပြစ်မှု အကျူးလွန်ခံရသူများအတွက် ပေးအပ်တဲ့လျော်ကြေးငွေ ဆိုင်ရာ အက်ဥပဒေနဲ့ အညီပေးဖို့ရှိပါတယ်။ အခု Siam Paragon ကုန်တိုက်မှာ သေနတ်သမားရဲ့ပစ်ခတ်မှုကို ခံရတဲ့သူတွေအတွက် ပေးမယ့် နစ်နာကြေးနဲ့ ပတ်သက်လို့ နှစ်မျိုးခွဲထားပါတယ်။ သေဆုံးခဲ့ရသူတွေနဲ့ ဒဏ်ရာရသူ တွေ အဖြစ် ၂ မျိုးခွဲထားပြီး သေဆုံးသွားရ သူတွေကိုတော့ ဘတ်ငွေ ၂ သိန်းစီ ပေးမှာပါ။ ဒီနစ်နာကြေးတွေကို သေဆုံးသူရဲ့ ဆွေမျိုးတွေကနေ လျှောက်ထားရမှာဖြစ်ပြီး တလအတွင်း ထုတ်ပေးသွားမယ်လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်၊"

ဒဏ်ရာရတဲ့သူတွေအတွက် ဆေးကုသစရိတ်အဖြစ် ဘတ် ၄၀,၀၀၀ နဲ့ပြန်လည်ထူထောင်ရေး အတွက် ၂၀,၀၀၀ ပေးမယ်လို့ တရားရေး ဝန်ကြီးဌာရဲ အရာရှိက ပြောပါတယ်။ ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်သူတွေကိုတော့ တရက်ကို ၃၅၃ ဘတ်နဲ့ တနှစ်အထိ နစ်နာကြေး ပေးမယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam Paragon ကုန်တိုက်ပစ်ခတ်မှုအတွင်း သေဆုံးသွားသူ မြန်မာအမျိုးသမီး မမိုးမြင့်ရဲ့ ဆွေမျိုးသားချင်းများ (အောက်တိုဘာ ၄၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam Paragon ကုန်တိုက်ပစ်ခတ်မှုအတွင်း သေဆုံးသွားသူ မြန်မာအမျိုးသမီး မမိုးမြင့်ရဲ့ ဆွေမျိုးသားချင်းများ (အောက်တိုဘာ ၄၊ ၂၀၂၃)

ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခွင့်ရေးဆိုင်ရာ ဆောင်ရွက်ပေးနေတဲ့ Labour Right Foundation က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်ကတော့ အသက်သေဆုံးခဲ့ရတဲ့ အထိဖြစ်ရတဲ့ ဖြစ်ရပ်အတွက် လျှော်ကြေးနဲ့ တင်မလုံလောက်ပဲ ကျူးလွန်သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့ပါ တောင်းဆိုပါတယ်။

"ကျနော်တို့အနေနဲ့ နိုင်ငံတကာ ဥပဒေအရရော လူသား၂ဦးကို အသက်သေစေတဲ့အထိ ပစ်ခတ်တာကိုကျတော့ နစ်နာကြေးထောက်ပံ့ကြေးပေးရုံနဲ့တင်မလုံလောက်ပါဘူးခင်ဗျ၊ အသက်သေဆုံးတဲ့အထိ ပစ်ခတ်တဲ့အတွက် ထိုက်သင့်တဲ့ကျင့်ထုံးဥပဒေအရ အပြစ်ပေးတာမျိုးတွေလုပ်ဖို့လိုအပ်တယ်လို့ ကျနော်တို့ကပြောချင်ပါတယ်၊

အမှန်တော့ ဆရာဝန်ဆေးစာပေါ်မှာ မူတည်လိမ့်မယ်။ သူတို့ပြောနေသလို စိတ္တဇဝေဒနာရှင်ဆိုတာ ဟုတ်မဟုတ်ဆိုတာ ခိုင်လုံအောင် အထောက်အထားနဲ့ ပြသရလိမ့်မယ်၊ နို့ မဟုတ်ရင် ထိုက်သင့်တဲ့ ကြီးမားတဲ့ပြစ်ဒဏ် ကျခံရမှာပဲ။ အခုက နှစ်နိုင်ငံသားတွေ။ တရုတ်နိုင်ငံသား ခရီးသွားပါတယ်။ မြန်မာ အလုပ်သမားကလည်း တရားဝင် စာရွက်စာတမ်းနဲ့ အလုပ်လာလုပ်တာဖြစ်တဲ့အတွက် ပြစ်မှုပြစ်ဒဏ်အရ ထောင်ဒဏ်ကျ ခံရမှာဖြစ်ပါတယ်"

သေနတ်နဲ့ ပစ်ခတ်ခဲ့သူ အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ်ကို ထိုင်းရဲတွေက အမှု ၅ ခုနဲ့ အမှုဖွင့်ထားတာ ဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေရာမှာ ထိုင်းရဲချုပ်က သတင်းစာ ရှင်းလင်းရာမှာတော့ ပြစ်မှုကျူးလွန်သူလူငယ်ဟာ ဂိမ်းတွေကစားပြီး စိတ်ဝေဒနာခံစားနေရ သူဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ ဒါကြောင့် ဒီအချက်ကိုတော့ သေသေချာချာ စစ်ဆေးဖို့ လိုနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဘန်ကောက်မြို့မြန်မာသံရုံးက သံအမတ်နဲ့ အလုပ်သမား သံအရာရှိတို့ကတော့ အောက်တိုဘာလ ၄ရက်နေ့မှာ Pathuwan နယ်မြေရဲစခန်းက ဒုတိယရဲမှူးကြီးနဲ့ သေဆုံးသူ မမိုးမြင့်ရဲ့အလုပ်ရှင်နဲ့ သွားရောက်တွေဆုံခဲ့ပြီး နာရေးကိစ္စတွေ၊ ဂရုဏာကြေးကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။

ဒါ့အပြင် သေဆုံးသူ မမိုးမြင့်ရုပ်အလောင်းကို အောက်တိုဘာ ၈ ရက်မှာ Changwattana ဘုန်းကြီးကျောင်းမှာ ကောင်းမွန်စွာ မီးသင်္ဂြိုဟ်နိုင်ရေးအတွက် သူ့ မိခင်နဲ့လည်းဆက်သွယ် အကူညီပေးနေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Siam Paragon ကုန်တိုက်အတွင်း ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ လူငယ်ကိုတော့ ဘန်ကောက်ရဲက လူသတ်မှု၊ လူသတ်ဖို့ကြိုတင်ကြံစည်မှု၊ လူသတ်ဖို့ကြိုးပမ်းမှု၊ လက်နက်ခဲယမ်းလက်ဝယ်တွေ့မှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမှာပစ်ခတ်မှုစတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG