သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးစစ်ဖြစ်နေပြီလို့ Netanyahu ကြေညာ 


အစ္စရေးနဲ့ ပါလက်စတိုင်း Hamas စစ်သွေးကြွတို့ အပြန်အလှန်ပစ်ခတ်နေ (အောက်တိုဘာ ၇၊ ၂၀၂၃)
အစ္စရေးနဲ့ ပါလက်စတိုင်း Hamas စစ်သွေးကြွတို့ အပြန်အလှန်ပစ်ခတ်နေ (အောက်တိုဘာ ၇၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း Hamas စစ်သွေးကြွတွေဟာ ဒီနေ့စနေနေ့ အစောပိုင်းက အစ္စရေးလူမျိုးတွေနေထိုင်တဲ့ မြို့တချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အပြင် Rocket ဒုံးကျည်တွေနဲ့လည်း အကြီးအကျယ်တိုက်ခိုက်ခဲ့တဲ့အတွက် အစ္စရေးဘက်ကလည်း လက်တုံ့ပြန် တိုက်ခိုက်နေပါတယ်။ ခုလို မျှော်လင့်မထားဘဲ အစ္စရေးအပေါ် Hamas စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ဖြစ်နေပြီလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကြေညာလိုက်ပါတယ်။

“ကျနော်တို့ဟာ စစ်ဖြစ်နေပါပြီ။ ဒါဟာ စစ်ဆင်ရေးလုပ်နေတာ မဟုတ်ပါဘူး။ စစ်ဖြစ်နေတာပါ။ ဒီကနေ့မနက်မှာဘဲ Hamas အဖွဲ့က အစ္စရေးနဲ့ နိုင်ငံသားတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်ခံရကတည်းက စစ်စဖြစ်နေတာပါ။ လုံခြုံရေးတာဝန်ရှိသူတွေကို ကျနော် ဆင့်ခေါ်ခဲ့ပြီး ထိုးဖောက် ဝင်ရောက်လာတဲ့ အကြမ်းဖက်သမားတွေကို အရင် ရှင်းထုတ်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အရံတပ်ဖွဲ့တွေကိုလည်း ဆင့်ခေါ်ထားပြီး ရန်သူဘက်က ဘယ်လိုမှ မျှော်လင့်မထားတဲ့အတိုင်းအတာနဲ့ တိုက်ခိုက် ချေမှုန်းပစ်ဖို့ ညွန်ကြားထားပါတယ်” - လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောသွားပါတယ်။ ဂါဇာမှာရှိတဲ့ Hamas ပစ်မှတ်တွေအပေါ် အစ္စရေးတို့ဘက်က တိုက်ခိုက်နေပါတယ်။

ဂျူးလူမျိုးတို့အတွက် အဓိက အားလပ်ရက်တခုဖြစ်တဲ့ ဒီကနေ့မှာ ဒါဇင်နဲ့ချီတဲ့ Hamas တပ်ဖွဲ့ဝင်တွေဟာ ကုန်းကြောင်း၊ လေကြောင်း ၂ ခုစလုံးကနေ အစ္စရေးနိုင်ငံအတွင်းကို ထိုးဖောက် ဝင်ရောက်ခဲ့ပြီး တိုက်ခိုက်မှုတွေ စတင်ခဲ့တာကြောင့် အစ္စရေးဘက်က ကြိုတင် ပြင်ဆင်ချိန် မရလိုက်ပါဘူး။

ရန်စမှုမရှိဘဲ Hamas စစ်သွေးကြွတွေဘက်က တဖက်သတ် တိုက်ခိုက်မှုအပေါ် ပြတ်ပြတ်သားသား အပြစ်တင်တယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

Hamas ရဲ့ အခုလို ရုတ်တရက် တိုက်ခိုက်မှုကြောင့် ၂၂ ဦးထက်မနည်း သေဆုံးပြီး ရာနဲ့ချီတဲ့လူတွေလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးအမျိုးသားကယ်ဆယ်ရေးဌာနက ပြောပါတယ်။ အစ္စရေးနိုင်ငံ၊ Beersheba မြို့က Soroka ဆေးရုံတာဝန်ရှိသူတွေရဲ့ အဆိုအရ ဒဏ်ရာရသူ အနည်းဆုံး လူ ၂၈၀ ကို ကုသပေးနေပြီး အဲဒီအထဲက ၆၀ ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။ အနီးနား Ashkelon မြို့ ၊ Barzilai ဆေးရုံကတော့ သူတို့အနေနဲ့ စိုးစရာအခြေအနေမှာရှိသူ ၁၂ ဦး အပါအဝင် ဒဏ်ရာရသူ ၁၈၂ ဦးကို ကုသပေးနေကြောင်း ပြောပါတယ်။ ဂါဇာကမ်းမြောင်ဘက်က ထိခိုက် သေဆုံးမှုစာရင်းကို ထုတ်ပြန်ခြင်းမရှိပေမယ့် လူ ၁၅ ယောက်ရဲ့ အသုဘချတာကို တွေ့ခဲ့ရပြီး နောက်ထပ် အလောင်း ၈ လောင်း ဆေးရုံကို သယ်လာတာတွေ့ရကြောင်း AP သတင်းထောက်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG