ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းသံအမတ်ဟောင်းတစ်ဦး ဖြစ်တဲ့ Vichit Vichitmarn အသတ်ခံရတဲ့အမှုမှာ လူသတ်မှုကျူးလွန်သူအဖြစ် ရဲက သံသယရှိနေသူ အသက်(၁၉)နှစ်အရွယ် မြန်မာနိုင်ငံသား စိုင်းမြတ်မိုးကို ဖမ်းမိနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့နဲ့ ဘန်ကောက်မြို့မြန်မာသံရုံးက တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်းကို သတ်မှုနဲ့ မသင်္ကာသူ မြန်မာလူငယ်တဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေရာမှာ လူသတ်မှုကျူးလွန်သူလို့ သံသယရှိတဲ့ မြန်မာလူငယ်ဟာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးသွားပြီလို့ ထိုင်းအာဏာပိုင်တွေက ယူဆထားကြပါတယ်။ ဒီအတွက်သံသယရှိသူကို ဖမ်းဆီးနိုင်ဖို့ မြန်မာသံရုံးနဲ့ ပူးပေါင်းပြီး ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဘန်ကောက် ရဲတပ်ဖွဲ့ရဲချုပ် Gen. Theeradej Thamsuthee ထိရဒက် ထမဆူထီ က အခုလို ပြောပါတယ်။
"ကျွန်တော်တို့ရတဲ့ သတင်းအချက်လက်အရ သူဟာ နယ်စပ်ကနေ မြန်မာနိုင်ငံထဲ ပြန်ဝင်သွားပြီ ဖြစ်ပါတယ်။ သူဟာ စက်တင်ဘာလ ၂၉ရက်နေ့ကတည်းက မြန်မာနိုင်ငံဘက်ကို ပြန်ဝင်သွားတာပါ။ သူနယ်စပ်ကနေ ပြန်သွားတယ်ဆိုတာကို စီစီတီဗွီ မှတ်တမ်းတွေနဲ့ သတင်းအချက်အလက်တွေ ကျနော်တို့ ရယူထားပြီးပါပြီ" လို့ ထိုင်းဘာသာနဲ့ပြောသွားပါတယ်။
သံအမတ်ဟောင်း အသတ်ခံရတဲ့ ညမှာပဲ သူဟာ နေအိမ်က အဖိုးတန်ပစ္စည်း ( ဖုန်း၊ ကွန်ပြူတာ- တက်ပလက်၊ နာရီ နဲ့ ဘဏ်ကဒ်) တွေကို ယူပြီး ထွက်သွားခဲ့တာလို့ CCTV စစ်ဆေးချက်ကို ကိုးကားပြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ စိုင်းမြတ်မိုးဟာ သေဆုံးသူ သံအမတ်ဟောင်းရဲ့ ဘဏ်ကဒ်နဲ့ ကုန်တိုက်နှစ်ခုကနေ ငွေသား ထိုင်းဘတ်ငွေ တသိန်းငါးသောင်းကျော် ထုတ်ယူသွားခဲ့တယ်လို့ လည်းဆိုပါတယ်။
စိုင်းမြတ်မိုးဟာ ဘန်ကောက်က အလုပ်ရှာဖွေပေးတဲ့ ကုမ္ပဏီတစ်ခုကို ဆက်သွယ်ပြီး တလ ကို ဘတ်ငွေ တသောင်းနဲ့ သံအမတ်ဟောင်းရဲ့ နေအိမ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က အလုပ်စတင် ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
အခုနောက်ဆုံး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ စိုင်းမြတ်မိုးဟာ ဘန်ကောက်ကနေ ချင်းယိုင်- မယ်ဆိုင် အထိ လိုင်းကားနဲ့ လိုက်ပါသွားပြီး၊ တဖက် မြန်မာနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်သွားပြီလို့လည်း ဘန်ကောက်ရဲက ပြောပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်နေသူ ဦးမိုးကြိုးကတော့ ဒီသံသယရှိသူ လူငယ်ကို တွေ့ရင် သတင်းပေးကြဖို့ ထိုင်းအာဏာကပိုင်တွေက တိုက်တွန်းထားတယ်လို့ပြောပါတယ်။
"ဒီကောင်လေး(လူငယ်လေး) က စက်တင်ဘာလ ၂၉ ရက်နေ့လောက်ကတည်းက ထိုင်းနိုင်ငံထဲက နယ်နမိတ်ထဲမှာ မရှိတော့ဘူး။ မြန်မာနိုငံဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ထိုင်းပိုင် နယ်နိမိတ်ထဲမှာ ရှိနိုးနဲ့ သက်ဆိုင်ရာ စစ်တပ်၊ ရဲထောက်လှမ်းရေး အဖွဲ့အစည်းတွေကနေ ကျူးလွန်သူလို့သံသယရှိသူ ကောင်းလေးနဲ့ ပတ်သက်ရင် သတင်းရဖို့အတွက် ပြောကြဖို့ကိုလည်း တိုက်တွန်းထားတယ်"
စိုင်းမြတ်မိုးကို ထိုင်းအစိုးရက တရားဝင် ဖမ်းဝရမ်းထုတ်ထားပြီး၊ သူ့ကိုဖမ်းဆီးနိုင်ဖို့ ဘန်ကောက် မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေသလို၊ စိုင်းမြတ်မိုးရဲ့ မိခင်ကို ဆက်သွယ်ပြီး အသာတကြည် အဖမ်းခံဖို့ ဖိအားပေး တိုက်တွန်းနေတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
အသက်၆၃ နှစ်အရွယ် ဒိန်းမတ်နိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ဟောင်းဟာ ဘန်ကောက်မြို့ ဝိဖဝတီ လမ်းက သူ့နေအိမ်ရဲ့ လှေကားရင်းမှာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး၊ မြန်မာနိုင်ငံသား စိုင်းမြတ်မိုးကို အဓိကသံသယ ရှိသူအဖြစ် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားပါတယ်။