သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပစ်ခတ်မှု သေဆုံးသူ့မြန်မာမိခင်ကို သေနတ်သမား ဖခင် တောင်းပန်


Thailand Mall Shooting Funeral
Thailand Mall Shooting Funeral

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရတဲ့မြန်မာမိန်းကလေးရဲ့ မိခင်ဖြစ်သူကို သေနတ်သမားရဲ့ဖခင်ဖြစ်သူက တွေ့ဆုံတောင်းပန်နေတာကို ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဘန်ကောက်မြို့မြောက်ပိုင်း နုန်ထဘူရီက ဘုရားကျောင်းတခုမှာ သေဆုံးသူမမိုးမြင့်ရဲ့ဈာပန တနင်္ဂနွေနေ့က ပြုလုပ်ရာမှာ သေနတ်သမားရဲ့ ဖခင်ဖြစ်သူလာရောက်ပြီး သေဆုံးသူ မမိုးမြင့်ရဲ့ မိခင် ဒေါ်ခင်ဝင်းကိုတွေ့ဆုံတောင်းပန်နေတာကို မြင်ကြရတာပါ။ လာရောက်တောင်းပန်သူကို သေဆုံးသူမိခင်ဖြစ်သူက ကောင်းကောင်းမွန်မွန်ပဲ လက်ခံတွေ့ဆုံ ဖျောင်းဖျနေတာ တွေ့ကြရပါတယ်။

အဲဒီနောက် သေနတ်သမားဖခင်ဖြစ်သူဆိုသူက ဒေါ်ခင်ဝင်းကို ဒူးထောက်တောင်းပန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ဘန်ကောက်မြို့လယ်က ကုန်တိုက်တခုမှာ ဆယ်ကျော်သက်အရွယ် သေနတ်သမားလက်ချက်နဲ့ မြန်မာလူမျိုး မမိုးမြင့်နဲ့ တရုတ်လူမျိုးတဦးတို့ သေဆုံးခဲ့ရပါတယ်။ အခြား လူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ပစ်ခတ်မှုဖြစ်ပြီး တနာရီအတွင်းမှာပဲ သေနတ်သမား ဆယ်ကျော်သက်လူငယ်ကို ရဲက ဖမ်းမိခဲ့ပါတယ်။

အသက် ၁၄ နှစ်အရွယ် သေနတ်သမားဟာ ဘန်ကောက် ပုဂ္ဂလိကကျောင်းတခုက ကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။ အသက်မပြည့်သေးသူတွေနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုကျင့်ထုံးတွေအရ ဒီ ကလေးနဲ့ပတ်သက်လို့တော့ ရဲက အသေးစိတ်ထုတ်ပြန်တာမျိုးမရှိပါဘူး။

မြန်မာအမျိုးသမီးငယ် မမိုးမြင့်ရဲ့ ဈာပနကို ထိုင်း တရားရေးဝန်ကြီးလည်း တက်ရောက်ပြီး အသက်ဆုံးရှုံးသွားသူတွေအတွက် ထိုင်းအစိုးရအနေနဲ့ ဝမ်းနည်းကြေကွဲစကားပြောခဲ့သလို ကျန်ရစ်သူမိသားစုအတွက် အတတ်နိုင်ဆုံး မျှမျှတတဖြစ်အောင် ကူညီသွားမယ်လို့ ပြောပါတယ်။

သေဆုံးခဲ့သူတွေအတွက် အစိုးရနဲ့ ကုန်တိုက်လုပ်ငန်းရှင်တွေပေါင်းပြီး နစ်နာကြေးအဖြစ် တဦးကို ဘတ်ငွေ ၆.၂ သန်း ပေးမယ်လို့ ထိုင်းအစိုးရ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG