သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံဆိုင်ရာ အစ္စရေးသံရုံး ဝန်ထမ်းတဦး ဓားထိုးခံရ


China Israel Palestinians
China Israel Palestinians

တရုတ်နိုင်ငံဆိုင်ရာ အစ္စရေးသံရုံး ဝန်ထမ်းတဦး ဓားထိုးခံရ

တရုတ်နိုင်ငံ ဘေဂျင်းမြို့က အစ္စရေးသံရုံးမှာ အလုပ်လုပ်တဲ့ အသက် ၅၀ အရွယ် အစ္စရေးအမျိုးသား တဦးဟာ သောကြာနေ့က စေျးဝယ် စင်တာ တခုရှေ့မှာ ဓားနဲ့ ထိုးခံခဲ့ရတယ်လို့ တရုတ်ရဲနဲ့ အစ္စရေး အစိုးရတို့က သတင်းထုတ်ပြန်ပါတယ်။ သံသယရှိသူ အသက် ၅၃ နှစ်အရွယ် နိုင်ငံခြားသား အမျိုးသားတဦးကို တရုတ်ရဲက ဖမ်းထားပါတယ်။ ဓားထိုးမှု အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

“ဓားထိုးခံရတဲ့ သံရုံးဝန်ထမ်းကို ဆေးရုံ ပို့ထားပြီး စိုးရိမ်စရာ အခြေအနေ မရှိဘူး” လို့ အစ္စရေး အစိုးရက သတင်းထုတ်ပြန်ထားပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုထဲမှာတော့ အမျိုးသားတဦးက အခြားအမျိုးသားတဦးကို ဓားနဲ့အကြိမ်ကြိမ် ထိုးနေတာကို မြင်တွေ့ရပြီး လမ်းဘေး လူသွား စင်္ကြန်ပေါ်မှာလည်း သွေးတွေ စွန်းထင်းနေတာတွေ့ရပါတယ်။

အရင်အပတ် စနေနေ့က အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး အစ္စရေးရဲ့ လက်တုံ့ပြန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာတဝန်းမှာ မွတ်ဆလင်တွေက သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ အပြီးမှာ လမ်းပေါ် ထွက် ဆန္ဒထုတ်ဖော် အပြီးမှာ အခု ဓားထိုးမှု ဖြစ်ပွားခဲ့တာပါ။ ဒါ့အပြင် အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်အဖွဲ့ ဝင်ရောက် တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ ကြေညာချက် အပေါ် အစ္စရေး အစိုးရက ဝေဖန်နေချိန်လည်း ဖြစ်ပါတယ်။

တရုတ်က ဟားမတ်စ်တိုက်ခိုက်မှုအပေါ် ပြတ်ပြတ်သားသား ရှုတ်ချတာမျိုး မလုပ်ခဲ့သလို အစ္စရေးရဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကိုလည်း ထောက်ခံတာမျိုး မလုပ်ခဲ့လို့ အစ္စရေးဘက်က မကျေမနေပ် ကန့်ကွက်နေတာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က အရပ်သားတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေကို တရုတ်နိုင်ငံက ဆန့်ကျင်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း ပြောပါတယ်။ “အခြေအနေတွေ အရှိန်လျော့ချဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ တရုတ်က တစိုက်မတ်မတ်နဲ့ ဆက်ပြီး လုပ်ဆောင်သွားမယ်” လို့ ပြန်လည် ဖြေကြားထားပါတယ်။

XS
SM
MD
LG