သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် BRI စီမံကိန်းမှာ မြန်မာပါဝင်နိုင်မှုအပေါ် အကဲခတ်တချို့အမြင်


တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း (BRI) ၁၀ နှစ်ပြည့်အခမ်းအနား ဖွင့်ပွဲ (အောက်တိုဘာ ၁၈၊ ၂၀၂၃)
တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း (BRI) ၁၀ နှစ်ပြည့်အခမ်းအနား ဖွင့်ပွဲ (အောက်တိုဘာ ၁၈၊ ၂၀၂၃)

တရုတ်နိုင်ငံ ဘေဂျင်းမှာ မနေ့က ဗုဒ္ဓဟူးနေ့ အထိ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ (BRI) စီမံကိန်းဆိုင်ရာ တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ပြည်တွင်း စီမံကိန်းတချို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ စီးပွါးရေးတိုးတက်မှု နှေးကွေးလာနေတဲ့ တရုတ်က သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အများအပြား ရှိတဲ့ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ တိုးလုပ်ဖို့ ဆန္ဒရှိတယ် ဆိုရင် မြန်မာ့အရေးကို လျှစ်လျူရှု နေလို့ မရဘူးလို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင် က ပြောပြမှာပါ။

ရပ်ဝန်းနဲ့လမ်းမ စီမံကိန်းဟာ အခုဆိုရင် ပုံကြမ်းအဆင့်ကနေ အစစ်အမှန်ပုံပေါ်လာ နေပြီဖြစ်ပြီး နောက်ထပ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက် ထပ်မံရင်းနှီးမြှုပ်နှံပြီး အရှိန်မြှင့်လုပ်ဆောင်မှာ ဖြစ်ကြောင်း စီမံကိန်းသက်တမ်း ဆယ်နှစ်ပြည့်တဲ့ အောက်တိုဘာလ ၁၈ရက်မှာ တရုတ်သမ္မတ ရှီကျင့်ပင်က ပြောပါတယ်။ နိုင်ငံတကာ သတင်းတွေမှာတော့ တရုတ်စီးပွားရေးဟာ လွန်ခဲ့တဲ့နှစ်တွေထက် ပိုပြီးနှေးကွေးလာလို့ တရုတ်အစိုးရဟာ BRI စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေကို ပိုလုပ်ချင်နေတာ ဖြစ်ကြောင်း သုံးသပ်ကြပါတယ်။

တရုတ်ကိုထောက်ခံတဲ့ နိုင်ငံတွေကတော့ တရုတ်ရဲ့ BRI စီမံကိန်းဟာ Global South လို့တနည်းခေါ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ချီးမွမ်းပြောဆိုကြပါတယ်။ မြန်မာနဲ့ မလေးရှားကတော့ တရုတ်နဲ့ သဘောတူထားတဲ့ BRI စီမံကိန်းတွေမှာ ကုန်ကျစရိတ်တွေ အသေးစိတ် ပြန်တွက်ချက်ဖို့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့အကြောင်း နိုင်ငံတကာ စီးပွားရေးသတင်းတွေကို ဖော်ပြနေတဲ့ Barron's သတင်းစာက ရေးသားပါတယ်။ တရုတ်ဟာ မဲခေါင်နိုင်ငံတွေမှာ BRI စီမံကိန်းတွေကို တိုးပြီး လုပ်လာပေမဲ့ မြန်မာထဲက စီမံကိန်းတွေကိုတော့ နိုင်ငံရေး အခြေအနေကြောင့် ရပ်ဆိုင်းထားရတာပါ။

လေ့လာသူတွေကတော့ မြန်မာ့နိုင်ငံရေး တည်ငြိမ်မှပဲ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးအတွက် ရလဒ်ကောင်းတွေ ရှိလာလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ ယူနန်-မြန်မာ အပြန်အလှန်ကုန်သွယ်မှု တိုးလာဖို့၊ မြန်မာနယ်စပ်မှာ ခြေကုပ်ယူ လှုပ်ရှားနေတဲ့ တရုတ် ရာဇဝတ်လုပ်ငန်းတွေကို ရှင်းလင်းနိုင်ဖို့ဆိုရင် တရုတ်က မြန်မာ့နိုင်ငံရေးကို မျက်နှာလွှဲနေလို့မရပဲ အထောက်အပံ့ပေးမှ ရမယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဆရာ Dominic Than Zin က ပြောပါတယ်။

" ပြည်တွင်းရေးပါ၊ ပြည်တွင်းရေးပါလို့ ပြောနေတဲ့နိုင်ငံက အထူးသဖြင့် တရုတ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်ဟာဆိုရင် အာဏာရှင်လွှမ်းမိုးတဲ့ နိုင်ငံတနိုင်ငံလို့ ဆိုရင်လည်း မမှားပါဘူး။ ဟိုးအရင်ကတော့ ထားလိုက်ပါ၊ အခုအချိန်မှာ ကမ္ဘာကြီးဟာ ရွာတရွာဖြစ်လာပြီလို့ ပြောနေကြတဲ့အချိန်မှာ ကျနော်တို့ဟာ ဟိုနိုင်ငံကကိစ္စ ကိုယ်နဲ့မဆိုင်ဘူး၊ ဒီနိုင်ငံကကိစ္စ ကိုယ်နဲ့မဆိုင်ဘူးလို့ ပြောနေလို့ မရပါဘူး။ ကမ္ဘာကြီးဟာ လူ့ခန္ဓာကိုယ်တခုနဲ့ တူတူပါပဲ ကျနော်တို့ရဲ့ မြန်မာနိုင်ငံဟာ ခြေမဖြစ်နေတယ် ထားလိုက်ပါ။ ခြေမနာနေရင် ခြေမနာအောင်ဖြစ်စေတဲ့ အကောင်တွေ အင်းဆက်တွေဟာ မြန်မာနိုင်ငံက စစ်မိစ္ဆာတွေပဲ ဖြစ်ပါတယ်။ ပိုးကောင်တွေဟာ ခြေထောက်၊ ပေါင်ကနေ ခန္ဓာကိုယ်တခုလုံးကို စိမ့်ဝင်သွားမှာ ဖြစ်ပါတယ်။ ငါတို့နဲ့ မဆိုင်ဘူးလို့ ပြောနေမယ်ဆိုရင် မကြခင်မှာ ကျနော်တို့လက်တွေ၊ မျက်စိတွေလည်း ကန်းသွားမှာ ဖြစ်ပါတယ်။"

တရုတ် BRI ပွဲကိုကျင်းပနေချိန်မှာပဲ မြန်မာကုန်စည်၊စက်မှုအသင်း UMFCCI နဲ့ ယူနန်ပြည်နယ် ကုန်သည်ကြီးများအသင်း YPGCC တို့ ရန်ကုန်မှာ တွေ့ဆုံပြီး နှစ်ဖက် ကုန်သွယ်ရေးကို အရှိန်မြှင့်ဖို့ ဆွေးနွေးခဲ့ကြတာပါ။ ဒီအထဲမှာ ၂၀၁၈ ဖေဖော်ဝါရီလ ၇ရက်က မြန်မာနဲ့ တရုတ် ရေးထိုးခဲ့တဲ့ BRI လက်တံတခုဖြစ်တဲ့ မြန်မာပြည်တွင်းက စီးပွားရေးစင်္ကြန် CMEC စီမံကိန်းတွေအပြင် စွမ်းအင်နဲ့ သတ္ထုတူးဖော်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ CMEC ကဏ္ဍတွေကို အဆင့်မြှင့်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာ့စီးပွားရေး ကျဆင်းမှုနဲ့ ပဋိပက္ခဒဏ်ကို တရုတ်တင်မဟုတ်ပါဘူး၊ အိမ်နီးချင်း နိုင်ငံတွေ အားလုံးဟာ သွယ်ဝိုက်ခံစားနေရတာ ဖြစ်ပြီး အာဏာသိမ်းခံရပြီးနောက်ပိုင်း ပြည်တွင်းမှာ အပြည့်အဝ မစိုက်ပျိုး၊ မထုတ်လုပ်နိုင်တာ၊ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတာ၊ ပြည်တွင်းဝယ်ယူ စားသုံးမှု ကျဆင်းသွားတာတွေရဲ့ ရိုက်ခတ်မှုကို ခံနေကြရတာ ဖြစ်ပါတယ်။ ကျဆင်းနေတဲ့ မြန်မာ့ အခြေနေဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေး၊ လုံခြုံရေးကို တိုက်ရိုက် ထိခိုက်နေတယ် လို့ အငြိမ်းစားတရားသူကြီး ဒေါ်သဉ္ဇာမြက သုံးသပ်ပါတယ်။

" သိသာထင်ရှားတဲ့ ရိုက်ခတ်မှုတွေ အနေနဲ့ကတော့ ကူးစက်ရောဂါတွေ ကင်းစင်ခဲ့တဲ့ ထိုင်းနိုင်ငံမှာဆိုရင် ကျမတို့နိုင်ငံက ဝင်လာသူတွေမှာ ပါလာတဲ့ တီဘီတို့၊ ငှက်ဖျားလိုမျိုး ရောဂါတွေ ကူးစက်ခံနေရတာ ဖြစ်ပေါ်နေတယ်။ ဘင်္ဂလားဒေရှ့်လို နိုင်ငံမှာလည်း ကျမတို့နိုင်ငံကသူတွေကို လက်ခံထားရတဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရတယ်။ တရုတ်မှာဆိုရင်လည်း ပြစ်မှုကျူးလွန်သူတွေက မြန်မာနိုင်ငံထဲမှာ အခြေစိုက်ပြီးတော့ သူတို့နိုင်ငံကို ထိခိုက်တဲ့ အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်ခံနေရတယ်။ သူ့ရဲ့ One Belt, One Road အစီအစဉ်ကိုလည်း အကောင်အထည် မဖော်ဘဲနဲ့ ရပ်တန့်နေတာကို တွေ့ရတယ်။ တရုတ်က လူ့အခွင့်အရေး အချိုးဖောက်ဆုံး အနေအထားမှာ ရှိပါတယ်၊ ဒီလူသားချင်း စာနာမှုဆိုတဲ့ အနေအထားနဲ့ ပြောရရင် ဘယ်လောက်အထိ စာနာမှုပေးရမလဲ ဆိုတာက ဆုံးဖြတ်ပေးတာပေါ့နော်၊ နိုင်ငံတွေပဲဖြစ်ဖြစ် လူပုဂ္ဂိုလ် တဦးချင်းဖြစ်ဖြစ် စာနာတယ် မည်ကာမတ္တနဲ့တော့ မရပါ်ဘူး။"

တရုတ်မြို့တော် ဘေကျင်းမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ BRI ဖိုရမ်ကို ရုရှားသမ္မတ ပူတင်၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၊ ကမ္ဘာဒီယား ဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ် စတဲ့ နိုင်ငံပေါင်း ၂၀က နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၃၀ ကျော်က ကိုယ်စားလှယ်ပေါင်း ၁၀၀၀ လောက် တက်ရောက်ခဲ့တာဖြစ်ပြီး တရုတ်စီမံကိန်းကို ကြိုဆိုကြောင်း သဝဏ်လွှာတွေလည်း ပေးခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG