သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ဟိမဝန္တာဒေသနိုင်ငံတချို့က ဝန်ကြီးတွေနဲ့ တရုတ်ဝန်ကြီးတွေ့ဆုံ


Senior Chinese diplomat Wang Yi held several meetings with leaders from nine countries on Thursday, as they attended the third China Xizang Trans-Himalaya Forum for International Cooperation (Photo: Reuters)
Senior Chinese diplomat Wang Yi held several meetings with leaders from nine countries on Thursday, as they attended the third China Xizang Trans-Himalaya Forum for International Cooperation (Photo: Reuters)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ Wang Yi ဟာ မြန်မာစစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ အပါအဝင် နိင်ငံပေါင်း (၉)နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ကြာသာပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက Xizang (ချီဇန်း)လို့ တရုတ်လိုခေါ်တဲ့ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကျင်းပတဲ့ တတိယအကြိမ်မြောက် ဟိမဝန္တာဖြတ်ကျော် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ မြန်မာ စစ်ကောင်စီဝန်ကြီး အပါအဝင် ချီလီ၊ သီရိလင်္ကာ၊ ကင်ညာ၊ ဘူတန်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဝမ်ယီက တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

ဘုံမျှဝေတဲ့ အနာဂတ်ရှိတဲ့ အသိုက်အဝန်းတခု တည်ဆောက်ဖို့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ တိဗက်ဒေသအစိုးရနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပူးပေါင်းကျင်းပတဲ့ ဒီဖိုရမ်ကို အောက်တိုဘာ ၄ ရက်ကနေ ၆ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။ လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ကြား သဟဇာတဖြစ်မှုကို မြှင့်တင်ကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အသီးအပွင့်တွေကို မျှဝေနိုင်ဖို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိဗက်ဒေသ နင်းချီ (Nyingchi) မြို့မှာ ကျင်းပခဲ့တဲ့ ဒီနှစ် ဖိုရမ်ရဲ့ ဖွင့်ပွဲအခမ်းအနားမှာ ဝန်ကြီး ဝမ်ယီက ဂေဟစနစ် ဖွံဖြိုးတိုးတက်ရေး ပူးပေါင်း ပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

"ကျယ်ပြန့်တဲ့ မက်ခရိုအဆင့် မူဝါဒရေးဆွဲပြီး ပေါင်းစပ်ညှိနှိုင်းမှုကို အားကောင်းစေကာ ဒေသတွင်းနိုင်ငံတွေရဲ့ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ပေးတဲ့ နည်းလမ်းနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်နိုင်မှာ ဖြစ်တယ်လို့ ဝမ်ယီက ပြောပါတယ်။ ဒါက ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ကာကွယ်နိုင်ပြီး ဟိမဝန္တာဒေသမှာ ဂေဟဗေဒစနစ် အားကောင်းလာစေမယ်”လို့ ဆိုပါတယ်။

ဟိမဝန္တာဖြတ်ကျော်ဒေသမှာ လူဦးရေ များပြားပြီး ယဉ်ကျေးမှု အမွေအနှစ်တွေ ကြွယ်ဝသလို ကွဲပြားတဲ့ ဂေဟစနစ်တွေလည်း တည်ရှိနေတာပါ။ ဒီဖိုရမ်ကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဟိမဝန္တာဒေသ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီမှုကို မြှင့်တင့်ဖို့ အထောက်အကူဖြစ်စေရေး ရည်ရွယ်တယ် ဆိုပါတယ်။

ဒါ့အပြင် ဖွင့်ပွဲအခမ်းအနားအပြီးမှာ ဝမ်ယီဟာ ဟိမဝန္တာဒေသ သံတမန်ဆက်ဆံရေး ခိုင်မာစေဖို့ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်က ကိုယ်စားလှယ်တွေနဲ့လည်း တယောက်ချင်းစီ သီခြားတွေ့ဆုံခဲ့ပြီး ခေတ်သစ် ပိုးလမ်းမ စီးပွားရေးစင်္ကြန် စီမံကိန်းဖြစ်တဲ့ ရပ်ဝန်းတခု၊ လမ်းကြောင်းတခု (Belt and Road Initiative_ BRI) အကြောင်း အဓိက ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီမှာ အာဖဂန်နစ္စတန် ကိုယ်စားလှယ်အဖြစ် တာဘီဘန် ယာယီနိုင်ငံခြားရေးဝန်ကြီး Mawlawi Amir Khan Muttaqi လည်း တက်ရောက်ခဲ့ပြီး ဝမ်ယီက တရုတ် ဟန်ဂျိုး (Hangzhou)မှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ အာဖဂန်နစ္စတန် ပါဝင်မှုကို ချီးကျူးခဲ့တယ်လို့ ဆိုပါတယ်။ တာလီဘန်ဝန်ကြီး Muttaqi ဘက်ကတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အလေးထားကြောင်းနဲ့ တရုတ်ရဲ့ စီးပွားစင်္ကြန် စီမံကိန်းမှာ ပါဝင်ဖို့ စိတ်အားထက်သန်ကြောင်း ပြောခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG