သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အထူးသံတမန် မြန်မာနိုင်ငံရောက်ရှိ 


မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်အထူးသံတမန် တိန့်ရှီးကျွင်းက စက်တင်ဘာလ ၁၈ ရက်နေ့မနက်ပိုင်းကတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦီးသန်းဆွေနဲ့ တွေ့ဆုံခဲ့စဥ်။​(ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)
မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်အထူးသံတမန် တိန့်ရှီးကျွင်းက စက်တင်ဘာလ ၁၈ ရက်နေ့မနက်ပိုင်းကတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦီးသန်းဆွေနဲ့ တွေ့ဆုံခဲ့စဥ်။​(ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

တရုတ်နိုင်ငံ အထူးသံတမန် တိန့်ရှီးကျွင်းဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး မနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မနက်ပိုင်းကတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦီးသန်းဆွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်တိုးမြှင့်ဖို့၊ တရုတ်-မြန်မာ နယ်စပ်တလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြသလို မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အာဆီယံနဲ့ ကုလသမဂ္ဂမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေး အမြင်ဖလှယ်ခဲ့ကြတယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ်ကိစ္စနဲ့ပတ်သက်လို့ မကြာခင် ထပ်မံဆုံးဖြတ်ရတော့မယ့်အချိန်မှာ တရုတ်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အခုလို ရောက်ရှိလာခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်ဦီးဆောင်တဲ့ အရပ်သားအစိုးရကိုပဲ ကိုယ်စားပြုတယ်ဆိုပြီး ရပ်တည်နေတာပါ။ မြန်မာစစ်ကောင်စီဖက်က အဆိုပြုတဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကို ကုလသမဂ္ဂကလက်မခံဘဲ ကိုယ်စားလှယ်သစ် ခန့်အပ်မှု ဆိုင်းငံ့ထားတာကြောင့် ဦးကျော်မိုးထွန်းကပဲ မြန်မာသံအမတ်ကြီးအဖြစ်ဆက်ရှိနေပါတယ်။

အခု လာမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီ ကိုယ်စားလှယ်သစ်ခန့်အပ်မှုကိစ္စ ပြန်ပြီးဆွေးနွေးဖွယ်ရှိတာမို့ ဒေသတွင်းအင်အားကြီးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ သဘောထားကလည်း အရေးပါလာပါတယ်။ အရင်ကတော့ ကိုယ်စားလှယ်သစ် ခန့်အပ်ကို ရွှေ့ဆိုင်းထားဖို့ တရုတ်ကပါ သဘောတူထားတာပါ။ တရုတ် နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းဟာ ပြီးခဲ့တဲ့ဇူလိုင်လကတုန်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နဲ့နယ်ချင်းစပ် နယ်စပ်တွေမှာအခြေချတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းတိုင်းရင်းသားအဖွဲ့တွေနဲ့လည်း မကြာမကြာ ထိစပ်တွေ့ဆုံနေသူတဦးလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG