သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အထူးသံရဲ့ မကြေညာတဲ့ခရီးစဉ် ဘာထူးနိုင်သလဲ


ရန်ကုန်မြို့တွင်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြခဲ့စဉ် ( ဖေဖော်ဝါရီ-၂၂ )(Photo by Ye Aung THU / AFP)
ရန်ကုန်မြို့တွင်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြခဲ့စဉ် ( ဖေဖော်ဝါရီ-၂၂ )(Photo by Ye Aung THU / AFP)

(Zawgyi/Unicode)

အာရှဒေသဆိုင်ရာ တရုတ်အထူးသံတမန် ဆွန်းကော်ရှန် ကြိုတင်ကြေညာမထားဘဲ မြန်မာနိုင်ငံကို သီတင်းတပတ်ကြာ လာခဲ့တဲ့ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ အာဆီယံအဖွဲ့ကို ရှေ့ကထားပြီး တွန်းသွားဖို့ ကြိုးစားတာဖြစ်နိုင်တယ်လို့ သုံးသပ်တာမျိုးရှိပါတယ်။

တရုတ်အထူးသံရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက ဘာမှ တရားဝင်ထုတ်ပြန်တာမျိုးမရှိတာကလည်း ထူးခြားတယ်လို့ သုံးသပ်ကြပါတယ်။ စစ်ကောင်စီအကြီးအကဲနဲ့ပါတွေ့ခဲ့တဲ့ အာရှဆိုင်ရာ အထူးသံ ဆွန်းကော်ရှန်ရဲ့ ပြီးခဲ့တဲ့အပတ် ခရီးစဉ်ကနေ ဘာတွေမျှော်လင့်နိုင်ပါလဲ။

ISP မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအဖွဲ့က ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းတာမှာ၊ ထူးခြားတာကို ဦးအောင်သူငြိမ်းက အခုလိုစပြောပါတယ်။

ဦးအောင်သူငြိမ်း ။ ။ ပထမဦးဆုံးကတော့ တရုတ်နိုင်ငံက၊ မြန်မာနိုင်ငံအစိုးရဆိုပြီးတော့ စခေါ်လိုက်တယ်။ အသိအမှတ်ပြုတဲ့ သဘောမျိုးလည်းဖြစ်သွားတယ်။ ဒါနဲ့ပတ်သက်လို့လည်း တချို.တွေ သုံးသပ်ကြတာတွေရှိပါတယ်။ ကျွန်တော့်အမြင်ကတော့ စစ်အစိုးရပေါ့နော်၊ စစ်ကောင်စီကို ဝေဖန်တာပဲလုပ်မယ်၊ မပူးပေါင်းမဆောင်ရွက်ဘူးဆိုလို့ရှိရင် တချို.ကိစ္စတွေဟာ ပြောရဆိုရ ခက်မဲ့သဘော၊ ဆိုတော့ ဒီအနေအထားမှာတော့ စပြီးတော့ အသိအမှတ်ပြုလိုက်တယ်၊ တဖက်ကလည်း ပြောသင့်ဆိုသင့်တဲ့ကိစ္စတွေ လုပ်သွားမယ်ဆိုတဲ့ သဘောမျိုးလည်း တွေ့ရတယ်။

ဝင်းမင်း ။ ။ အဓိက ဘယ်လိုပြောသင့်တာတွေကို ပြောခဲ့တယ်လို့ထင်လဲ။

ဦးအောင်သူငြိမ်း ။ ။ အဓိကကအားဖြင့်တော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ပေါ့နော်၊ အမေရိကန်အပါအဝင်၊ နိုင်ငံတကာပေါ့၊ တရုတ်လည်း ပါပါတယ်။ သူတို့က အာဆီယံ Centrality (ဗဟိုကျမူ) ဆိုပြီးတော့ ဒီ အာဆီယံရဲ့ အထူးသံကိုယ်စားလှယ်ကို ရှေ.တင်ပြီးတော့ သွားခိုင်းတဲ့သဘောမျိုး ဖြစ်နေတယ်။ ဒီသံကိုယ်စားလှယ်ရဲ့ နောက်မှာပဲ သူတို့ကတော့ Back-up ပေါ့ဗျာ၊ အားဖြည့်ပေးပြီးတော့ ဒီကိစ္စတွေကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ သဘောထား တွေ့ရပါတယ်။ ဆိုတော့၊ အဲ့ဒိအနေအထားမှာတော့ သြဂုတ်လ ၁၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကနေပြီးတော့၊ ဒီအာဆီယံ အထူးသံကို တယ်လီဖုန်းခေါ်ပြီးတဲ့အခါကျတော့၊ အချက် ၄ ချက် တိုက်တွန်းတာကို တွေ့ခဲ့ရတယ်၊ ဒါတွေက တရုတ်နိုင်ငံရဲ့သဘောထားလို့ ပြောလို့ရမယ် ထင်ပါတယ်။

ဝင်းမင်း ။ ။ အခုခရီးစဉ်ထဲမှာလည်း အလားတူပြောခဲ့နိုင်တဲ့ ဒီ သဘောထား ၄ ချက်က။

ဦးအောင်သူငြိမ်း ။ ။ ပထမဆုံးတစ်ခုက ဒီမြန်မာပြည်ကိစ္စမှာ၊ လက်တွေ့ကျကျလုပ်ဖို့လိုတယ်၊ ကျိုးကြောင်းဆီလျော်ဖြစ်ဖို့လိုတယ်၊ အင်အားစု အားလုံးနဲ့ တွေ့ဖို့လိုတယ်ဆိုတာကို ပထမပြောပါတယ်။ နောက် ဒုတိယအချက်မှာ မြန်မာပြည်မှာ အဓိက ဦးစားပေးဟာ၊ ကိုဗစ်ရောဂါတိုက်ဖျက်ရေးဖြစ်သင့်တယ်၊ ဒါနဲ့ပတ်သက်လို့ ကူသွားမယ်ဆိုတာမျိုး ပြောပါတယ်။ ဒါလဲ မှန်တယ်လို့ ယူဆနိုင်ပါတယ်။ တတိယတစ်ချက်ကတော့ မြန်မာပြည်မှာ သည်းခံစိတ်ရှည်ရမယ်၊ ပြီးတဲ့အခါကျတော့ Commitment (သက်ဝင်ယုံကြည်မူ) လည်းရှိရမယ်ပေါ့။ အဲ့ဒါနဲ့ တစ်ဆက်ထည်းမှာပဲ ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်သွားဖို့ လိုတယ်ပေါ့။ အဲ့တော့ ဒီအချက်ကတဲ့၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒတင်မဟုတ်ဘူးပေါ့နော်၊ နိုင်ငံတကာကဖြစ်စေချင်တဲ့ လမ်းကြောင်းလည်း၊ ဒီအပေါ်မှာ မူတည်နေတယ်လို့ တရုတ်က ပြောပါတယ်။ စတုတ္ထတစ်ချက်ကတော့ မြန်မာပြည်ပြည်တွင်းရေးမှာတဲ့၊ ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်နေတာကို သတိကြီးကြီးထားဖို့ပေါ့၊ ဒါကတော့ တရုတ်အမြဲတမ်းပြောတဲ့ဟာပါပဲ။

ဝင်းမင်း ။ ။ အခုလိုပြောခဲ့တာကြောင့် မြန်မာ့လက်ရှိအကြပ်အတည်းပေါ်မှာ ဘယ်လိုသက်ရောက်မူရှိနိုင်မယ်လို့ထင်လဲ။

ဦးအောင်သူငြိမ်း ။ ။ အခုလက်ရှိ အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်က နည်းနည်း ဗဟိုကျတယ်လို့ ထင်တယ်၊ သူက အဓိက သွားရမဲ့ ကိစ္စဖြစ်တာပေါ့။ ဒါပေမဲ့ အားနည်းချက်ကလည်းရှိတယ်၊ သူ့ရဲ့သက်တမ်းက အာဆီယံ အခုလက်ရှိ ဥက္ကဌသက်တမ်းနဲ့ အတူတူပေါ့ဗျာ၊ ဒီနှစ်ကုန်ရင်ပြီးသွားပြီ။ နောက်လာမဲ့သူက ကမ္ဘောဒီးယားဖြစ်မယ်၊ ပြီးတဲ့အခါ အင်ဒိုနီးရှားပေါ့။ ဒီလိုအလှည့်ကျသွားမယ်ဆိုတဲ့ အနေအထားမှာ အားနည်းပါတယ်။ ဆိုတော့ အဲ့ဒိအနေအထားမှာ ဘာပဲလုပ်နိုင်မလဲဆိုတော့၊ ယုံကြည်မူတည်ဆောက်ရေးပေါ့နော်၊ တချို.တံခါးလေးတွေစဖွင့်တယ်ဆိုတဲ့ ကိစ္စလောက်ပဲ လုပ်လို့ရမယ်။

ဝင်းမင်း ။ ။ အခုခရီးစဉ်က ကြိုတင်မကြေညာတာအပြင်ပေါ့နော်၊ စစ်ကောင်စီ သတင်းစာတွေမှာလည်း မတွေ့ရပဲနဲ့၊ အဓိက ဆွေးနွေးဖက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ်နဲ့ တွေ့ဆုံတာမျိုး၊ ကြိုးပမ်းတာမျိုး မတွေ့ခဲ့ရတဲ့အပေါ်မှာရော။

ဦးအောင်သူငြိမ်း ။ ။ တချို.သတင်းတွေမှာ တွေ့တော့ဗျ၊ NLD ပါတီကို မဖျက်သိမ်းလိုက်ဖို့ဆိုတဲ့ဟာမျိုး တိုက်တွန်းတယ်ဆိုတဲ့ သတင်းမျိုးလည်း တွေ့ပါတယ်။ ဒါက မြန်မာပြည်သူလူထုရဲ့ သည်းခြေကြိုက်ပေါ့နော်၊ ဒီ လူထုတွေကထောက်ခံမူရှိတယ်ဆိုတာ၊ တဖက်ကလည်း သူအသိအမှတ်ပြုထားတဲ့အနေအထားမျိုးလည်းဖြစ်တယ်။ တရုတ်အနေအထားကတော့ အခုအချိန်မှာ တော်တော်လေးကို သတိကြီးကြီးထား ကိုင်တွယ်တယ်လို့တော့ ထင်ပါတယ်။

ဝင်းမင်း ။ ။ ဒီနေရာမှာ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်နိုင်တဲ့ အနေအထားကိုရော။

ဦးအောင်သူငြိမ်း ။ ။ တရုတ်ဘက်က ဘယ်လိုပြောပြောပေါ့နော်၊ တစ်ဖက်လည်း စစ်ကောင်စီက နားထောင်မဲ့ သဘောမျိုးတော့ သိပ်မရှိလှဘူးလို့ထင်တယ်။ သူ့ရဲ့ Agenda (ခေါင်းစဉ်) နဲ့ပဲ သူသွားမယ်လို့ ထင်ပါတယ်။ တစ်ဖက်မှာကျတော့လည်း၊ တရုတ်က မြန်မာပြည်ထဲမှာ အကျိုးစီးပွားကိစ္စတွေရှိတာပေါ့၊ အဲ့ဒါအတွက်ကလည်း တစ်ဖက်က သူ့ဖာသာသူ ပြင်သင့်တာကို တရုတ်ဘက်က ပြင်တယ်လို့ထင်ပါတယ်။ အထူးသဖြင့်တော့ ယူနန်ကနေပြီးတော့ အခု ရထားလမ်းကြီး နယ်စပ်အထိ ဖောက်ချလာတာ၊ ဒါမျိုးတွေပေါ့။

ဝင်းမင်း ။ ။ နောက်တစ်ခုက တရုတ်ကတော့ မြန်မာကို အခုလိုသွားပေမဲ့၊ စစ်ကောင်စီဘက်ကတော့ ထိပ်ပိုင်းခေါင်းဆောင်တွေပေါ့နော်၊ ၁၊ ၂၊ ၃ ဆက်တိုက်ကိုပဲ ရုရှားကို ပို လွှတ်ပြီးတော့ ရွှေလမ်းငွေလမ်းဖောက်နေတဲ့သဘော ဖြစ်နေတာအတွက်ရော။

ဦးအောင်သူငြိမ်း ။ ။ အာဏာသိမ်းပြီးတဲ့အချိန်မှာ၊ စစ်ကောင်စီဘက်မှာ အထီးကျန်သွားတယ်ပေါ့နော်။ တရုတ်နဲ့ရုရှားပဲ ပြန်ပြီးတော့ ဦးတည်ရတဲ့ ကိန်းမျိုးဖြစ်ပါတယ်။ တစ်ဖက်က စစ်ရေး အထူးသဖြင့် လက်နက်ကိစ္စမျိုး အားကိုးတာလည်းပါမယ်။ စီးပွားရေးလည်း အားကိုးတာမျိုး ဖြစ်နိုင်ပါတယ်။

ဝင်းမင်း ။ ။ ကျေးဇူးပါ၊ ဦးအောင်သူငြိမ်း။

...................................................................................................

တိုက်ရိုက် လင့်ခ်




















XS
SM
MD
LG