သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူနန်ဝင်မယ့် မြန်မာကုန်ကားတွေ စစ်ဆေးရေး ကိုဗစ်စင်တာတည်ဆောက်နေ


တရုတ်နယ်စပ်က မြန်မာကုန်ကားများ
တရုတ်နယ်စပ်က မြန်မာကုန်ကားများ

Zawgyi/Unicode

တရုတ်နိုင်ငံ ယူနန်ပြည်ထဲဝင်မယ့် မြန်မာကုန်ကားတွေကို ကျန်းမာရေးစစ်ဆေးပေးမယ့် ကိုဗစ်စင်တာကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တည်ဆောက်နေပြီး လာမယ့်စက်တင်ဘာလလယ်မှာ အပြီးသတ်နိုင်ဖို့ နှစ်ဘက်လုံးက ကြိုးစားနေပါတယ်။ မြန်မာယာဉ်မောင်းတွေကို ရောဂါစစ်ဆေးပေးနိုင်တဲ့ အနေအထားကို ရောက်ပြီဆိုရင်တော့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ဖို့ အလားအလာရှိနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာပြည်တွင်းက ကိုဗစ်တတိယလှိုင်းကြောင့် တရုတ်ဘက်က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ဇူလိုင်လဆန်းပိုင်းမှာ ပိတ်လိုက်တဲ့အတွက် မြန်မာတရုတ် နယ်စပ်ကုန်သွယ်ရေး ယာယီရပ်ဆိုင်းနေပါတယ်။ ကုန်သွယ်ရေးပြန်စနိုင်ဖို့ အဓိကကျတဲ့ ကိုဗစ်ရောဂါ စစ်ဆေးပေးမယ့် စင်တာကို မူဆယ်မြို့မှာ အလျင်အမြန်ဆောက်နေပြီး လာမယ့်စက်တင်ဘာမှာ အပြီးသတ်နိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒီစင်တာအတွက်လိုအပ်တဲ့ ဆေးဝါးနဲ့ ရောဂါစစ်ဆေးတဲ့ ပစ္စည်းတချို့ကို တရုတ် ဘက်က ပံ့ပိုးပေးပါတယ်။ ကျန်တဲ့အပိုင်းကတော့ မြန်မာကုန်သည်တွေနဲ့ မြန်မာနယ်စပ်ကုန်သွယ်ရေးက တာဝန်ရှိသူတွေက စီစဉ်နေကြောင်း မူဆယ်ဆန်ကုန်သည်အသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။ စင်တာကိုတော့ မူဆယ်မှာရှိတဲ့ ကုန်ဂိုထောင်အဟောင်းတွေကို ပြုပြင်ဆောက်နေတာဖြစ်တယ်လို့ သူကဗွီအိုအေကို ပြောတာပါ။

“အဲဒီဂိုထောင်တွေကို ကိုဗစ်စင်တာအဖြစ်ပြောင်းပြီး လိုအပ်တာတွေ ဆောက်နေတော့ စက်တင်ဘာ ၁၅ ရက်လောက်က အပြီးအစီး ဆောက်ရမယ်လို့ ညွှန်ကြားထားတယ်။ အဲဒါပြီးရင် ဘယ်လိုဆက်ပြီးလာမယ် မသိသေးဘူး။ အခုအဆောက်အဦကို ပြန်ပြန်မွမ်းမံတယ်၊ ကုတင်တွေဘာတွေလည်း ရောက်နေပါပြီ။ ဆေးအဖွဲ့တွေလည်း သေချာကူညီသလောက် ကူညီပါတယ်၊ တရုတ်ဘက်ကလည်း ဆေးပစ္စည်တွေလည်း ပို့ပေးတယ်။ ဒီမှာဆောက်တဲ့ အဆောာက်အဦဖိုး ပစ္စည်းကိရိယာဘာညာက ဗမာပြည်က ကျနော်တို့ အသင်းအဖွဲ့တွေကို အလှူခံတယ်။ ကျန်တဲ့ငွေကိုတော့ နိုင်ငံတော်က စိုက်ထုတ်ပြီး အကုန်အကျခံမယ်လို့တော့ ကျနော်ထင်တာပဲ။”

မူဆယ် ဆန်ကုန်သည်အသင်း၊ သစ်သီးဝလံအသင်း၊ ပဲပြောင်းနှမ်းအသင်း၊ ရေလုပ်ငန်းအသင်းတွေ ဒီလိုအသင်းအဖွဲ့တွေရဲ့ အလှူငွေနဲ့ ဒီစင်တာကို ဆောက်နေကြောင်း သူကပြောတာပါ။ နှစ်နိုင်ငံနယ်စပ်က တာဝန်ရှိသူတွေ ဒီရက်ပိုင်းထဲလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာလည်း ကိုဗစ်စင်တာနဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့ကိစ္စတွေ ဆွေးနွေးကြောင်းလည်း ကုန်သည်တွေက ပြောပါတယ်။

ဒီစင်တာ ပြီးသွားရင်တော့ ကျင်စန်းကျော့ဂိတ်တခုကိုပဲ ကနဦး စမ်းသပ်ဖွင့်လှစ်ပေးမယ်လို့ သိထားကြောင်း ဦးမင်းသိန်းက ဆက်ပြောပါတယ်။

“၁၀၅ မိုင်ဝင်ရင် အသောကဆီဆိုင်ဆိုတာ ရှိတယ်ဗျ၊ အသောကဆီဆိုင်မှာ ကားတွေ စစ်မယ်၊ ယာဉ်မောင်းတွေစစ်မယ်၊ ပိုးတွေ့တဲ့ယာဉ်မောင်တွေကို အဲစင်တာမှာဆေးကုသပြီး ပိုးမတွေ့တဲ့ သူတွေကိုတော့ မောင်းနှင်ခွင့်ပြုပြီး တရုတ်ပြည် ထဲကို ဝင်ခွင့်ပြုမယ်ပေါ့နော်။ အဲလိုတော့ စီစဉ်ထားပါတယ်။ ( အရင်လို) အစားထိုး ယာဉ်မောင်းတွေဘာတွေ မရှိတော့ဘူးထင်တယ်၊ ရောဂါပိုးမရှိရင် ကိုယ့်ကားကို ကိုယ်ကိုယ်တိုင် မောင်နှင်တဲ့စနစ်နဲ့ သွားရမယ် ထင်ပါတယ်ဗျ။”

ကိုဗစ်စင်တာပြီးသွားရင် အရင်လိုပဲ တရုတ်ရွှေလီနဲ့ ကျယ်ဂေါင်ထဲကို ၁၀၅ မိုင် မန်ဝိန်း ဂိတ်ကနေ ပေးဝင်ဖို့ မြန်မာကုန်သည်တွေက တရုတ်ဘက်ကို တောင်းဆိုနေပါတယ်။ တရုတ်ဘက်က ဒါကိုခွင့်မပြုဘဲ ၁၀၅ မိုင်နဲ့ဝေးတဲ့ ကျင်စန်းကျော့- ဝမ်တိန်လမ်းမှာ ကိုဗစ်စစ်ဆေးတာကို အဆင့် ၄ ဆင့်နဲ့ လုပ်ပြီးမှ ပေးဝင်မယ်လို့ ဒီရက်ပိုင်းညှိနှိုင်းမှုတွေမှာ တုံ့ပြန်ထားတာပါ။ အခုထိတော့ နှစ်ဘက်အဆင်ပြေမယ့် အဖြေကို ညှိနှိုင်းလို့ မရသေးကြောင်း ဝမ်တိန်ကုန်ကားအသင်းက ကိုအောင်ရဲကျော်က ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေး ပြန်အသက်ဝင်ဖို့ တရုတ်ဘက်က ပိုလိုလားနေပေမဲ့ နှစ်နိုင်ငံညှိနှိုင်းမှုတွေမှာတော့ သူ့ဘက်ကလျှော့ပေါ့စဉ်းစားပေးတာ မရှိကြောင်း သူက ဗွီအိုအေကို ပြောတာပါ။

“အဓိက မြန်မာဘက်က တောင်းဆိုတာက ဒီကိုဗစ်စင်တာပြီးရင် မိန်းက၁၀၅မိုင်ပဲလေနော်၊ အဲဒီတော့ ဘယ်အပေါက်ကိုပဲဖြစ်ဖြစ် ပေးဝင်သင့်တယ် ပေါ့နော်။ သူတို့သတ်မှတ်တဲ့ စည်းကမ်းအတိုင်း ကျနော်တို့လိုက်လုပ်မယ်၊ ကားကိုဆေးစစ် ဆို ကျနော်တို့ ဆေးစစ်မယ်၊ အစီး ၁၀၀ ပေးဝင်မှာလားတလကို၊ အစီး ၂၀၀ ပေးဝင်မှာလား၊ အဲဒီအစီး ၁၀၀၊ ၂၀၀ ကိုကျနော်တို့ ဘယ်လို့လုပ်ရမလဲ၊ သူတို့သတ်မှတ်ချက် ၅ရက်ဆက်တိုက် ဆေးဖြန်းပြီးလို့ ကားဆရာလည်း ပိုးမတွေ့ဘူးဆိုရင် ဝင်ခွင့်ပေးမှာလား။ မန်ဝိန်းဘက်က ပေးဝင်မယ့်ကားကိုလည်း ကျနော်တို့ ဘယ်လိုလုပ်ရမလဲ၊ ဒါမျိုးကျနော်တို့ဘက်က ညှိနှိုင်းတာ ရှိတယ်၊ ဒါပေမဲ့တရုတ်က လက်မခံဘူး။ သူတို့လိုချင်တာကြီးက သူတို့စိတ်တိုင်းကျချည်း ဖြစ်နေတာ။”

၁၀၅ မိုင်က ကိုဗစ်စစ်ဆေးရေးစင်တာ အချိန်မီပြီးဖို့ တရုတ်ဘက်က တွန်းအားပေးနေပေမဲ့ မြန်မာဘက်က ငွေကြေးအင်အားနည်းတာ၊ အစိုးရဘက်က ပံ့ပိုးမှုအားနည်းတာကြောင့် ခန့်မှန်းထားတဲ့အချိန်ထက် ပိုကြာနိုင်ကြောင်း နယ်စပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

=======

တိုက်ရိုက် လင့်ခ်


Unicode













ဆက်စပ်သတင်းများ ...

XS
SM
MD
LG