သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်နယ်စပ်ဂိတ်တွေ တရုတ်က ၃ လ ဆက်ပိတ်


၂၀၁၉ ခုနှစ်တုန်းက တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်နယ်စပ်ဂိတ် မြင်ကွင်း။ (ဇန်နဝါရီ ၁၁၊ ၂၀၁၉)
၂၀၁၉ ခုနှစ်တုန်းက တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်နယ်စပ်ဂိတ် မြင်ကွင်း။ (ဇန်နဝါရီ ၁၁၊ ၂၀၁၉)

[Zawgyi/Unicode]

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရာမှာ အဓိကကျတဲ့ မူဆယ်မြို့က နယ်စပ်ဂိတ်တွေ ၃ လ ဆက်ပိတ်ထားမယ့် သဘောမျိုး တရုတ်ဘက်က ကြေညာပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်မှာ ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် နယ်စပ်ဂိတ်တွေကို ပိတ်ထားတာဖြစ်ပြီး မူဆယ်နယ်စပ်ဂိတ်တွေကို မေလ ၅ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ အရင်က ပြောထားပေမဲ့ ပြန်မဖွင့်သေးဘဲ ၃ လ ထပ်တိုးလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်းကပြောပြပါမယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ တရုတ်နိုင်ငံထဲက ရွှေလီနဲ့ ကျယ်ဂေါင်မြို့နှစ်ခုဆီ အသွားအလာတွေကို ကိုဗစ်ကူးစက်မှုကြောင့် တရုတ်အစိုးရက ၂ လကြာ ပိတ်ထားခဲ့ပြီး မေလ ၄ ရက်နေ့ကတော့ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး အကန့်အသတ်တွေ ဖြေလျှော့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှု ရှိနေသေးတာကြောင့် ၃ လလောက်ထပ်ပြီး စောင့်ကြည့်သွားဖို့ တရုတ် ယူနန်ပြည်နယ် ကျန်းမာရေးတာဝန်ရှိသူတွေက ဆုံးဖြတ်လိုက်တာပါ။

ဒါကြောင့် ရွှေလီ၊ ကြယ်ခေါင်မြို့တွေနဲ့ ဆက်နေတဲ့ မြန်မာနိုင်ငံဘက်က မူဆယ်နယ်စပ်ဂိတ်တွေကိုလည်း ဒီကာလအတွင်း ဆက်ပြီး ပိတ်ထားဦးမယ်လို့ ရွှေလီမြို့ ပြင်ပ ဆက်ဆံရေးဌာနက မြန်မာကုန်သွယ်ရေး တာဝန်ရှိသူတွေကို မေလ ၅ ရက်နေ့မှာ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို ရွှေလီမြို့တာဝန်ရှိသူတွေရဲ့ ကြေညာချက်ကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ရပ်ဆိုင်းသွားပြီး ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ မသိရကြောင်း မူဆယ်ဆန်ကုန်သည်အသင်း တာဝန်ရှိသူ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။

“၃ လ စောင့်ကြည့်မယ်ဆိုတာ သုံးလနေမှ ပြန်ဖွင့်မှာလား၊ ဒါမှမဟုတ် ကိုဗစ် သုံးလစစ်ပြီးမှ ပြန်ဖွင့်မှာလားဆိုတာ အမျိုမျိုး စဉ်းစားနေရတာ။ အဝင်ရော၊ အထွက်ရော ဒီအပေါက်က အစီး ၆၀၀ လောက် အဝင်၊ အထွက် ရှိတဲ့အပေါက်ကို ပိတ်လိုက်တာ အခုသွားလို့ မရတော့ဘူး။ ဒါတောက်လျှောက် ပိတ်ထားတယ်ဆိုတဲ့သဘော ဖြစ်သွားတယ်ပေါ့။”

ဆန်၊ ဆန်ကွဲ၊ ကြက်သွန်၊ ငရုတ်၊ ပဲမျိုးစုံ၊ ပြောင်းနဲ့ ရေထွက်ပစ္စည်း စတာတွေ ကုန်ကားအစီး ၃၀၀ လောက် မြန်မာဘက်က တရုတ်ကို နေ့တိုင်းတင်ပို့ရပါတယ်။ တရုတ်ဘက်ကတော့ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးနဲ့ ဓာတ်မြေဩဇာအပါအဝင် လယ်ယာသုံးပစ္စည်းတွေ တရက်ကို အစီး ၃၀၀ လောက် မြန်မာပြည်ထဲ ပြန်ဝင်လာတာပါ။ ဒီလို မူဆယ် မန်ဝိန်းဂိတ်ကနေ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုက အခုတော့ ရပ်တန့်နေတယ်လို့ ဦးမင်းသိန်းက ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ နောက်ထပ်အဓိကကျတဲ့ မူဆယ်မြို့က နန်းတော်နဲ့ ဆင်ဖြူ ဂိတ်ပေါက်နှစ်ခုကလည်း မြန်မာပြည်တွင်း ကိုဗစ်ရောဂါ စတင်တွေ့ရှိတဲ့ ၂၀၂၀ ဧပြီလကစလို့ တရုတ်ဘက်က ပိတ်ထားတာ ဒီနေ့အထိ ဖြစ်ပါတယ်။

အခုလို ကန့်သတ်ထားပေမဲ့လည်း မူဆယ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်ဖို့တော့ နှစ်နိုင်ငံဆွေးနွေးနေဆဲဖြစ်ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးဌာန၊ ဒုညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ ပိတ်ထားတယ်ပေါ့နော်၊ နကသတို့၊ ဘာတို့ ကုန်သွယ်ရေးကလည်း ပြန်ဖွင့်နိုင်ဖို့ ကျနော်တို့ ညှိနှိုင်းနေဆဲဖြစ်တယ်။ ကုန်သွယ်ရေး အခြေအနေက လက်ရှိကတော့ ပို့ကုန်က မန်ဝိန်း (ဂိတ်) လုံးလုံးပိတ်ထားတဲ့အတွက်ကြောင့်မို့ ကျင်စန်းကြော့ဂိတ်ကနေ ပို့တဲ့ကုန်အားလုံး အဲဒီဘက်သွားတယ်။ ဒါပေမဲ့ လောလောဆယ်က အသီးရာသီဆိုတော့ သစ်သီးသွားတာ များတယ်ပေါ့၊ ဖရဲ၊ သခွားမွှေး စသည်အားဖြင့်ပေါ့။”

ကျင်စန်းကြော့နဲ့ ဝမ်တိန် နယ်စပ်ဂိတ်ကနေ မြန်မာ့ကုန်စိမ်းသီးနှံတွေ တင်ပို့နေတယ်ဆိုပေမဲ့ တရုတ်ဘက်က ကျန်းမာရေး ကန့်သတ်ချက်တွေကြောင့် အနည်းအကျဉ်းပဲ တင်ပို့နိုင်ကြောင်း ကုန်သည်တွေက ပြောပါတယ်။

မြန်မာ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းအရဆိုရင် မူဆယ်နယ်စပ်စခန်းကနေ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၄,၈၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ အခုလာမယ့် ဘဏ္ဍာနှစ်မှာတော့ ဒီပမာဏထက် အများကြီး လျော့ကျသွားနိုင်တယ်လို့ မူဆယ်နယ်စပ် ကုန်သည်တွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG