သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုတွေကြောင့် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဂိတ် ရပ်ဆိုင်း


မူဆယ်မြို့က လမ်းပိတ်ဆို့မှုမြင်ကွင်း။ (ဓာတ်ပုံ - စန်ရဲ's Facebook - ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)
မူဆယ်မြို့က လမ်းပိတ်ဆို့မှုမြင်ကွင်း။ (ဓာတ်ပုံ - စန်ရဲ's Facebook - ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်နေရာမှာ တရုတ်နိုင်ငံနဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းမှာပါ ရိုက်ခတ်မှုတွေ ကြုံနေရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးဒေသ မူဆယ် ၁၀၅ မိုင်စခန်းအထိ ပျံ့နှံ့လာတဲ့ လှုပ်ရှားမှုတွေကြောင့် ဒီကနေ့မှာတော့ ကုန်သွယ်မှုတွေနဲ့ အသွားအလာတွေ ရပ်ဆိုင်းတဲ့အထိ ဖြစ်ခဲ့ရတာပါ။ မူဆယ်ဒေသ နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ဖေဖော်ဝါရီ ၁၀ ရက်လောက်ကစလို့ ဆန္ဒပြပွဲတွေ တဖြည်းဖြည်းအရှိန်ရလာပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာတော့ လမ်းပိတ်ဆို့မှုတွေနဲ့အတူ ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်သွားတာပါ။ ဒီမနက်အစောပိုင်းကစလို့ ဆန္ဒပြသူတွေက ကားတွေပိတ် သပိတ်မှောက်ကြလို့ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ရာနှုန်းပြည့်နီးပါး ရပ်သွားကြောင်းမူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“၁၀၅ မိုင်နဲ့ မူဆယ်က ၇ မိုင်ဝေးပါတယ်။ အဲဒီကြားထဲမှာ မူဆယ်ကနေ ၁၀၅ မိုင်သွားတဲ့ကားတွေရော၊ ၁၀၅ မိုင်ကနေ မူဆယ်ကိုသွားတဲ့ ကားတွေရော အကုန်လုံးလမ်းမှာ ကားပျက်တယ်ဆိုပြီးတော့ ကားတွေ ပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်။ ဒီအတွက် ပြောရမယ်ဆိုရင်တော့ ၁၀၅ မိုင်မှာလည်း ကုန်ပစ္စည်းတွေကို လုံးဝ စစ်ဆေးပေးနိုင်ခြင်း မရှိတော့ပါဘူး။ ဒီအတွက် မူဆယ် ကုန်သွယ်ရေးဟာ import ရော export ရော ၉၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းသွားတာကို တွေ့ရပါတယ်။”

အိမ်စီးကားတွေနဲ့အတူ ကုန်ကားမောင်းသူတွေလည်း ဆန္ဒပြပွဲမှာ ပါဝင်လာတာပါ။ အခုလိုပိတ်ဆို့မှုတွေကြောင့် ကုန်စည်စီးဆင်းမှု ထိခိုက်နိုင်ပေမဲ့ နားလည်လက်ခံကြောင်းလည်း ကုန်သည်တချို့က ပြောပါတယ်။

မူဆယ်ကုန်သွယ်ရေးစခန်းကနေ မြန်မာ- တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၄,၈၀၀ ကျော်ရှိပြီး မြန်မာအတွက်တော့ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးပါ။

မူဆယ်အပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတခုလုံး ပိတ်ဆို့မှုတွေ ရှိလာပြီး လတ်တလောမှာ မန္တလေး၊ တောင်ကြီး၊ မြဝတီ ဒီဒေသတွေကို သွားမယ့် ကုန်ကားရဖို့ ခက်ခဲကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးအောင်မိုးက ပြောပါတယ်။

“ဒီနေ့ ၁၇ ရက်ဆိုရင် ကုန်တင်စရာကားကို အခက်အခဲ မတရားဖြစ်သွားတယ်၊ ငှားလို့လည်း မလွယ်ကြတော့ဘူးပေါ့။ မူဆယ်မှာလည်း အဲဒီလိုဖြစ်သွားတယ်။ နောက် custom အေးဂျင့်တွေ အလုပ်မလုပ်တော့ တင့်မယ့်ကားတွေရော၊ ချမယ့်ကားတွေရော အလုပ်လုပ်လို့ မရတာတွေလည်း ပါတာပေါ့။ ဆန္ဒပြတာက ၁၅ ရက်ကြာမလား၊ ၁လ ကြာမလား မပြောတတ်သေးဘူးလေ။ ဒီအပေါ်မှာပဲ မူတည်ပြီးတော့ ကုန်စည်စီးဆင်းမှုတွေက နှောင့်နှေးမယ် ကြန့်ကြာမယ် အဲဒီလိုတွေ ဖြစ်နေဦးမှာပဲ။”

ဒီလိုအခြေအနေတွေ ဖြစ်နေပေမဲ့ မီးဖိုချောင်နဲ့ စားသောက်ကုန်ပစ္စည်းတွေ ပြတ်လပ်မှုမရှိအောင်တော့ ကြိုးစားစီစဉ်သွားမယ်လို့လည်း ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၆ ရက်မှာလည်း ဆန္ဒပြသူတွေက မူဆယ်ကုန်သွယ်ရေးဇုန်က မန်ဝိန်းဂိတ်ဝမှာ ဆန္ဒပြခဲ့ပြီး တရုတ်က စစ်အစိုးရကို ကူညီတာတွေ ချက်ချင်း ရပ်ဆိုင်းပေးဖို့ မြန်မာ၊ တရုတ်၊ အင်္ဂလိပ် ဘာသာစကားသုံးနဲ့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကတော့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး အကြပ်အတည်းတွေကို မမြင်တွေ့လိုကြောင်းနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးပြီး၊ ဆွေးနွေးညှိနှိုင်းအဖြေရှာစေလိုကြောင်း ပြည်တွင်းသတင်းဌာနတွေနဲ့ မေးမြန်းရာမှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG