(Zawgyi/Unicode)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ကုန်သွယ်ရေးဇုန်မှာ မြန်မာကုန်ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတာ တပတ်လောက်ရှိပါပြီ။ လမ်းတွေပိတ်လို့ တရုတ်ပြည်ထဲက ပြန်မထွက်နိုင်တဲ့ မြန်မာကုန်ကားကလည်း အစီး ၂၀၀ ကျော်လောက်ရှိပါတယ်။ ဒါကြောင့် ဒီကားတွေ တရုတ်ပြည်ထဲက မြန်မြန် ပြန်ထွက်နိုင်အောင် ပိတ်ထားတဲ့ နယ်စပ်ဂိတ်တခုကို မနက်ဖြန်ကစပြီး ယာယီဖွင့်ပေးသွားမယ်လို့ တရုတ်ဘက်က အသိပေးလိုက်ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေး လတ်တလော အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းက ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
တရုတ်- မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့က နယ်စပ်ဂိတ်တခုမှာ ယာဉ်ကြောပိတ်ဆို့နေတာကို ဖြေရှင်းဖို့အတွက် ပိတ်ထားတဲ့ မန်ဝိန်း နယ်စပ်ဂိတ်ကို ယာယီဖွင့်ပေးသွားမယ်လို့ တရုတ်ကုန်သည်အသင်း တာဝန်ရှိသူတွေက မြန်မာဘက်ကို အသိပေးလိုက်ပါတယ်။ မူဆယ် ၁၀၅ မိုင်မှာရှိတဲ့ နပ်စပ်ဂိတ် ၅ ခုထဲက ကျင်စန်းကျော့ဂိတ်တခုကိုပဲ အသုံးပြုနေရလို့ တရုတ်ဘက်သွားမယ့် မြန်မာကုန်ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေပါတယ်။ တရုတ်ပြည်ထဲက ပြန်မထွက်နိုင်တဲ့ ကုန်ကားကလည်း ၂၀၀ ကျော်ရှိတာမို့ ဒီကားတွေ အမြန်ပြန်ထွက်နိုင်အောင် မန်ဝိန်းဂိတ်ကို တရုတ်ဘက်က ယာယီဖွင့်ပေးလိုက်တာပါ။
ကြေညာချက်ထဲမှာတော့ ယာယီ ပြန်ဖွင့်ပေးမယ့် မန်ဝိန်းဂိတ်ကို တရုတ်ဘက်က အထွက်ကားအတွက်ပဲ သီးသန့်ခွင့်ပြုသွားမယ်လို့ ရေးသားထားကြောင်း မူဆယ်ကုန်သည် အသင်းက ဦးမင်းသိန်းက ပြောပါတယ်။
“ဇွန်လ ၁ရက်၊ ၂ရက်၊ ၃ရက်ကို ကျယ်ခေါင်လမ်းမှာ ပိတ်မိနေတဲ့ ကားအစီး ၂၂၃ စီးကို သုံးရက်အတွင်းမှာ ကျယ်ဂေါင်ကနေ ဗမာပြည်ထဲကို ကုန်ကားတွေအကုန် ထွက်ခွင့်ပြုမယ်။ သူက ပိတ်မိနေတဲ့ကားတွေ ရှင်းသွားအောင် လုပ်ပေးလိုက်တာ။”
တရုတ်ကုန်သည်အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်အားလုံး ရောဂါအကာအကွယ် PPE ဝတ်စုံဝတ်ရမယ်၊ မြန်မာဘက် မူဆယ် ၁၀၅ မိုင် ကားဝင်းထဲ ရောက်တဲ့အထိ မရပ်မနား တောက်လျှောက်မောင်းနှင်ရမယ်လို့ စည်းကမ်းချက်တွေ ပါပါတယ်။
တရုတ်နိုင်ငံက ကိုဗစ်ရောဂါ ထိန်းချုပ်ဖို့ဆိုပြီး မူဆယ် ၁၀၅ မိုင်က မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ၊ ပန်ဆိုင်း ဒီဂိတ် ၄ ခုကို တရုတ်ဘက်က ၂၀၂၀ ဧပြီလကတည်းက ပိတ်လိုက်တာပါ။ လိုအပ်ရင်တော့ အကန့်အသတ်နဲ့ ယာယီဖွင့်ပေးလေ့ရှိပါတယ်။ လက်ရှိမှာတော့ ကျင်စန်းကျော့ဂိတ် တခုကိုပဲ ကိုဗစ်ရောဂါ စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ်လုပ်ပြီး ဖွင့်ပေးထားတာပါ။ ကျင်စန်းကျော့ဂိတ်တခုပဲ အသုံးပြုနေရလို့ ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အခုလည်း တရုတ်နယ်စပ်မှာ မြန်မာကုန်ကား ရာနဲ့ချီပြီးပိတ်မိနေတုန်း ဖြစ်ပါတယ်။
“ ကျင်စန်းကျော့ဘက်မှာ သွားနေတာပဲ၊ ပိတ်မိနေတာကိုက ( အစီးရေ) ၁၀၀၀ ကျော်ရှိတယ်”
လမ်းခရီးမှာ ကြန့်ကြာတဲ့အတွက် ကုန်စိမ်းသီးနှံတွေ ပျက်စီးပြီး တရုတ်ဘက်မှာ ဈေးကောင်းမရကြောင်း မြန်မာကုန်သည်တွေက ပြောကြပါတယ်။
“ကျနော်တို့ ကျင်စန်းကျော့ဘက် ဆင်းမယ်ဆိုရင် ၁၀ ရက်လောက်စောင့်ရတယ် အနည်းဆုံး။ ပြီးရင် တရုတ်ဘက် ရောက်ပြီဆိုရင်လည်း အကြာကြီးပဲ ကုန်ချရင်။ ကားအများကြီး မလွှတ်ဘူး၊ ပြီးတော့လည်း တပေါက်တည်းကိုပဲ တိုးနေရတဲ့ အနေအထား ဖြစ်နေတော့ ကုန်ခြောက်လွှတ်လိုက်၊ အသီးအနှံလွှတ်လိုက်နဲ့ တရက်ဆိုရင် ကားက ဘယ်လောက်မှလည်း မဝင်နိုင်ဘူးပေါ့နော်။”
မူဆယ်- မန္တလေး ကူးသန်းရောင်းဝယ်နေတဲ့ ကုန်သည်တဦး ပြောသွားတာပါ။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်တွေ ပုံမှန် ပြန်ဖွင့်နိုင်ဖို့ မြန်မာ၊ တရုတ် နှစ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေ မကြာသေးခင်က ဆွေးနွေးခဲ့တာပါ။ ဒါပေမဲ့ တရုတ်ယူနန်ပြည်နယ်ထဲမှာ ကိုဗစ်ကူးစက်မှုတွေ တကြော့ပြန် ဖြစ်လာတာကြောင့် အခြေအနေ တည်ငြိမ်တဲ့အထိ စောင့်ကြည့်ဦးမယ်လို့ တရုတ် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
..........
(Unicode)