သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရိုသေ သက်ဆိုးရှည်


Black smoke billows from the industrial zone of Hlaing Thar Yar township in Yangon, Myanmar Sunday, March 14, 2021. Attacks on Chinese-run factories in Myanmar's biggest city drew demands Monday from Beijing for protection for their property and employees, while many in Myanmar e
Black smoke billows from the industrial zone of Hlaing Thar Yar township in Yangon, Myanmar Sunday, March 14, 2021. Attacks on Chinese-run factories in Myanmar's biggest city drew demands Monday from Beijing for protection for their property and employees, while many in Myanmar e
တရုတ်ရိုသေ သက်ဆိုးရှည်
please wait

No media source currently available

0:00 0:05:30 0:00
တိုက်ရိုက် လင့်ခ်

ပြည်သူ့အုံကြွမှုကြီးကို ၁၉၈၈ မှာ စစ်တပ်က ချေမှုန်းလိုက်တာကို ဒီမိုကရေစီနိုင်ငံတွေက ဝိုင်းဝန်းရှုတ်ချကြလို့ အပယ်ခံဖြစ်လာတဲ့ ဗမာစစ်အစိုးရက တရုတ်ကို စတင်မှီခိုခဲ့ပါတယ်။ တပ်ချုပ်ကြီးသန်းရွှေ ၁၉၈၉ မှာ ဘေဂျင်းကို သွားချိန်ကစပြီး ဒီကနေ့အထိ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုမျိုးစုံ ရယူလာတာ အနှစ် (၄၀) ကျော်ပါပြီ။ ဗိုလ်သန်းရွှေ တရုတ်ပြည်သွားပြီးနောက် တရုတ်ကုမ္ပဏီတွေ ခြေသွက်လာပါတယ်။ လမ်းခင်း၊ တံတားဆောက်၊ ဓါတ်အားပေးစက်ရုံတည်ဆောက်စတဲ့ လုပ်ငန်းတွေမှာ တရုတ်ကုမ္ပဏီတွေ ပါဝင်လာပါတယ်။ တရုတ်ဆီက စစ်လက်နက်ပစ္စည်းလည်း အများအပြား ရရှိပါတယ်။

တရုတ်ဖြူ ကူမင်တန်တပ်ရင်းအချို့ ရှမ်းပြည်နယ်ထဲ ဝင်ရောက်ခိုလှုံမှုနဲ့ (ဗကပ) ဗမာပြည်ကွန်မြူနစ်ပါတီကို ကူညီမှုကြောင့် တရုတ်ကို အန္တရာယ်အဖြစ် သတ်မှတ်တဲ့ စစ်သဘောတရား တပ်မတော်မှာ ရှိပါတယ်။ ဒါပေမဲ့ အာဏာတည်မြဲရေးအတွက် တရုတ်ကွန်မြူနစ်အစိုးရနဲ့ လက်တွဲလိုက်ရပါတယ်။ လတ်တလော အကျိုးခံစားရဖို့လုပ်တဲ့ နည်းဗျူဟာပါပဲ။ ဗိုလ်သန်းရွှေလက်ထက်မှာ နေပြည်တော်အပါအဝင် စီမံကိန်း (၈၀၀) ကျော်မှာ တရုတ်တွေ ကန်ထရိုက် ရပါတယ်။ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးမှာ တရုတ်အစိုးရက ဗမာစစ်အစိုးရကို နည်းအမျိုးမျိုးနဲ့ အကူအညီပေးပါတယ်။

စစ်ဗိုလ်ဟောင်းတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့အစိုးရကို ဦးသိန်းစိန် ခေါင်းဆောင်တော့ (၂) နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်နဲ့ တိုးမြှင့်နိုင်မယ်လို့ တရုတ်အစိုးရက တွက်ထားပါတယ်။ ကြံ့ဖွံ့အစိုးရဟာ အရင်အတိုင်း ဆက်လုပ်လိမ့်မယ်လို့ တရုတ်က မျှော်လင့်ပါတယ်။ ဒါပေမဲ့ ၂၀၁၀ စက်တင်ဘာမှာ ဦးသိန်းစိန် တရုတ်ပြည်သွားပြီး (၄) လအကြာမှာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တော့ တရုတ်အစိုးရ မျက်လုံးပြူးသွားပါတယ်။ နေရာတကာမှာ ထင်သလိုလုပ်ပြီး မြစ်ဆုံကြမှ ပြည်သူ့ဆန္ဒ လေးစားတယ်ဆိုတာကို တရုတ်က မယုံပါဘူး။ ပြည်သူတွေရဲ့ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ကို မမြင်ဘဲ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းအောင်လုပ်တဲ့ လှည့်ကွက်လို့သာ တရုတ်က မြင်နေပုံရပါတယ်။ စစ်အစိုးရကို အကြိုက်ပေးပြီး အပေးအယူလုပ်တဲ့ ဆက်ဆံရေးကို တရုတ်က လိုလားပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကို လာဘ်ထိုးနိုင်လို့ အခွင့်ထူးခံစားရတာမျိုးကို တရုတ်က ကြိုက်ပါတယ်။

ဥပမာ ဗိုလ်သန်းရွှေရဲ့ နေပြည်တော်မှာ အမြဲတမ်း မီးလင်းနေအောင် တရုတ်က ငွေထုတ်ချေးပြီး ပေါင်းလောင်းရေအားလျှပ်စစ် ဆောက်လုပ်ပေးပါတယ်။ ဒီကျေးဇူးတွေကြောင့် မြစ်ဆုံဆည်စီမံကိန်းကို ဗိုလ်သန်းရွှေအစိုးရက အလွယ်တကူ ခွင့်ပြုခဲ့တာ ဖြစ်ပုံရပါတယ်။ မြန်မာဟာ တရုတ်ရဲ့ အဖြည့်ခံဘဝ ရောက်နေပါတယ်။ အခုလဲ တပြည်လုံး ဆန့်ကျင်တာကို ခံနေရတဲ့ စစ်ကောင်စီဟာ တရုတ်ကို မှီခိုပြီး အာဏာတည်မြဲဖို့ကို ကြိုးပမ်းနေပြန်ပါတယ်။ ဗိုလ်သန်ရွှေရဲ့တပည့်ဟာ ဆရာခြေရာ လိုက်နင်းနေပုံ ရပါတယ်။ ပြည်သူတွေကို သတ်ဖြတ်ပြီး တရုတ်အစိုးရ အကူအညီရယူတဲ့ အပြုအမှုဟာ မသာလက်ဖက်ထုပ်နဲ့ မျက်နှာလုပ်သလို ဖြစ်နေတာကို စစ်ကောင်စီနဲ့ တရုတ်တို့ သတိထားမိပုံ မရပါဘူး။

တရုတ်အကူအညီယူရင် မြန်မာဘက်က လိုက်နာရမယ့် မူဝါဒ မရှိပါဘူး။ အနောက်တိုင်း အကူအညီ ယူရင်သာ လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက် ရှိပါတယ်။ တရုတ်ကတော့ ဘာမှ သတ်မှတ်ထားတာ မဟုတ်ပါဘူး။ နိုင်ငံခြားကို တရုတ်အစိုးရပေးတဲ့ အကူအညီ (၃) မျိုး ရှိပါတယ်။ ပြင်ဆင်စရာမလိုတဲ့ ထောက်ပံ့မှု (Grant), အတိုးမဲ့ချေးငှားမှု နဲ့ အတိုးသက်သာစွာ ချေငှားမှု စတာတွေ ဖြစ်ပါတယ်။ ထောက်ပံ့မှုနဲ့ အတိုးမဲ့ ချေးငှားမှုကို တရုတ်အစိုးရ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကလုပ်ပြီး ပို့ကုန်သွင်းကုန်ဘဏ် (Exim Bank) ကတော့ အတိုးသက်သာစွာ ငွေချေးလေ့ ရှိပါတယ်။ ဒါပေမဲ့ တရုတ်အကူအညီဟာ ရင်းနှီးမြုပ်နံှမှု၊ (၂) နိုင်ငံ ကုန်သွယ်မှု၊ (၂) နိုင်ငံ စီမံကိန်း စတာတွေနဲ့ ရောထွေးနေတဲ့ (၂) နိုင်ငံ ဆက်ဆံရေးလို ဖြစ်နေပါတယ်။ မြန်မာပြည်မှာ တရုတ်ပါဝင်တဲ့ အခန်းကဏ္ဍဟာ အကြီးဆုံး ဖြစ်ပါတယ်။

NLD အစိုးရ တက်လာတော့လည်း တရုတ်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ကြိုးပမ်းရပါတယ်။ ဒေါ်စုကိုယ်တိုင် ၂၀၁၇ မေလမှာ ဘေဂျင်း ပိုးခါးပတ်လမ်းမ ညီလာခံကို တက်ရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ တွေ့ဆုံပါတယ်။ မြန်မာပြည်မှာ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီး ယူနန်နဲ့ ရခိုင်ပြည်နယ် ဆက်သွယ်ရေးကောင်းမွန်ဖို့သာ တရုတ်က စိတ်ဝင်စားပါတယ်။ ဒါကြောင့် ရိုဟင်ဂျာ ပြဿနာအတွက် အနောက်တိုင်းမှာ ဝေဖန်ခံနေရတဲ့ NLD အစိုးရအဖို့ တရုတ်နဲ့ လက်တွဲရတာက ပိုပြီးအဆင်ပြေပုံ ရပါတယ်။ တရုတ်ကလည်း အာဏာရအစိုးရနဲ့ ဆက်ဆံရေးကောင်းဖို့သာ စိတ်ဝင်စားပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ အပြုအမှုကို မြန်မာပြည်သူတွေ အပြင်းအထန် ဆန့်ကျင်တဲ့အခါ တရုတ်အစိုးရ ထိတ်လန့်တုန်လှုပ်သွားရပါတယ်။ တရုတ်ပစ္စည်း သပိတ်မှောက်ဖို့ လူမှုကွန်ရက်မှာ ဆော်သြသူ ငါးသောင်းကျော် ရှိပါတယ်။ အထည်ချုပ် အလုပ်ရုံအချို့ မီးရှို့ခံရတာနဲ့ တရုတ်ဓါတ်ငွေ့ပိုက်လိုင်းစောင့် ရဲကင်း တိုက်ခိုက်ခံရတာဟာ တရုတ်အတွက် မကောင်းတဲ့ အတိတ်နမိတ်ပါ။ အာဏာသိမ်းစစ်ကောင်စီကတော့ ခြံစည်းရိုးပေါ်က ထိုင်ကြည့်နေတဲ့ တရုတ်ရဲ့ အကျိုးကျေးဇူးကြောင့် သက်ဆိုးရှည်လိမ့်မယ်လို့ မျှော်လင့်နေပုံ ရပါတယ်။

==Unicode==








XS
SM
MD
LG