သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကို တရုတ် ရေနံကုမ္ပဏီ လေယာဉ်သုံးဆီရောင်း


တရုတ်အစိုးရပိုင် PetroChina ကုမ္ပဏီတံဆိပ်။ (မတ် ၂၁၊ ၂၀၁၆)
တရုတ်အစိုးရပိုင် PetroChina ကုမ္ပဏီတံဆိပ်။ (မတ် ၂၁၊ ၂၀၁၆)

[Zawgyi/Unicode]

တရုတ်အစိုးရပိုင် PetroChina International ကုမ္ပဏီ စင်္ကာပူဌာနခွဲကနေ မြန်မာစစ်တပ်ကို လေယာဉ်သုံးဆီတွေ ဧပြီလအတွင်း ရောင်းချခဲ့တယ်ဆိုတာ မြန်မာစစ်တပ်ရဲ့ သွင်းကုန်စာရင်းမှာ တွေ့ရှိရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ရောင်းချခြင်းဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ အတိုက်အခံအုပ်စုတွေကို ထောက်ခံအားပေးဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် လောင်စာဆီကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လေယာဉ်သုံးဆီ ရောင်းချဖို့ ဝန်လေးနေကြတာပါ။

ဒီမိုကရေစီအရေး လိုလားတဲ့ စစ်အာဏာရှင်ဆန့်ကျင်သူတွေက အာဏာသိမ်း စစ်အုပ်စုကို တရုတ်အစိုးရက နောက်ကွယ်ကနေ ကျောထောက်နောက်ခံပေးနေတယ်ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်နေတာကြောင့် အခုလို တရုတ်နိုင်ငံတော်ပိုင် ရေနံကုမ္ပဏီရဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီ ရောင်းချမှု သတင်းထွက်ပေါ်လာခြင်းက မြန်မာ့အရေးမှာ တရုတ်အစိုးရရဲ့ ပါဝင် ပတ်သက်မှုအပေါ် မေးခွန်းထုတ်စရာ ထပ်မံ ပေါ်ပေါက်လာပါတယ်။

PetroChina ကုမ္ပဏီက မြန်မာနိုင်ငံကို အဲဒီလို လေယာဉ်သုံးဆီ ရောင်းချတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijiang ကတော့ - သူ့အနေနဲ့ ဒီကိစ္စကို အတိအကျ သိရှိထားခြင်းမရှိကြောင်း၊ ဒါပေမယ့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ လက်တွေ့ကျပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ အစဉ်လုပ်ဆောင်ခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

တရုတ်အစိုးရပိုင် China National Petroleum ကုမ္ပဏီအောက်မှာ ရှိနေတဲ့ ဒီ PetroChina International ကုမ္ပဏီရဲ့ အခုလို လောင်စာဆီ ရောင်းချမှုနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းတာကို ကုမ္ပဏီဘက်က ပြန်လည် အကြောင်းပြန်ကြားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ရိုက်တာက တွေ့ရှိခဲ့တဲ့ သွင်းကုန် စာရင်းအရ ရေနံတင်သင်္ဘော MT Yu Dong နဲ့ သယ်လာတဲ့ လေယာဉ်ဆီ တန်ချိန် ၁၃,၃၀၀ နဲ့ ဓါတ်ဆီ တန်ချိန် ၄,၀၀၀ တို့ကို ဧပြီလ ၁၅ ရက်နေ့က သီလဝါ ဆိပ်ကမ်းကတဆင့် တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ တရုတ်အစိုးရဘက်က ထိထိရောက်ရောက် ဝေဖန် ပြောဆိုခြင်း မရှိတဲ့အတွက် တရုတ်ဟာ စစ်တပ်ကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေသလားဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG