သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်ဆိုင်း


 တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် (AP Photo/Eugene Hoshiko)
တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် (AP Photo/Eugene Hoshiko)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု စိုးရိမ်စရာ ပြန်ဖြစ်နေတာကြောင့် မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို တရုတ်ဘက်က ပိတ်လိုက်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအားလုံး ရာနှုန်းပြည့် ရပ်ဆိုင်းသွားတာ နှစ်အတော်ကြာမှာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အပြန်အလှန် ကုန်တင်ပို့ တင်သွင်းမှုတွေ ရပ်သွားတဲ့အတွက် အောက်စီဂျင်အိုး၊ နှာခေါင်းစည်း၊ ဆေးဝါး စတဲ့ တရုတ်ဘက်ကလာတဲ့ ပစ္စည်းတွေ အဝင်ရပ်သွားပါတယ်။ တရုတ်နယ်စပ်ဂိတ်တွေ ပိတ်လိုက်လို့ ဘယ်လိုသက်ရောက်မှုတွေဖြစ်နေသလဲဆိုတဲ့ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုရန်နိုင်က ပြောပြပါမယ်။

တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး အချက်အချာဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် နှစ်နိုင်ငံကြားက ကုန်သွယ်ဂိတ်အားလုံးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက ဇူလိုင်လ ၈ ရက် ညနေပိုင်းက ကြေညာချက်ထုတ်ပြီး ပိတ်လိုက်ပါတယ်။ ကိုဗစ်တတိယလှိုင်းဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ နေ့စဉ် ထောင်ဂဏန်းလောက် တိုးနေချိန် တရုတ်က နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးကို ပိတ်လိုက်တာပါ။

ဒီလိုအခြေအနေကို တကြိမ်မှမကြုံဖူးကြောင်း တရုတ်-မြန်မာ ကုန်စည်ကူးသန်း၊ ရောင်းဝယ်ရေးမှာ ၁၅ နှစ်လောက် အတွေ့အကြုံရှိတဲ့ ဦးစိုင်းလင်းက ဗွီအိုအေကိုပြောပါတယ်။
“သူက ပိုးတွေ့တယ်ဆိုတော့မှ ရုတ်တရက် တခါတည်းပိတ်လိုက်တာ။ အကုန်လုံးပေါ့နော်။ ကျနော် ကားမောင်းနေတဲ့တသက်မှာ ဒီလိုပိတ်တာ အကုန်လုံး ရုတ်တရက်ပိတ်ချတာ လုံးဝဆက်သွယ်လို့မရတာ ပထမဦးဆုံးပဲဗျ။ တခါတလေကျ ချင်းရွှေဟော်အပေါက်ဖွင့်တယ်၊ မန်ဝိန်းပေါက်က ပိတ်တယ် အဲလိုပေါ့နော်။ အခုက အကုန်ပိတ်တာ ရှိသမျှ။ ဘာမှကို ဝင်လာလို့ မရတော့ဘူး။ ကားဆရာတွေလည်း အတော်လေးကို လိမ်ပိန်ခွေခေါက်နေရောပဲ။”

တရုတ်နယ်စပ်ဂိတ်တွေပိတ်သွားတဲ့အတွက် တရုတ်ဘက်က တင်သွင်းနေတဲ့ အောက်စီဂျင်အိုး၊ နှာခေါင်းစည်း၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာသုံးပစ္စည်း၊ မြေဩဇာ၊ စားသောက်ကုန်တွေ အဝင်မရှိတော့ပါဘူး။

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းက မြန်မာအရာရှိတွေနဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေမှာ ကိုဗစ်ရောဂါတွေ့ရှိတယ်လို့ သတင်းတွေထွက်လာပြီးနောက် တရုတ်ဘက်က အခုလိုရုတ်တရက် တုံ့ပြန်လိုက်တာဖြစ်ကြောင်း နယ်စပ်ကုန်သည်အသင်းဝင်ဖြစ်တဲ့ ဦးမင်းသိန်းက ပြောပါတယ်။

“တရုတ်တွေက မြန်မာပြည်သတင်းကို အကုန်သိတော့ အစိုးရဝန်ထမ်းတွေပါ တွေ့တယ်ဆိုပြီး သိတော့ မဖြစ်တော့ဘူး ငါတို့နိုင်ငံတော့ ပိုးတွေကူးလာတော့မှာပဲဆိုပြီး သူတို့ကပိတ်ချလိုက်တာ။ ဒီလောက်မြန်မယ်လို့တောင် မထင်တာ၊ ပိတ်မယ်ဆိုတာ သိထားပြီးသား။ တို့ရဲ့ လုပ်သက်တလျှောက်လုံးမှာလည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှန်သမျှကို တခုမကျန်ပိတ်တာ ဒါပထမဆုံးပဲ။ အဲဒီအတွက် မြန်မာပြည်မှာ အကုန်လုံး အောက်စီဂျင်စက်တွေ ဈေးတက်သွားပြီ ဝယ်လို့တောင်မရတော့ဘူး။ Mask ကလည်းအရင်က တဗူးမှ ၉၀၀ အခု ၂၅၀၀/၃၀၀၀ ရှိနေပြီ။ အခက်အခဲတွေ အများကြီးဖြစ်သွားပြီ။”

ရှမ်းပြည်နယ် အရှေ့မြောက်ကနေ ကချင်ပြည်နယ် တကြောအထိ တရုတ်နဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ကြောင်း ကြေညာထားတာပါ။ လမ်းခရီးမှာ ကုန်ကားတွေ ရာနဲ့ချီ ပိတ်ဆို့နေပြီး မကြာခင်ပြန်ဖွင့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နယ်စပ်ဂိတ်အနီးမှာပဲ တန်းစီပြီး စောင့်ဆိုင်းနေရကြောင်း အဝေးပြေး ကုန်တင်ယာဉ်မှူးနဲ့ ယာဉ်နောက်လိုက်များအသင်း တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ မြန်မာနဲ့တရုတ် နယ်စပ်ဆက်သွယ်ထားတဲ့ဂိတ်တွေ အကုန်ပိတ်သွားပြီ။ ကားအတန်းလိုက်ကြီး ၂၀၀၀ ကျော် ၃၀၀၀ လောက် ပိတ်မိနေတော့ ရေလည်းမချိုးရဘူး၊ အိမ်သာတက်ဖို့လည်း အခက်အခဲဖြစ်တယ်၊ ပိုက်ဆံတွေလည်း တလခွဲလောက်တန်းထားတော့ စရိတ်တွေလည်း မလောက်တော့ဘူး။။ မန္တလေးက တက်လာတာ သိန်း ၂၀ ကုန်ပြီ။ စားတာက တရက် တသောင်းလောက်ကုန်တယ်။ လမ်းခရီးမှာ ဘာညာကတ္တားဆယ်လုံး၊ ငါးမိုင်ဧချင်းခတွေ ကုန်တယ်အစ်ကို။”

မြန်မာဘက်က ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ ကြက်သွန်၊ ဆန် ဒီလိုအထားခံတဲ့ ကုန်တွေတင်ထားတဲ့ကားတွေပဲ ဖွင့်မယ့်ရက်ကိုမျှော်ပြီး စောင့်ဆိုင်းနေကြတာပါ။ တရုတ်နိုင်ငံထဲမှာ ကုန်တင်ပြီး မြန်မာဘက်ပြန်ထွက်မယ့် ကုန်ကားအစီး ၅၀၀ လောက်ကလည်း ပြန်မထွက်နိုင်ပါဘူး။
နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေတဲ့ ကုန်တင်ကုန်ချ အောက်ခြေလုပ်သားတွေကစပြီး လုပ်ငန်းရှင်တွေအထိ သိန်းနဲ့ချီပြီး ထိခိုက်နစ်နာနိုင်ခြေရှိတယ်လို့ ကုန်သည်တွေက ခန့်မှန်းပါတယ်။ မြန်မာအစိုးရအတွက်လည်း နယ်စပ်ကုန်သွယ်ရေးကရရှိတဲ့ အကောက်ခွန်ဝင်ငွေ ကျပ်သန်းနဲ့ချီပြီး ဆုံးရှုံးနိုင်ပါတယ်။ တရုတ်- မြန်မာ နယ်စပ်ဂိတ်တွေထဲမှာ မူဆယ်ကုန်သွယ်ရေး တခုတည်းကနေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာသန်း ၄,၈၀၀ ရှိခဲ့ပါတယ်။

........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










XS
SM
MD
LG