သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရောဂါထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ တိုက်တွန်း


ရန်ကုန်မြို့ရှိ ရပ်ကွက်တခုအတွင်းတွင်း ကျန်းမာရေးစစ်တမ်းကောက်ယူနေသည့် ကျန်းမာရေးဝန်ထမ်း။ (စက်တင်ဘာ ၀၉၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ ရပ်ကွက်တခုအတွင်းတွင်း ကျန်းမာရေးစစ်တမ်းကောက်ယူနေသည့် ကျန်းမာရေးဝန်ထမ်း။ (စက်တင်ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁၀၀ ကျော်အထိ တိုးလာနေချိန်မှာ ရောဂါကူးစက်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်အောင် လူထုက ပူးပေါင်းဆောင်ရွက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ရောဂါကူးစက်မှုတွေ အများဆုံး ကြုံနေရတာကြောင့် အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားရတဲ့ ရန်ကုန်တိုင်းထဲမှာ သီတင်း ၂ ပတ်အတွင်း သိသာထင်ရှားတဲ့ ရလဒ်တွေ ပေါ်ပေါက်လာအောင် လူထုက ပူးပေါင်းပါဝင်ကြဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်းလိုက်ပါတယ်။ ကူးစက်ခံရသူပေါင်း ၄,၀၀၀ ဝန်းကျင်နဲ့ သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ်ခံထားရသူကတော့ ၆,၀၀၀ နီးပါးရှိနေသလို နောက်ထပ် ကူးစက်မှုတွေ တိုးလာနေတဲ့ ရန်ကုန်တိုင်းထဲမှာ ကပ်ရောဂါ ကာကွယ်ရေး အစီအစဉ်တွေဟာ လူထုရဲ့ ပူးပေါင်းမှု ရမှသာ အောင်မြင်နိုင်မယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက VOA ကိုပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ တတ်နိုင်သ မျှအစွမ်းကုန်ပေါ့နော်၊ ဖြစ်ညှစ်ထုတ်ပြီးတော့ အားကုန်ရင်ကုန်သွားပါစေဆိုတဲ့ဟာမျိုးပေါ့နော်၊ ဒီလိုသဘောမျိုးနဲ့ ကျနော်တို့ကကြိုးပမ်းပြီးတော့ နေ့ညမပျက် တကယ်ကို ကျန်းမာရေးဝန်ထမ်းတွေက စေတနာအပြည့်နဲ့ ရှေ့တန်းကစွမ်းစွမ်းတမံ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ဒီရလဒ်တွေ ကောင်းမွန်လာဖို့အတွက်ကတော့ လက်ခုပ်ဆိုတာ တဘက်တည်းတီးရင် မမြည်သလိုပဲပေါ့နော်။ ကျန်းမာရေးဝန်ထမ်းတွေဘယ်လောက်ပဲ ကြိုးစားကြိုးစား တဘက်က ပြည်သူလူထုတွေ မပူးပေါင်း မပါဝင်ဘူးပေါ့နော်၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းမယ်ဆိုရင်တော့ ခုနကလက်ခုတ်တဘက်တည်း ဘယ်လောက်တီးတီး မမြည်ပါဘူးခင်ဗျ။ အဲတော့ တဘက်က ပြည်သူတွေ ပူးပေါင်းပါဝင်မှု အားကောင်းရင်အားကောင်းသလို၊ လိုက်နာရင် လိုက်နာသလို၊ ကျနော်တို့ရဲ့လက်ခုတ်သံဟာ တကယ့်ကို ကျယ်ကျယ်လောင်လောင် မြိုင်မြိုင်ဆိုင်ဆိုင်ကြီးထွက်လာမှာ ဖြစ်ပါတယ်။"

ကပ်ရောဂါထိန်းချုပ်ရေး ကြိုးပမ်းနေချိန်မှာ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရောဂါကူးစက်မှု မရှိစေဖို့နဲ့ လူနာတွေ အသက်သေဆုံးမှု မရှိစေဖို့၊ အသွားအလာ ကန့်သတ်ခံရသူတွေအတွက် နေရာထိုင်ခင်း အလုံအလောက်ရရှိဖို့နဲ့ ဓာတ်ခွဲအတည်ပြု လူနာတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေကို စုံစမ်းဖော်ထုတ် စစ်ဆေးဖို့ အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်က ပြန်လာတဲ့လူဦးရေ ၁,၀၀၀ ဝန်းကျင်အတွက် စောင့်ကြည့်စစ်ဆေးရေးစခန်း နေရာအသစ် ၇ ခု တိုးချဲ့ထားပေမဲ့ စေတနာ့ဝန်ထမ်းလိုအပ်ချက် ရှိနေတယ်လို့လည်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆေးရုံတွေ လုံလောက်မှုရှိအောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေသလို စောင့်ကြည့်စစ်ဆေးရေးစခန်းတွေနဲ့ လိုအပ်တဲ့ စေတနာ့ဝန်ထမ်းတွေပစ္စည်းကိရိယာတွေ ရရှိရေး ကြိုးပမ်းနေကြောင်း မနေ့တုန်းက အွန်လိုင်းကပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ကပ်ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေး ပြည်သူတွေလိုက်ပါဆောင်ရွက်ဖို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောဆိုထားပါတယ်။

“အခုချိန်မှာတော့ အဓိကအားဖြင့် ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ကို ကျမတို့အားလုံး အားစိုက်ရပါမယ်။ အဲဒီတော့ ရန်ကုန်မှာရှိတဲ့ ကျမတို့ ပြည်သူပြည်သား တယောက်ချင်း တယောက်ချင်းဟာ ကိုယ့်ရဲ့ကျန်းမာရေးကို ကိုယ်အားစိုက်ပါ။ ကိုယ်ကျန်းမာဖို့၊ ကိုဗစ်ရောဂါမကူးဖို့ဆိုတာ အဲဒါကိုပဲ အဓိကထားပါ။ ကိုယ်မကူးရင် ကိုယ့်ဆီကနေ သူများတွေမကူးနိုင်ဘူး။ အဲတော့ ကိုယ့်အတွက် ကိုယ်လုပ်တာဟာ သူများတွေအတွက် လုပ်တယ်ဆိုတဲ့သဘောလည်း ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ရန်ကုန်က ပြည်သူပြည်သားများ စိတ်ဓာတ်မကျပါနဲ့။ ရန်ကုန်သူ၊ ရန်ကုန်သားများဟာ သတ္တိရှိတယ်လို့ အားလုံးကပြောကြပါတယ်။ အဲတော့ မှန်ကန်တဲ့နေရာမှာ သတ္တိရှိဖို့လိုပါတယ်။ အဲတော့ အခုဒီကိုဗစ်ရောဂါကို ဖြတ်ကျော်တဲ့နေရာမှာ အနိုင်ယူတဲ့နေရာမှာ သတ္တရှိရှိနဲ့ ဇွဲရှိရှိနဲ့ ဆက်ပြီးတော့လုပ်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။"

ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေ၊ လိုအပ်ချက်တွေအတွက် အသုံးပြုဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက အထွေထွေပိုလျှံငွေ ဘီလီယံ ၁,၀၀၀ ကျော်ကိုလည်း ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး သုံးဖို့ သတ်မှတ်ထားတယ်လို့ အတိုင်ပင်ခံက ပြောပါတယ်။

ကိုဗစ်ရောဂါပိုး ထပ်ပြီးကူးစက်ခံရတာ အနည်းဆုံးဖြစ်ဖို့အတွက်ဆို ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့နေအိမ်တွင်းသာနေထိုင်ပြီး မဖြစ်မနေကိစ္စကြောင့် အပြင်ထွက်ရမယ်ဆို ပါးစပ်နဲ့ နှာခေါင်စည်းတပ်ဆင်ဖို့ကို ဒေါက်တာသန်းနိုင်စိုးက အကြံပြုထားပါတယ်။

“ဒီအချိန်မှာ ရန်ကုန်မြို့မှာနေတဲ့ပြည်သူတွေရော ကျန်တဲ့ကိုဗစ်ဖြစ်ပွားရာဒေသ ရခိုင်ပြည်နယ်မှာနေတဲ့ပြည်သူတွေရော တတ်နိုင်သမျှ မိမိအိမ်မှာပဲနေပေးပါ။ အပြင်ထွက်ရင် Mask တပ်ပါ၊ အပြည့်အဝအကာအကွယ်ယူပါ။ ကိုယ့်အသက်ကိုကာကွယ်သလို မိသားစုအသက်ကိုလည်း ကာကွယ်ပေးခြင်းဖြစ်ပါတယ်။ တဘက်က ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာကိုလည်း နည်းနည်းလေးမှ လက်မတွန့်ပဲနဲ့ အချိန်ပြည့်ပူးပေါင်း ဆောင်ရွက်စေလိုပါတယ်ခင်ဗျ။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၆,၄၀၀ ကျော်နဲ့ သေဆုံးသူ ၁၁၃ ဦးရှိထားပြီး၊ ရောဂါပိုးပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူကတော့ ၁,၄၀၀ ကျော်အထိ ရှိထားပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG