သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် ထိန်းချုပ်မှု ကန့်သတ်ချက်တွေနဲ့ ရန်ကုန်လူထု စိန်ခေါ်မှုများ


ရန်ကုန်တမြို့လုံး နေအိမ်နေ ကန့်သတ်ချက်ထုတ်ပြန်ပြီး၊ ပထမဆုံးနေ့တွေ့ရသည့် ရန်ကုန်မြို့ သတင်းဓါတ်ပုံများဖြစ်ပါသည်။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)
ရန်ကုန်တမြို့လုံး နေအိမ်နေ ကန့်သတ်ချက်ထုတ်ပြန်ပြီး၊ ပထမဆုံးနေ့တွေ့ရသည့် ရန်ကုန်မြို့ သတင်းဓါတ်ပုံများဖြစ်ပါသည်။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အိမ်ပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားတာ တနင်္လာနေ့က စတင်အသက်ဝင်တဲ့ ရန်ကုန်တိုင်းအတွင်း ဒေသခံတွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရသလဲ။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် အိမ့်သန္တာထွန်းက ပြောပြမှာပါ။

တကျော့ပြန် ရောဂါကူးစက်မှုတွေကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်သူ လူနာသစ်တွေပါ တိုးလာနေတာကြောင့် ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတာ ဒီနေ့ပဲ စတင်အသက်ဝင်လာခဲ့ပြီ။ နေအိမ်မှာ အလုပ်သမားအနည်းငယ်နဲ့ အော်ဒါယူပြီး အထည်ချုပ် လုပ်ငန်းလုပ်နေတဲ့ ရန်ကုန်မြို့ခံ ဒေါ်သန်းသန်းမော်ကတော့ ရုတ်တရက် ထုတ်ပြန်လိုက်တဲ့ အမိန့်ကြောင့် အလုပ်တွေ ရပ်ထားလိုက်ရတယ်လို့ ပြောပါတယ်။

“လုပ်ငန်းက အကုန်လုံးထိခိုက်သွားတာပေါ့။ ထိခိုက်တာက လုပ်ငန်းတွေ အကုန်လုံးရပ်လိုက်တယ်၊ နောက်ပြီး ကလေးတွေက သွားရလာရ အကုန်ခက်ခဲသွားတဲ့ခါကျတော့ အလုပ်ကိုလည်း အကုန်လုံးရပ်လိုက်ရတော့တာပေါ့။ သွားရေးလာရေးလည်း အဆင်မပြေတာ့ဘူးဆိုတော့ အဲ့လိုဖြစ်သွားတယ်။ အခုကတော့ ရှေ့ဆက်ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတယ် ဒီလိ အခက်အခဲတွေဖြစ်သွားတဲ့ အခါကျတော့၊ အစိုးရထောက်ပံ့ကြေးကလည်း တစ်ခါမှ မရဖူးဘူး၊ ဘာလို့မရတာလည်း ဆိုတော့ လုပ်ငန်းရှိတယ်ဆိုပြီးတော့ အစ်မတို့ကို မပေးဘူး။ အလုပ်ငန်းတွေကလည်း အကုန်လုံးရပ်သွားတဲ့ အခါကျတော့ အစ်မတို့က အခက်အခဲရှိတယ်။”

အိမ်ပြင်မထွက်ဖို့ အမိန့်ကြောင့် အလုပ်မသွားနိုင်ပေမဲ့ အိမ်ကနေ အလုပ်လုပ်ခွင့်ရတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း အိမ်ကနေ အလုပ်လုပ်ရတဲ့ နေရာမှာ အကန့်အသတ်တွေ ရှိတာကြောင့် ထိခိုက်မှုတွေကိုတော့ ရှောင်လို့မရနိုင်ဘူးလို့လည်း ကုမ္ပဏီဝန်ထမ်းတဦးဖြစ်တဲ့ ကိုကျော်ဝဏ္ဏက ပြောပါတယ်။

“အကုန်လုံး Stay Home ဆိုပြီးလုပ်လိုက်တာမျိုးကျတော့ လုပ်ငန်းပိုင်းမှာ ထိခိုက်မှုတွေ အများကြီးရှိတယ်။ ဒီကာလကလည်း ဘယ်လောက်ကြာမလဲမသိနိုင်ဘူးဆိုတော့၊ လုပ်ငန်းရှင်တွေ ဖက်ကနေဆိုရင်လည်း ထိခိုက်နစ်နာမှုတွေရှိတယ်၊ နောက်အလုပ်ခွင်တွေပါ ရပ်နားလိုက်ရတဲ့ အတွက်ကြောင့်မို့လို့ ရသင့်ရထိုက်တဲ့ ခံစားခွင့်တို့ လစာတို့၊ နောက်တစ်ခါ Daily လုပ်ရတဲ့ အလုပ်သမားတွေဆိုရင် Daily ကြေးပေါ့နှော်။ အဲ့လိုမျိုးထိခိုက်နစ်နာမှုတွေအများကြီး ရှိတယ်။ အစ်ကိုတို့ကျတော့ ပုဂ္ဂလိက အလုပ်ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ Work From Home ဆိုတာက ငွေးကြေးပိုင်းရော နောက်တစ်ခါ ငွေကြေးပိုင်းရော ထိခိုက်မှုရှိတာပေါ့။”

ရန်ကုန်တိုင်း ၄၅ မြို့နယ်ထဲက ကိုကိုးကျွန်းကလွဲပြီး အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ရတဲ့ အစီအစဉ်မှာ အခက်အခဲတွေ ရှိနိုင်တာကို နားလည်ကြောင်းလည်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ဒီအမိန့်ကြောင့်ပေါ့နှော်၊ ဒီ Stay At Home Order ကြောင့် နည်းနည်းအခက်အခဲရှိတယ်ဆို တာတော့ ဖြစ်သွားနိုင်တာတော့ ရှိပါတယ်၊ ဒါပေမယ့် ကျွန်မတို့က နဂိုကတည်းက Stay At Home က ၂၈ မြို့နယ်ကို လုပ်ပြီးသားဖြစ်ပါတယ်။ ၂၈ မြို့နယ်၊၄၄ မြို့နယ်ရှိတာဆိုတော့ နောက် ၁၆ မြို့နယ်လောက်ပဲ တိုးပြီးသဘောပဲဖြစ်ပါတယ်။ အဲ့တော့ အဲ့ဒီ ၁၆ မြို့နယ်မှာလည်း တကယ်ရောဂါဖြစ်ပွားတဲ့မြို့နယ်က ၁၀ မြို့နယ်လောက်ပဲရှိပါတယ်။ ကျန်တဲ့ ၆ မြို့နယ်ကိုပါ တပေါင်းတစ်စည်းတည်းလုပ်လိုက်တဲ့ သဘောပါ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ နောက်ထပ် ၃ ဦး တိုးလာတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၉၇ ဦးအထိ ရှိသွားပါပြီ။ ရောဂါပိုးကူးစက်သူ အတည်ပြုလူနာကတော့ ၆၀၀၀ နီးပါးရှိနေပြီး၊ ရောဂါပိုး ကင်းစင်ပြီး ဆေးရုံက ဆင်းခွင့်ရသူကတော့ ၁,၂၀၀ ကျော် ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


..........

(Unicode)









XS
SM
MD
LG