သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကုသဆေးနဲ့ ကာကွယ်ဆေး ပေါ်လာရင် အချိန်နဲ့ တပြေးညီ မြန်မာနိုင်ငံကို ရောက်ရှိရေး ကြိုးပမ်းနေ (ဒေါ်အောင်ဆန်းစုကြည်)


ဒါ်အောင်ဆန်းစုကြည်- Myanmar State Counsellor Office
ဒါ်အောင်ဆန်းစုကြည်- Myanmar State Counsellor Office

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါအတွက် ကမ္ဘာမှာ ကုသဆေး၊ ကာကွယ်ဆေး ပေါ်လာတာနဲ့ အချိန်နဲ့ တပြေးညီ မြန်မာနိုင်ငံကို အမြန်ဆုံးရောက်နိုင်ရေး အစိုးရက ကြိုးပမ်းနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

ဒါအပြင် COVID-19 ကြောင့် ထိခိုက်မှုတွေရှိနေတဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့အတွက် အကူအညီပေးရေး အစီအစဉ်တွေအပါအဝင် ကုသရေးနဲ့ ကာကွယ်ရေး အသုံးစရိတ် မြန်မာကျပ်ငွေ တစ် ဘီလီယံ သုံးစွဲဖို့ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

COVID-19 ရောဂါကူးစက်မှုလှိုင်း ကြီးမားနေတဲ့ ရန်ကုန်တိုင်းအတွင်း ရောဂါ ထိထိရောက်ရောက် ကာကွယ်ရေး နေအိမ်မှာပဲ နေကြဖို့ အမိန့် ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မနေ့က အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှု အခြေအနေကနေ ပုံမှန် အခြေအနေကို ဘယ်တော့ပြန်ရောက်မလဲ၊ အချိန် ဘယ်လောက်ကြာအုံးမလဲဆိုတဲ့ မေးခွန်းတွေအတွက် ကုသဆေးနဲ့ ကာကွယ်ဆေးတွေ ပေါ်လာတာနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံးရောက်ရှိအောင် သူ့အစိုးရအနေနဲ့ကြိုးပမ်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။

“အခုဆိုရင် တချို့နိုင်ငံတွေမှာ ကိုဗစ်ကုသဖို့ ဆေးကို အားထုတ်ပြီးတော့ ထုတ်လုပ်နေတာရှိပါတယ်။ တချို့တွေကျတော့ ကာကွယ်ဆေးကို အားထုတ်ပြီး ထုတ်လုပ်နေကြတာရှိတယ်။ တချို့ကျတော့ နှစ်မျိုးစလုံးကို အားထုတ်ပြီးတော့ ထုတ်လုပ်နေတာရှိတယ်။

ကျမတို့ နိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် ကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့ အခြေအနေ၊ နောက်ပြီးတော့ ကုသဆေးထုတ်လုပ်နိုင်တဲ့ အခြေအနေ မရှိပေမယ့် ဒီလိုဆေးတွေပေါ်လာတာနဲ့အမျှ အချိန်နဲ့ တပြေးညီ ကျမတို့နိုင်ငံကို မြန်နိုင်သလောက် မြန်မြန် ရောက်နိုင်အောင်ဆိုပြီး ကျမတို့ အအခုကတည်းကနေပြီး စီစဉ်နေပါတယ်။ ဥပမာဆိုရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ ဒီလိုဆေးတွေ ထုတ်နေတဲ့နိုင်ငံက သံတမန်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လောက် ကျမတို့အအနေနဲ့ မြန်မြန်ရနိုင်ဖို့ အလားအလာရှိသလဲ။ အကယ်၍ ဒီဆေးတွေက အောင်မြင်တယ်ဆိုရင် ဆွေးတွေက သုံးသင့်မသုံးသင့်ဆိုတာ ကမ္ဘာ့ကျန်းမာရေးဌထာနက ကြည့်ပြီးစမ်းသပ်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ကျမတို့လည်း မသေချာဘဲနဲ့ ကျမတို့ရဲ့ ပြည်သူတွေအပေမှာ ဒီဆေးတွေကို မသုံးပါဘူး။”

ဒါအပြင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုတွေရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် ကူးစက်မှုထိန်းချုပ်ရေး၊ ကုသရေးတွေအတွက် အစိုးရအနေနဲ့ ကျပ်ငွေ တစ် ဘီလီယံ သုံးစွဲဖို့ လျာထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားသွားပါတယ်။

“ ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့ အထွေထွေပိုလျှံငွေ ဘီလီယံ (၁၀၀၀) ကျော်၊ တစ်ဘီလံယဆိုတာကတော့ သန်း (၁၀၀၀) ဆိုတာ ကျမတို့ ပြည်သူတွေသိပြီးသားပဲ ကျမတို့ ထင်ပါတယ်။ ဘီလီယံ (၁၀၀၀) ကျော်ကို ကျမတို့အနေနဲ့ သဘာဝဘေးအန္တရာယ်အတွက်ဆိုပြီး အဲဒါ ဒီဟာကို ကျမတို့ သတ်မှတ်လိုက်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတော့ ကိုဗစ်နဲ့ ဆိုင်ပါတယ်။ ဒါပေမယ့် ဒီလိုသတ်မှတ်ထားတဲ့ ငွေဟာ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ သုံးဖို့ပါ။ တခြား သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သုံးဖို့ မဟုတ်ပါဘူး။ တခြား သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ရင် အဲဒီ ရန်ပုံငွေထဲမှာ သပ်သပ်ရှိပါတယ်။ အခု ဘီလီယံ (၁၀၀၀)ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျမတို့ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေအတွက် ၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက် သုံးဖို့ဖြစ်ပါတယ်။”

ရက်အကန့်အသတ်မရှိ နေအိမ်မှာပဲ နေကြဖို့ အမိန့် ထုတ်ပြန်ထားတဲ့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အခြေအနေဆိုးနေတဲ့ ရန်ကုန်တိုင်းအတွင်းမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှု ကြီးကြီးမားမားရှိနေတာပါ။ အခုလို အစိုးရက ထောက်ပံ့နေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေထဲမှာ အကျိုးခံစားခွင့် မရသူတွေလည်း ရှိနေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ တနင်္လာနေ့ တနေ့တည်း COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၃၄၆ ဦးရှိပြီး သေဆုံးသူ တဦးရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၆ ထောင်ကျော်ရှိနေပြီ သေဆုံးသူဦးရေ ၁၀၀ နီးပါးရှိနေပါတယ်။


................


(Unicode)












XS
SM
MD
LG