(Zawgyi/Unicode)
ကိုဗစ်ရောဂါကြောင့် တရုတ်ရွှေလီမြို့က စီးပွားရေးလုပ်ငန်းအားလုံး ရပ်တန့်နေပြီး အလုပ်ရှင်၊ အလုပ်သမားတွေရဲ့ လူမှုဘဝအခြေအနေ အတော်ကလေး ကျပ်တည်းလာနေတယ်လို့ ရွှေလီမြို့ နိုင်ငံခြားသားအကူအညီပေးရေးနဲ့ စီမံခန့်ခွဲရေးစင်တာက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါကြောင့် ကိုဗစ်ကပ်ရောဂါကာလမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေ မိမိနေရပ်ကိုပြန်နိုင်ပြီး နေထိုင်ခွင့်မရှိ၊ ဝင်ငွေမရှိဘဲ ဆက်ပြီးနေမယ်ဆိုရင်တော့ ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ရွှေလီမြို့ အာဏာပိုင်တွေက ထုတ်ပြန်လိုက်တာပါ။ ရွှေလီမြို့ရဲ့ ကိုဗစ်ထိန်းချုပ်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။
ရွှေလီမြို့မှာ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်နေတာအပါအဝင် တည်မြဲတဲ့နေအိမ်မရှိ၊ ပုံမှန်ဝင်ငွေမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ် ပေးသွားဖို့နဲ့ အသွားအလာ ကန့်သတ်ထားတဲ့ကာလမှာ အိမ်အပြင်မထွက်ကြဖို့ စတဲ့အချက် ၃ ချက်ကို ရွှေလီမြို့ တာဝန်ရှိသူတွေက ထုတ်ပြန်လိုက်တာပါ။
ဒါကို Covid ကာကွယ်ရေး နည်းလမ်းတခုအနေနဲ့ တရုတ်အာဏာပိုင်တွေဘက်က လုပ်ဆောင်တာဖြစ်ပြီး လက်ရှိမှာလည်း ကပ်ရောဂါကြောင့် ရွှေလီမြို့က ကျန်းမာရေး၊ စီးပွားရေး နှစ်ခုလုံးမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒီအခြေအနေကြောင့် မြန်မာနိုင်ငံသားတွေ အတော်အခက်တွေ့ကြရတယ်လို့ ရွှေလီမြို့အခြေစိုက် ကြင်နာနွေးထွေး ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းနိုင်က ပြောပါတယ်။
“အခုဆိုရင် lockdown ချထားတာ ဘယ်လောက်ရှိသွားပြီတုံး၊ သုံးကြိမ်ရှိသွားပြီ။ အလုပ်ရှင်က အလုပ်ကိုမလုပ်ရဘူး အခုက။ ငွေရေးကြေးရေး ဒီအလုပ်သမားတွေလည်း တအားကျပ်တည်းတယ်ပေါ့။ မြန်မာနိုင်ငံသားတွေ အခြေအနေကတော့ ပြောမယ်ဆိုရင်တော့ ကိုယ့်ရှိရင်တော့ ကိုယ်စားပေါ့ မရှိရင်တော့ရင် ပြန်ကြ အဲလိုမျိုး။ ပြည်နှင်ဒဏ် တကယ်လုပ်ဆောင်ဖို့ရှိတယ်။ အခုအပြင်မှာ ဗမာပြည်သားတွေ့ရင် လာ ကားပေါ်တက် တန်းပြန်ပေါ့ အဲလိုမျိုး။”
တရုတ်ပြည်ထဲနေထိုင်ခွင့် အထောက်အထားရှိရင်တောင်မှ ဝင်ငွေမရှိ၊ အလုပ်မရှိဘဲ ဆက်ပြီးနေဖို့က မဖြစ်နိုင်ကြောင်း ရွှေလီမြို့က ကိုဇော်မျိုးဝင်းက ပြောပါတယ်။
“ဒီကနေ့မနက် ရပ်ကွက်က လုံခြုံရေးတွေပေါ့နော် အိမ်ရှင်နဲ့လာတယ်၊ လာပြီးတော့မှ အခုမြန်မာနိုင်ငံကို ပြန်ချင်တဲ့သူတွေက စာရင်းပေးလို့ ရတယ်ပေါ့ဗျာ၊ စာရင်းပေးရမယ်။ စာရင်းပေးထားသူတွေကို မနက်ဖြန် ပြန်ပို့ပေးမယ်။ တကယ်လို့ မပြန်ချင်ဘူးဆိုရင် ရှေ့ဆက်ပြီး ဒီမှာကျန်ခဲ့တဲ့သူတွေက lockdown မဖွင့်မချင်း မြန်မာပြည်ကို ပြန်လို့မရဘူးပေါ့နော်။ သူတို့အနေနဲ့ နောက်ထပ်တခါ ထပ်မပို့ပေးတော့ဘူးပေါ့။ ပြန်တဲ့သူ များရင်တော့ ကျနော်တို့လည်း ပြန်ရမှာပေါ့။ lockdown က ချထားတာများတော့ လက်ထဲမှာ ပိုက်ဆံကလည်း သိပ်ပြီးမရှိတော့ဘူး။”
ဧပြီလတုန်းက ရွှေလီနဲ့ ကျယ်ဂေါင်မြို့နယ် နှစ်ခုလုံးကို တလနီးပါး lockdown ချခဲ့ပါတယ်။ အခုဇူလိုင်လထဲမှာ ထပ်ပြီးလုပ်တဲ့ lockdown ကိုတော့ တရုတ်ဘက်က ပိုပြီးတင်းတင်းကျပ်ကျပ် ကိုင်တွယ်နေတယ်လို့ ကျယ်ဂေါင်မြို့က မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။
“တချို့ဆိုရင် ရပ်ကွက်ထဲမှာ ခိုးပြီးတော့ ပန်းရံလုပ်တာတွေပေါ့၊ သူဌေးကိုယ်တိုင်က ခိုးပြီးခိုင်းတာပေါ့ဗျာ။ သူတို့အလုပ်သမား အနည်းငယ်နဲ့ပေါ့။ တိုက်အကြီးတွေဆိုရင် သူတို့အထဲထဲမှာ ခိုးပြီးလုပ်ကြတာတွေရှိတယ်။ အဲဒါတွေလိုက်ပြီးတော့မှ သူတို့က ရဲကားနဲ့ လိုက်ပတ်ပြီးတော့မှ စစ်ဆေးတယ်၊ ဖမ်းဆီးတယ်၊ မြန်မာပြည်ကို ပြန်ပို့တယ်ပေါ့။”
မြန်မာနဲ့နယ်စပ် တရုတ်မြို့တွေမှာ ကုန်ထုတ်လုပ်ငန်းနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ ရပ်တန့်နေပြီး ကိုဗစ်ရောဂါပြင်းထန်ချိန် နေအိမ်အပြင်မထွက်ရတဲ့ ကာလကလည်း ကြာရှည်နိုင်တယ်လို့ အများစုက ခန့်မှန်းထားကြတာပါ။ မြန်မာပြည်မှာ ကိုဗစ်ကူးစက်မှုတွေ များနေတာကြောင့်လည်း တနှစ်ကို ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄,၀၀၀ ကျော်ရှိတဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အားလုံးကိုလည်း တရုတ်ဘက်က ရပ်ထားပါတယ်။
ရွှေလီမြို့ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဦးစီးဌာနကတော့ ရွှေလီမှာ အသွားအလာကန့်သတ်မှုတွေ ဆက်လုပ်ထားမယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရေးထားပါတယ်။ ဒီအတောအတွင်း ကိုယ့်သဘောနဲ့ နေရပ်ပြန်ချင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သက်ဆိုင်ရာ စီရင်စုရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်မှု တာဝန်ခံတွေကို အကြောင်းကြားပြီး ပြန်နိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
..............................................................................................
(Unicode)