သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်သွင်းကုန်ပစ္စည်းဈေး မြင့်တက်


၂၀၂၀ ခုနှစ် တရုတ်ပြည်ကို တင်သွင်းမယ့် ကုန်များတင်ဆောင်လာတဲ့ ကုန်တင်ကားတစီးကို ရှမ်းပြည်နယ် မူဆယ်မြို့နားမှာ တွေ့ရ။ (ဧပြီ ၂၀၊ ၂၀၂၀)
၂၀၂၀ ခုနှစ် တရုတ်ပြည်ကို တင်သွင်းမယ့် ကုန်များတင်ဆောင်လာတဲ့ ကုန်တင်ကားတစီးကို ရှမ်းပြည်နယ် မူဆယ်မြို့နားမှာ တွေ့ရ။ (ဧပြီ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

အခုရက်ပိုင်း မြန်မာပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေးနှုန်း ဆက်ပြီး တက်နေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက သွင်းကုန်ပစ္စည်းတချို့လည်း ဈေးတက်နေပါတယ်။ အထူးသဖြင့် မြန်မာနဲ့ နယ်စပ်ကနေ အဓိက ကုန်သွယ်နေတဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံက ပစ္စည်းတွေ ဈေးတက်လာကြောင်း နယ်စပ်ကုန်သည်တွေက ပြောလိုက်ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကိုတော့ ကိုသားညွန့်ဦး ပြောပြမှာပါ။

အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်းက တဒေါ်လာကို ၁,၇၀၀ ကျပ်ဝန်းကျင် ရှိနေတာကြောင့် ဒေါ်လာငွေနဲ့ ပေးဝယ်ရတဲ့ သွင်းကုန်ပစ္စည်းတွေလည်း ဈေးတက်နေပါတယ်။ မြန်မာပြည်အတွက် သွင်းကုန်အများစုကို ထိုင်းနဲ့ တရုတ်နယ်စပ်ကနေ အဓိက သွင်းယူနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာဈေးတက်တဲ့အတွက် ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ်ငွေလည်း ဒီရက်ပိုင်း ဈေးတက်နေပါတယ်။ ဒါကြောင့် ထိုင်းကုန်ပစ္စည်းတွေ ဒီရက်ပိုင်း ပြည်တွင်းမှာ ဈေးတက်နေကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်းက ဒေါ်သင်းသင်းမြတ်က ဗွီအိုအေကို ပြောပါတယ်။

“ဒေါ်လာပြောင်းတယ်ဆိုတော့ ဘတ်ငွေဈေးလည်း တက်တယ်လေ။ (ထိုင်းကသွင်းတဲ့) စားသောက်ကုန်ရှိတယ်၊ လူသုံးကုန်ရှိတယ်။ စိုက်ပျိုးရေးပစ္စည်း ရှိတယ်၊ လယ်ယာထွက်ကုန် ပစ္စည်းတွေရှိတယ်၊ စားအုန်းဆီရှိတယ်။ နောက် ဆောက်လုပ်ရေးပစ္စည်းရှိတယ်။ တက်တယ်ဆိုတော့ အားလုံးတက်တာပါ။”

ထိုင်းဘတ်ငွေနဲ့ မြန်မာငွေလဲနှုန်းမှာ ထိုင်းဘတ်ငွေ ၁ ဘတ်ကို ၅၃ ကျပ် ပေါက်ဈေးရှိနေပါတယ်။ တရုတ်ယွမ်ကတော့ ဇန်နဝါရီ လကုန်ပိုင်းမှာ တယွမ်ကို မြန်မာငွေ ၂၀၀ ပဲရှိခဲ့တာပါ။ အခုမေလ ၁၇ ရက်မှာတော့ တယွမ်ကို ကျပ် ၂၅၀ ပေါက်ဈေး ရှိနေပြီး တရုတ်သွင်းကုန်တွေလည်း ဈေးတက်သွားပါတယ်။ ပြည်တွင်းမှာ ဒေါ်လာဈေးတက်လာရင် မူဆယ်နယ်စပ်မှာ တရုတ်ယွမ်ငွေလည်း ဈေးလိုက်ပြီး တက်ကြောင်း ဆန်ကုန်သည် ဦးမင်းသိန်းက ပြောပါတယ်။

“ဒါဘာကြောင့်လဲဆိုတော့ ဒေါ်လာဈေးတက်တယ်။ border trade မှာလည်း တရုတ်ငွေဈေး တက်တဲ့အတွက် မြန်မာပြည်ကို ပြန်သွင်းတဲ့ သွင်းကုန်ဖြစ်တဲ့ သံချောင်းတွေ၊ စက်ပစ္စည်းတွေ၊ ဘိလပ်မြေတွေ၊ စားကုန်သောက်ကုန်တွေ၊ ဆေးပစ္စည်းတွေ၊ စက်ပစ္စည်းတွေတော့ ဈေးတက်သွားတာ တွေ့ရတယ်။ တရုတ်ငွေက တန်ဖိုးတက်သွားတယ်။”

ပြည်ပကသွင်းတဲ့ ကုန်ကြမ်းထဲမှာ ဒီဇယ်၊ ဓာတ်ဆီလို လောင်စာဆီတွေ ဈေးတက်နေတာကလည်း ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ဖြူးရေးအပိုင်းမှာ စရိတ်တွေ ပိုလာပါတယ်။ သွင်းကုန်တွေ ဈေးတက်လာလို့ ထုတ်လုပ်မှုစရိတ်က တက်လာကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းက ဒေါက်တာအောင်သိန်းက ပြောပါတယ်။

“ဒေါ်လာဈေး မြင့်နေတာကတော့ import raw materials တွေနဲ့ ပိုဆိုင်တာပေါ့နော်။ နိုင်ငံခြားက ကုန်ကြမ်းတွေသွင်းပြီး ပြည်တွင်းမှာ ထုတ်မယ် ဆိုရင်တော့ ထုတ်လုပ်မှု ကုန်ကျစရိတ်က တက်သွားတာပေါ့။ ဂျုံစေ့က နိုင်ငံခြားက သွင်းတယ် ဂျုံမှုန့်ကတော့ ဒီမှာ ထုတ်တာပေါ့နော်။ ဒါလည်းသူက ခုဏကပြောတဲ့ ဒေါ်လာဈေးနဲ့ ချိတ်နေတာပေါ့နော်။”

မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေကြောင့် မြန်မာကျပ်တန်ဖိုးဟာ ဒေါ်လာငွေနဲ့ လဲလှယ်နှုန်းမှာ တဖြည်းဖြည်း ကျဆင်းနေတာပါ။ မြန်မာဗဟိုဘဏ်က ဒေါ်လာကို အများပြည်သူကို ပထမဆုံးအကြိမ် ထုတ်ရောင်းခဲ့ပြီးနောက်မှာတော့ ကျပ်ငွေတန်ဖိုး အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ရွှေနဲ့ ဒေါ်လာ ဝယ်ယူစုဆောင်းမှုတွေ များလာပြီး ဈေးတွေလည်း အဆမတန် တက်နေတာပါ။ ကုန်သည်နဲ့ လုပ်ငန်းရှင်တွေကတော့ အမေရိကန်ဒေါ်လာဈေးဟာ ဝယ်လိုအားများနေတဲ့အတွက် အများကြီး ဈေးပြန်ကျမှာ မဟုတ်ဘူးလို့ ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG