သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ် ယာယီဖြတ်သန်းခွင့် စောင့်ဆိုင်းသူများပြား


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ဂိတ်
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ဂိတ်

ယာယီနယ်စပ် ဖြတ်သန်းခွင့်နဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ကိုသွားဖို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ရောက်လာသူတွေ အများအပြား ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ သောင်တင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရုတ် မြန်မာ နှစ်နိုင်ငံ သဘောတူညီမှုနဲ့ မကြာသေးခင်က ခွင့်ပြုပေးလိုက်တဲ့တပတ်ကြာ နှစ်နိုင်ငံ ယာယီနယ်စပ်ဖြတ်သန်းခွင့်ရဖို့ ရက်အတော်ကြာ စောင့်ရင်း သောင်တင်နေကြတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးပါမယ်။

ရွှေလီမြို့မှာ တပတ်ကြာ နေထိုင်ခွင့်ရမယ့် ယာယီ နယ်စပ်ဖြတ်သန်းခွင့် TBP ကတ်ကို တရုတ်၊မြန်မာနှစ်နိုင်ငံ သဘောတူညီမှုနဲ့ စက်တင်ဘာလ ၄ ရက်ကစပြီး ထုတ်ပေးနေတာကြောင့် ဒေသစုံက ရောက်လာသူတွေ အများအပြား မူဆယ်မြို့ပေါ်မှာ ဒီရက်ပိုင်း သောင်တင်နေကြပါတယ်။ ရောက်လာတဲ့ လူဦးရေပမာဏကများလွန်းပြီး ဌာနဆိုင်ရာထဲမှာလည်း လာဘ်ပေးလာဘ်ယူတွေ ရှိနေလို့ တချို့ ဒုက္ခရောက်နေကြတဲ့အကြောင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"ကတ်ထုတ်ပေးတယ်။ ကတ်ထုတ်ပေးတယ် ဆိုတော့ ပြည်နယ်နဲ့တိုင်း အသီးသီးကနေ မူဆယ်ခရိုင် မူဆယ်မြို့ကို ရောက်လာတယ်။ နောက် ဒီကတ်က လွယ်လင့်တကူ မရဘူးဗျ။ ဒီကတ်ရဖို့ အရေးကို တုံကင်ကို လေးညအိပ် ငါးရက် စောင့်ယူရတယ်။ တုံကင်ရပြီဆိုမှ ကတ်အဆင့်ကို ပြန်စောင့်ရတယ်။ ကြားထဲမှာ ကြာမြင့်ချိန်ကတော့ ဆယ်ရက်လောက် ကြာသွားတာပေါ့။ စရိတ်မလုံမလောက်တွေနဲ့ လာပြီးတော့ စရိတ်တွေ ပြတ်တောက်တာတွေ ရှိတယ်။ အခု ပရဟိတ အသင်းတွေက ကူညီပြီးတော့ နေစရာနေရာ၊ စားဖို့သောက်ဖို့ လိုအပ်တာ ပရဟိတအသင်းတွေက တာဝန်ယူပေးရတဲ့အဆင့်ကို ဖြစ်လာပြီ။"

မြန်မာနဲ့ ထိစပ်နေတဲ့ တရုတ်ယူနန်ပြည်နယ်က ရွှေလီနဲ့ ကျယ်ခေါင်မြို့တွေကို သွားလာနိုင်ဖို့အတွက် တပတ်သက်တမ်းရှိတဲ့ အစိမ်းရောင် TBP ကတ်နဲ့ပတ်စ်ပို့စာအုပ်နဲ့ဆင်တူတဲ့ အနီရောင် စာအုပ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အနီရောင် စာအုပ်ကိုတော့ မြန်မာလူဝင်မှုကြီးကြပ်ရေးက တနှစ်သက်တမ်း ပေးထားပါတယ်။ ဒီစာအုပ်အနီကို လက်ရှိမှာ မူဆယ်နဲ့ နမ့်ခမ်း စတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့က ဒေသခံတွေပဲ လုပ်ခွင့်ရပါတယ်။ ဒီ စာအုပ်အနီ ရဖို့အတွက် တနယ်တကျေးက လူတွေကတော့ မူဆယ်ဒေသခံတွေ ဆီမှာ အိမ်ထောင်စုစာရင်း ဖြည့်ပြီး ကြိုးပမ်းကြရပါတယ်။ ဒါကြောင့် တပတ်သက်တမ်းရှိတဲ့ TBP ကတ်ကိုဒီလ ၄ ရက်နေ့က စတင် ခွင့်ပြုပေးလိုက်တာပါ။

" ကျနော်တို့ ဖြစ်စေချင်တာက ဖွင့်ပေးလိုက်။ လူဦးရေလေးတော့ ကန့်သတ်ပေါ့ဗျာ။ တရက်ရဲ့ အတိုင်းအတာဆိုရင် ဘယ်နှယောက် ဝင်နိုင်မယ်။ ဝင်နိုင်မယ့် လူဦးရေလောက်ပဲ ကန့်သတ်ပြီးတော့မှ အဲလို အပိုင်းအခြားလေးနဲ့ လုပ်ပြီးမှ လွယ်လင့်တကူ ရှိတာပေါ့။ နေစရာ၊ ထိုင်စရာမရှိတော့ အိမ်ငှားတွေက အဆမတန်ပေးပြီး လိုက်ငှား၊ အိမ်ရှင်တွေက စျေးတွေတက်။ ဒီ တရုတ်ပြည် ဖွင့်လိုက်မှ ကျနော်တို့အမြင် ပြောရရင် ပိုတောင် ဒုက္ခရောက်သွားတာ။"

ရွှေလီမြို့မှာ တပတ်ကြာ နေထိုင်ခွင့်ရမယ့် ယာယီ နယ်စပ်ဖြတ်သန်းခွင့် TBP ကတ်
ရွှေလီမြို့မှာ တပတ်ကြာ နေထိုင်ခွင့်ရမယ့် ယာယီ နယ်စပ်ဖြတ်သန်းခွင့် TBP ကတ်

တပတ်သက်တမ်းပေးထားတဲ့ TBP အစိမ်းရောင်ကတ်ကို မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနမှာ ၅၀၀ကျပ်နဲ့ ထုတ်ပေးနေတယ်လို့ ကြေညာထားပေမဲ့ တကယ်တမ်းတော့ အမြန်ရချင်ရင်တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အဆင့်ဆင့် လာဘ်ပေးရကြောင်း မူဆယ်မြို့က ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

" စာအုပ်အနီ ရရင်တော့ အဆင်ပြေတယ်။ တနှစ် ဝင်ထွက်ခွင့် ရတဲ့အတွက် တရုတ်ပြည်ဘက်က ရွှေလီ၊ ကျယ်ဂေါင်မှာ အလုပ်သမား ခန့်တဲ့အခါမှာ စာအုပ်အနီနဲ့ကို အလုပ်သမား လျှောက်လွှာတွေဘာတွေ တင်လို့ရတယ် တနှစ်ထိဆိုတော့လေ။ စာအုပ်အနီလုပ်ရင် ကုန်ကျစရိတ်က ၅၀၀ ကနေ ၁၀၀၀ ပဲ။ အခုကတော့ အဲ့စျေးတွေ မရတော့ဘူး။ မှောင်ခိုပေါက်စျေးတွေ ဖြစ်တော့ စာအုပ်အနီဆို (မြန်မာကျပ်) သိန်း သုံးလေးဆယ် ပေးရတယ်။ ကတ်ဆိုရင်တော့ လေးငါးသိန်း ပေးရတယ်။"

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နယ်စပ်မှာ မြန်မာအများအပြား အလုပ်လုပ်ကိုင် နေကြတယ်ဆိုပေမဲ့ တရုတ်အစိုးရ မူဝါဒအရတော့ တရားမဝင် အဖြစ်သာ အလုပ်လုပ်ခွင့်ရပါတယ်။ ဒါကြောင့် ယာယီနေထိုင်ခွင့် ကတ်တွေကိုသုံးပြီး နားလည်မှုနဲ့ ပြည်နယ်အစိုးရက မျက်ကွယ်ပြုပြီး ခွင့်ပြုပေးထားတာပါ။ ရက်လွန်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာတွေလည်း ရှိပါတယ်။

ဒီအတောအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံကြားမှာ MoU စာချုပ်နဲ့ တရားဝင်လုပ်သား စေလွှတ်ဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာအလုပ်သမားရေးဌာန အမြဲတမ်း အတွင်းဝန်ကတော့ ဒီကိစ္စကို အတည်မပြုသလို ငြင်းဆိုတာလည်း မရှိဘဲ တရားဝင် အလုပ်သမားတွေ စေလွှတ်နိုင်ဖို့အတွက် နည်းလမ်းတချို့ကို စဉ်းစားနေတဲ့အကြောင်း ဗွီအိုအေကို ဖြေကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG