သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ကုန်သွယ်ရေးမှာ ယွမ်ငွေတိုက်ရိုက်အသုံးပြုမှုကြောင့် မြန်မာကုန်သည်တွေ နစ်နာ


တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး (AFP)
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး (AFP)

တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ တရုတ်ယွမ်ငွေကိုသုံးဖို့နဲ့ ယွမ်ငွေစာရင်းဖွင့်မှ ကုန်သွယ်လိုင်စင် ထုတ်ပေးမယ်ဆိုတဲ့ မြန်မာဗဟိုဘဏ်ရဲ့ မူဝါဒ အပြောင်းအလဲတချို့ကြောင့် နယ်စပ်မှာ ကုန်သွယ်ရေးတန်ဖိုး ကျဆင်းသွားတယ်လို့ မြန်မာကုန်သည်တွေက ပြောပါတယ်။ ပြည်တွင်းဘဏ်တွေဟာ ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးအတိုင်း ပြင်ပပေါက်ဈေးထက်နည်းတဲ့ နှုန်းထားနဲ့ ယွမ်ငွေကို ဝယ်ယူနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ အဆင်မပြေမှုတွေ ဖြစ်လာတာပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုစံကျော်က တင်ဆက်ပေးမှာပါ။

ပြည်တွင်းဘဏ်တွေမှာ တရုတ်ယွမ်ငွေစာရင်း ဖွင့်ထားတဲ့သူကိုပဲ သွင်းကုန်လိုင်စင် ရတော့မှာဖြစ်သလို၊ ပို့ကုန်သမားတွေကလည်း ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ဈေးအတိုင်း ဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဘဏ်တွေဆီ ပြန်ရောင်းရတဲ့အတွက် အဆင်မပြေကြောင်း နယ်စပ်ကုန်သည်တွေက ဗွီအိုအေကို ပြောပါတယ်။

လုပ်ငန်းရှင်တွေက တရုတ်နဲ့ ကုန်သွယ်ရာမှာ ယွမ်နဲ့ အမေရိကန်ဒေါ်လာကို ပြင်ပမှာ အဆင်ပြေသလို ဝယ်ယူသုံးစွဲကြတာပါ။ အခုတော့ စစ်ကောင်စီလက်ထက်မှာ ဘဏ်စနစ်နဲ့ ထိန်းချုပ်ပြီး ယွမ်ငွေနဲ့ပဲ ကုန်သွယ်ဖို့ ညွှန်ကြားလာတာ ဖြစ်ပါတယ်။ မြန်မာဗဟိုဘဏ်က တရုတ်ငွေ တယွမ်ကို ၂၉၅ကျပ် သတ်မှတ်ထားပါတယ်။ ဒါက ပြင်ပပေါက်ဈေးထက် ကျပ် ၁၀၀ ကျော်လောက် ကွာနေတာပါ။ ဒါကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ယွမ်နဲ့ကျပ် ငွေလဲနှုန်းကြောင့် ကျဆင်းသွားတယ်လို့ မူဆယ် နယ်စပ်ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

"တရုတ်ယွမ်အကောင့် ရှိရမယ်၊ အဲဒီအကောင့်မှာ Export ၊ Import ငွေချေတဲ့အခါမှာ အဲဒီဘဏ်စနစ်နဲ့ သွားတာကိုး။ အဲဒီမှာ သူက သတ်မှတ်ထားတာက (ဝင်ငွေရဲ့) ၆၅ရာခိုင်နှုန်းကိုတော့ သူတို့သတ်မှတ်ဈေးနဲ့၊ သတ်မှတ်ဈေးက ဘယ်လောက်ကွာလဲဆိုတော့ အခုမြေပြင်မှာ ယွမ် ၁၀၀ကို ၄၁,၇၀၀ (ကျပ်) လောက် ရနေတဲ့အချိန်မှာ အဲဒီ သတ်မှတ်ဈေးက ၃၈၀၀၀ ဝန်းကျင်လောက်နဲ့ အဲလို ၆၅ရာခိုင်နှုန်း ဖြတ်တယ်။ ၃၅ ရာခိုင်နှုန်းကိုတော့ သူက (ဘဏ်က) ပေါက်ဈေးနဲ့ ပေးတယ်ပေါ့။ အဲဒီအခါ ကုန်သည်က မကိုက်တဲ့အခါကြတော့ ကုန်သွယ်မှုတန်ဖိုးတွေ ကျတယ်။"

တရုတ်ကနေ တင်သွင်းမဲ့ လုပ်ငန်းရှင်တွေကိုလည်း ယွမ်ငွေစာရင်းဖွင့်ထားဖို့ မြန်မာဗဟိုဘဏ်က ဇွန်လ ၁ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ ယွမ်ငွေကိုပဲ အဓိကထားပြီး သုံးစွဲတော့မယ်လို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့နှစ်ကတည်းက ပြောနေခဲ့တာပါ။

ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေကို သုံးစွဲဖို့ မြန်မာစစ်ကောင်စီက ကြိုးစားနေပေမဲ့ ယွမ်ငွေစာရင်းဖွင့်ပြီး အလုပ်လုပ်ရတာ အဆင်မပြေကြောင်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ အခုနောက်ပိုင်း ပြည်တွင်းဘဏ်တွေမှာ ယွမ်ငွေစာရင်း ဖွင့်ထားတဲ့ လုပ်ငန်းတွေကိုပဲ သွင်းကုန်လိုင်စင် ထုတ်ပေးတော့မယ်လို့ မြန်မာဌာနဆိုင်ရာ အသီးသီး ထုတ်ပြန်ခဲ့တာပါ။ ဒီလို ငွေစာရင်းနဲ့ ထိန်းချုပ်တာကြောင့် လွတ်လပ်တဲ့ ကုန်သွယ်မှု မဖြစ်တော့ဘူးလို့ ကျင်စန်းကျော့ နယ်စပ်ဂိတ်ဘက် မြန်မာကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ ကိုယ်တိုင်ဗျာ အပြင်မှာ အပြင်ပေါက်ဈေးနဲ့ လဲပိုင်ခွင့် မရှိတော့ဘူးပေါ့။ ကျနော်တို့က ယွမ်ငွေ အကောင့်နဲ့ကိုမှ ဗမာငွေထည့်လိုက်တာ။ အဲဒါကို အစိုးရကနေ ပြန်လဲပေးတဲ့သဘော ဖြစ်သွားတာ။ သူက ငွေပေါ်မှာ အခွန်ပြန်ကောက်တဲ့သဘော ဖြစ်သွားတာပေါ့၊ အရင်တုန်းကဆို တရုတ်မှာဝယ်ထားပြီး ပစ္စည်းက ယူလာလို့ရတယ်။ အခုက အဲလိုမျိုးဝယ်ထားပြီး ယူလာလို့မရဘူး။ အဲဒီအကောင့်ထဲကို ပြန်ထည့်ပေးရတာပေါ့။ ဝယ်တဲ့အချိန် အခွန်တခါကောက်တယ်၊ ပစ္စည်းအပေါ်မှာ တခါအခွန်ကောက်တယ်၊ ယွမ်အကောင့်ရဲ့ သဘောကတော့။"

ပြီးခဲ့တဲ့ မေလလယ်ပိုင်းမှာလည်း သံ၊ သံမဏိ သွင်းကုန်လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေကို ပြောင်းလဲသုံးစွဲဖို့ ကုန်သွယ်ရေးဦးစီးဌာနက ဖိအားပေးခဲ့ပါတယ်။ အလားတူပဲ ဆေးဝါးတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကိုလည်း တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေနဲ့ အစားထိုးပြီး ကုန်သွယ်ဖို့ ညွန်ကြားခဲ့တာပါ။ ယွမ်ငွေစာရင်းဖွင့်ခိုင်းတာဟာ သွင်းကုန် လုပ်ငန်းရှင်တွေအတွက် အခွန်အကြိမ်ကြိမ် ဆောင်ရသလို ဖြစ်နေကြောင်း ကျင်စန်းကျော့နယ်စပ်က ကုန်သည်က ပြောတာပါ။

"ယွမ်ငွေနဲ့ကျ အဆင်မပြေဘူးလေ။ သူက အစိုးရ Partner ကုမ္ပဏီလောက်ပဲ ဒါလုပ်ပိုင်ခွင့်ရှိတော့တာပေါ့။ အကောင့်ထဲမှာ ငွေသွင်းထားတာ ပြထားတာ ရှိတယ်လေ။ သာမန် ကုန်သည်ကြီးတွေကြတော့ လုပ်ပိုင်ခွင့် မရှိတော့ဘူးပေါ့။ ဥပမာ ကျနော်တို့ တရုတ်ပြည်ကဗျာ ကားတစီးကို ဝယ်လာပြီး အခွန်ဆောင်ပြီး ဗမာပြည်ကို သွင်းတာပေါ့၊ ကိုယ်တိုင်ဝယ်လာပြီး သွင်းတာပေါ့။ အခုက ကိုယ်တိုင်ဝယ်ခွင့် မရှိတော့ဘူး၊ အစိုးရကိုပေး သူတို့ကနေ ပေးဝယ်ပေးတဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့။"

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားငွေ၊ အထူးသဖြင့် အမေရိကန်ဒေါ်လာ မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဖို့ မြန်မာဗဟိုဘဏ်က ညွှန်ကြားချက်တွေ မကြာခဏထုတ်ပြန်ပြီး ထိန်းကြောင်းခဲ့ပါတယ်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ နယ်စပ်တွေမှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ငွေကြေးအတိုင်းပဲ ကုန်သွယ်ဖို့လည်း ညှိနှိုင်းနေကြတာပါ။ ဒါပေမဲ့ ဗဟိုဘဏ် ထိန်းကြောင်းထားတဲ့ နိုင်ငံခြား ငွေလဲနှုန်းတန်ဖိုးဟာ ပြင်ပပေါက်ဈေးနဲ့ ကွာဟမှုတွေရှိ နေပါတယ်။

ဗဟိုဘဏ်ကတော့ သူတို့သတ်မှတ်ထားတဲ့ ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းတွေကို ပြောင်းလဲမှာမဟုတ်ကြောင်း၊ ဘဏ်တွေမှာ နိုင်ငံခြားငွေကို တိုးပြီးရောင်းချပေးမှာ ဖြစ်ကြောင်း မေလ ၂၆ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG