သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ချန်း-ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးပြန်စဖို့ တရုတ်ဘက်ကြိုးပမ်းနေ


မဲခေါင်-လင်ချန်း ပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နေပြည်တော်မှာ အခမ်းအနား ကျင်းပစဉ်။ (သတင်းမှန်ပြန်ကြားရေး/မတ်လ ၂၃၊ ၂၀၂၃)
မဲခေါင်-လင်ချန်း ပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နေပြည်တော်မှာ အခမ်းအနား ကျင်းပစဉ်။ (သတင်းမှန်ပြန်ကြားရေး/မတ်လ ၂၃၊ ၂၀၂၃)

{{Zawgyi/Unicode}}

လင်ချန်း- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးကိုပြန်စဖို့ တရုတ် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်အာဏာပိုင်တွေ အားထုတ်နေပေမဲ့ မြန်မာဘက်မှာတော့ ဘာမှပြင်ဆင်တာတွေ မရှိသေးဘူးလို့ တရုတ်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်ဖြစ်ရေး လင်ချန်းအာဏာပိုင်တွေဘက်က ပြင်ဆင်ထားသလို လင်ချန်း- ချင်းရွှေဟော်ရထားလမ်း စီမံကိန်းကိုလည်း နောက်နှစ်မှာ အပြီးဆောက်လုပ်ဖို့ ရည်ရွယ်ထားတာပါ။ ဒါကြောင့် နယ်စပ်မှာရှိတဲ့ တရုတ်ကုန်သည်တချို့ ဒီနေ့အင်္ဂါနေ့မှာတွေ့ဆုံပြီး ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ကိုဗစ်ကာလအပြီး နယ်စပ်ကုန်သွယ်ရေးတွေ ပြန်စဖို့ လင်ချန်းခရိုင်အစိုးရက လိုလားနေပေမဲ့ မြန်မာဘက်မှာတော့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး တစုံတရာ တုံ့ပြန်တာမရှိသေးဘူးလို့ တရုတ်ကုန်သည်တချို့က ပြောပါတယ်။ လင်ချန်းမြို့တော်ဝန် Mr Du Jianhui ကိုယ်တိုင် မတ်လ ၂၃ ရက်က မြန်မာကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌနဲ့ ရန်ကုန်မှာတွေ့ဆုံခဲ့ပြီး လင်ချန်းနဲ့ချင်းရွှေဟော်ကြားက ကုန်သွယ်ရေးကို ပြန်စချင်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ယူနန်ပြည်နယ်၊ လင်ချန်းမြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်နယ်စပ်မှာ လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန် တည်ဆောက်နေတာ အခြေခံအစိတ်အပိုင်းတွေ ပြီးစီးနေပြီလို့ လင်ချန်းမြို့တော်ဝန်က ပြောပါတယ်။ ဒါဟာ ကိုဗစ်ကာလနောက်ပိုင်းမှာ မြန်မာကုန်သည်တွေနဲ့ ယူနန်ပြည်နယ် လင်ချန်းမြို့ အာဏာပိုင်တွေ ပထမဆုံးအကြိမ် ပြန်ပြီးတွေ့ခဲ့ကြတာပါ။ လင်ချန်း- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဟာ မူဆယ်၁၀၅ မိုင်ပြီးရင် ဒုတိယအကြီးဆုံး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်ပါတယ်။

မူဆယ်နယ်စပ်မှာ နှစ်နိုင်ငံကုန်သွယ်ရေး ပြန်စနေပေမဲ့ ချင်းရွှေဟော်ဘက်မှာတော့ မြန်မာဘက်က နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေကြောင်း တရုတ်ကုန်သည်တဦးဖြစ်တဲ့ လင်ချန်း-မြန်မာကုန်သည်အသင်းတာဝန်ရှိသူက ပြောပါတယ်။ ဒီနေ့ အင်္ဂါနေ့မှာကုန်သည်အချင်းချင်း အစည်းအဝေးလုပ်ခဲ့ပြီး နေပြည်တော်က တာဝန်ရှိသူတွေနဲ့ဆွေးနွေးဖို့ နည်းလမ်းရှာနေတယ်လို့ သူက မြန်မာစကားနဲ့ ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့က တရုတ်နိုင်ငံထဲမှာနေတာဆိုတော့ ဒီဘက်အခြမ်းမှာတော့ အကုန်လုံးပြီးသွားပြီ။ မြန်မာနဲ့ပေါ်လစီက အဲလိုပဲ ဟိုတင်ရဦးမယ်၊ ဒီတင်ရဦးမယ် ပေါ့နော်။ ဘယ်သူမှ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မပေးထားတဲ့အခါကြတော့။ အဲလိုဖြစ်နေတာ။ စီးပွားရေးလုပ်ဖို့ရာ ကျနော်တို့အဖွဲ့ကလည်း နည်းနည်း ဘယ်လိုလုပ်ရမလဲ၊ နေပြည်တော်မှာ... အကုန်လုံး အစကပြန်စရမှာ။ ညွှန်ချုပ် ဘယ်သူမှန်းလည်း မသိဘူး၊ ဘယ်လိုင်းဝင်ရမှန်းလည်း မသိဘူး။ နယ်စပ်ရောက်ရင် ကျနော်တို့က သွင်းဖို့ပဲ။ ဒီဘက်က အကုန်လုံးအရံသင့် ဖြစ်နေပြီ။ ချင်းရွှေဟော်မှာ ဘယ်သူက တာဝန်ကျနေမှန်းမသိ၊ ကျနော်တို့ကိုယ်တိုင် (မြန်မာဘက်ကို) ထွက်လို့မရသေးဘူး။"

မတ်လ ၂၃ ရက်ကတွေ့ဆုံပွဲမှာတော့ လင်ချန်းမြို့တော်ဝန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ မြန်မာကုန်သည်အသင်းချုပ်တို့ဟာ ယွမ်ငွေ၊ ကျပ်ငွေ တိုက်ရိုက်လဲလှယ်ဖို့ နယ်စပ်ရင်းနှီးမြှုပ်နှံဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။ ယူနန်အစိုးရဟာ ကိုဗစ်ကာလမှာ မြန်မာနဲ့ထိစပ်နဲ့ နယ်စပ်တွေအားလုံးကို ကြိုတင်အကြောင်းမကြားဘဲ ပိတ်လိုက်သလို နောက်ပိုင်းမှာလည်း အလျင်းသင့်သလို ပြန်ဖွင့်တာ၊ ပြန်ပိတ်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တာကြောင့် မြန်မာလုပ်ငန်းရှင် အများအပြား ထိခိုက်နစ်နာခဲ့ရကြောင်း နယ်စပ်ကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။ မြန်မာကုန်သည်တွေကြားမှာ ဒီလုပ်ရပ်ကို သဘောတွေ့ပုံမရကြောင်း တရုတ်အရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

" ဒီဘက်မှာ ပုပ်ကုန်တွေပေါ့နော်၊ သစ်သီးဝလံတွေ၊ နောက် တိရစ္ဆာန်တွေ၊ နွားတို့၊ ကျွဲတို့ အဲလိုဟာတွေ အများကြီး ဆုံးရှုံးနစ်နာမှုတွေ ဖြစ်တယ်။ အခု ပြန်ဖွင့်တယ် ဆိုတဲ့အခါကျတော့ ဗမာဘက်က သူတို့ဖွင့်တယ်ဆိုတဲ့ရက် မဖွင့်ပေးဘူး။ ဆင်းရဲသားမာနပေါ့နော့။ တဖက်သတ် လုပ်ချင်သလိုလုပ်တော့ အခုသူတို့ ဖွင့်မယ်၊ ဖွင့်ချင်ပြီဆိုတဲ့အခါ ဗမာကနည်းနည်း မူပြီးတော့ ကျနော်ထင်တာပေါ့နော်။"

ကိုဗစ်ဖြေလျှော့အပြီးမှာ တရုတ်ဟာ သူ့ရဲ့ BRI စီမံကိန်းတွေရဲ့ အဓိကဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တိုးတက်ဖို့၊ တရုတ်ရွှေလီမြို့နဲ့ မန္တလေးတိုင်းကို ရထားလမ်းဖောက်လုပ်ဖို့ စတဲ့ကိစ္စတွေကို အားစိုက်လာခဲ့ပါတယ်။ ပြီးတော့ လင်ချန်း-ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးနဲ့ ရထားလမ်းကိုလည်း ထပ်မံ ပြင်ဆင်လာတာပါ။ ဒီရထားလမ်းဟာ တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် နားက ချုံချင့်ဒေသကနေ ယူနန်ပြည်နယ် လင်ချန်းခရိုင်ကိုဖြတ်ပြီး မြန်မာနယ်စပ် ချင်းရွှေဟော်မြို့ကို ချိတ်ဆက်ဖို့ ဖြစ်ပါတယ်။ အဲဒီနောက် မြန်မာပြည်တွင်းက ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းနဲ့ ထပ်ပြီးချိတ်ဆက်ဖို့ ရည်ရွယ်ထားတာပါ။

ပြီးခဲ့တဲ့နှစ်က ဒီရထားလမ်းကို တရုတ်နိုင်ငံထဲမှာ တစိတ်တပိုင်းဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ဒါကို မြန်မာနဲ့ချိတ်ဆက်မဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်ဆိုပြီး တရုတ်သတင်းဌာနတွေနဲ့ ရန်ကုန်တရုတ်သံရုံးက အသားပေး ရေးသားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}











ဆက်စပ်သတင်းများ ...

XS
SM
MD
LG