သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓားစာခံတွေထဲက အမေရိကန် သားအမိ(၂)ယောက်ကို ဟားမတ်(စ်)တို့ ပြန်လွှတ်


TOPSHOT - This handout picture courtesy of the government of Israel taken on October 20, 2023 shows Natalie Shoshana Raanan (2nd L) and Judith Tai Raanan (2nd R) after being held hostage and later released by Hamas at an undiclosed location.
TOPSHOT - This handout picture courtesy of the government of Israel taken on October 20, 2023 shows Natalie Shoshana Raanan (2nd L) and Judith Tai Raanan (2nd R) after being held hostage and later released by Hamas at an undiclosed location.

ဓားစာခံတွေထဲက အမေရိကန် သားအမိ(၂)ယောက်ကို ဟားမတ်(စ်)တို့ ပြန်လွှတ်

အစ္စရေးကို ဟားမတ်စ် လက်နက်ကိုင်အဖွဲ့တွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန် ဓားစာခံနှစ်ဦးဖြစ်တဲ့ မိခင်နဲ့ ဆယ်ကျော်သက် အရွယ် သမီး တို့ကို ဟားမတ်စ်ဘက်က သောကြာနေ့က ပြန်လွှတ်ပေးခဲ့ကြောင်း အစ္စရေးအစိုးရက ပြောပါတယ်။

အဲဒီမိခင်နဲ့ သမီး တိုု့ဟာ အစ္စရေးနိုင်ငံသားအဖြစ် ခံယူထားကြသူတွေလည်း ဖြစ်ပြီး သူတို့ဟာ ဖမ်းခံထားရတဲ့ အမေရိကန် ဓားစာခံတွေထဲက ပထမဆုံးပြန်လည် လွတ်မြောက်လာကြသူတွေ ဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန် ဓားစာခံ ၂၀၀ လောက်ကို ဟားမတ်စ်ဘက်က ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ အခု လွတ်လာသူ နှစ်ဦးကို လူသားချင်းစာနာထောက်ထားလို့ လွှတ်ပေးခဲ့တာ ဖြစ်ကြောင်းနဲ့ ကာတာအစိုးရကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဟားမတ်စ်က ပြောပါတယ်။ အခြား ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကလည်း အခု လွတ်မြောက်လာမှုကို ကြိုဆိုခဲ့ကြပြီး ကျန်နေသေးသူတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်ကြား စစ်ပွဲတွေမှာတော့ ဟားမတ်စ်အုပ်ချုပ်တဲ့နယ်မြေတွေကို အစ္စရေးဘက်က မြေပြင်တပ်တွေနဲ့ အချိန်မရွေး ကျူးကျော်ဝင်ရောက်နိုင်မယ့် အခြေအနေမှာပဲ အစ္စရေးဘက်က ဂါဇာကမ်းမြောင်မှာ ညပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ သောကြာနေ့က ထပ်မံပြုလုပ်ခဲ့ပါတယ်။ တခါ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုတွေရှိနေတဲ့ အစ္စရေးနိုင်ငံမြောက်ပိုင်း လက်ဘနွန်နယ်စပ်အနီးက အစ္စရေး မြို့ဖြစ်တဲ့ Kiryat Shmona က မြို့နေလူထုကို ရွှေ့ပြောင်းဖို့ စီစဉ်ထားတယ်လို့ သောကြာနေ့ကပဲ အစ္စရေးက ကြေညာပါတယ်။

လောလောဆယ်အထိ အစ္စရေးနဲ့ ဟားမတ်စ်ကြား ပဋိပက္ခ အတွင်း အစ္စရေး ဘက်က ၁,၄၀၀ ကျော်နဲ့ ပါလက်စတိုင်း ဘက်က ၃,၄၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ တခါ ဂျေရုဆလင်ကို ရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak က အစ္စရေးသမ္မတ Isaac Herzog နဲ့ တွေ့ဆုံရာမှာ အစ္စရေးနိုင်ငံရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို ဗြိတိန်က ထောက်ခံ ရပ်တည်ကြောင်း ပြောပေမယ့် ဂါဇာကမ်းမြောင်ဒေသခံတွေကို အကူအညီတွေပေးဖို့ လိုအပ်ကြောင်းလည်း သူက အလေးပေး ပြောကြားခဲ့ပါတယ်။

“ပါလက်စတိုင်းတွေဟာ ဟားမတ်စ်အဖွဲ့ရဲ့ လုပ်ရပ်ကြောင့် ဓားစာခံ သားကောင်တွေ လို့ Sunak က ပြောသွားပါတယ်။” ဂါဇာကို အကူအညီပေးရေး အစီအစဥ်တွေကတော့ မျှော်လင့်ထားသလို သောကြာနေ့မှာ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ဘဲ အီဂျစ်နဲ့ ဂါဇာကမ်းမြောင် နယ်စပ်မှာ ကယ်ဆယ်ရေး ကုန်တင်ယာဥ် ဒါဇင်နဲ့ချီ ရပ်တန့်ထားရပါတယ်။ “ဒီအကူအညီတွေ ဂါဇာကို ရောက်ဖို့ မရှိမဖြစ် အသက်မမျှ အရေးကြီးတယ်” လို့ နယ်စပ်ဒေသကို ကိုယ်တိုင်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သောကြာနေ့က ပြောပါတယ်။

XS
SM
MD
LG