သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို အကူအညီအမြန်ဆုံးရောက်သင့်လို့ ကုလပြောကြား 

ဂါဇာနဲ့ အီဂျစ်နိုင်ငံ နယ်စပ် Rafah ဂိတ်ကိုရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres (အောက်တိုဘာ ၂၀၊ ၂၀၂၃)
ဂါဇာနဲ့ အီဂျစ်နိုင်ငံ နယ်စပ် Rafah ဂိတ်ကိုရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres (အောက်တိုဘာ ၂၀၊ ၂၀၂၃)

ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေ အသက်ရှင်သန်ရေးအတွက်လိုအပ်တဲ့ အကူအညီတွေကို ဂါဇာကိုဝင်တဲ့ အီဂျစ်နိုင်ငံနဲ့ နယ်စပ် Rafah ဂိတ်ကနေ အမြန်ဆုံး ဝင်ခွင့်ပေးပါလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ အီဂျစ်နယ်စပ်မှာ အသင့်စောင့်နေကြတဲ့ ကုန်တင်ကား အစီး ၂၀ ထက်မနည်းမှာ အစားအသောက်တွေအပါအဝင် အလွန်အမင်း လိုအပ်နေတဲ့ အကူအညီတွေဖြစ်လို့ အမြန်ဆုံး လိုရာရောက်သင့်တယ်လို့ အတွင်းရေးမှူးချုပ် Guterres က Rafah နယ်စပ်ဂိတ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီကုန်တင်ကားတွေဟာ ကုန်တင်ကားတွေ သက်သက်မဟုတ်ပါဘူး။ အသက်ရှင်သန်ရေးအတွက် သိပ်အရေးကြီးတဲ့ ကုန်တင်ကားတွေဖြစ်ပါတယ်။ ဂါဇာမှာရှိတဲ့ လူအများအပြားအတွက် သေရေး ရှင်ရေး အဆုံးအဖြတ်ပေးမဲ့ ကားတွေဖြစ်ပါတယ်" လို့ အီဂျစ်နယ်စပ်ကို သွားရောက်ခဲ့တဲ့ အတွင်းရေးမှူးချုပ် Guterres က ပြောသွားပါတယ်။

ဂါဇာကို အကူအညီတွေပေးပို့ရေး အစ္စရေးနဲ့ အီဂျစ်နိုင်ငံကြား သဘောတူညီချက်တွေမှာ ကန့်သတ်ချက်တွေ ပါရှိတာကြောင့် ဒီကန့်သတ်ချက်တွေ ရှင်းလင်းအောင်လည်း အီဂျစ်၊ အစ္စရေးနဲ့ အမေရိကန်နိုင်ငံတွေကြား ဆွေးနွေးနေကြတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ တချိန်ထဲမှာဘဲ အစ္စရေးနဲ့ ဟာမတ်စစ်သွေးကြွတို့အကြား အပစ်အခတ် ရပ်စဲကြဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဂါဇာဒေသကို အမြန်ဆုံး ရောက်နိုင်ဖို့ ပင်လယ်ကွေ့ဒေသက အာရပ်နိုင်ငံတွေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက တညီတညွတ်ထဲ တောင်းဆိုလိုက်ကြပါတယ်။

Saudi Arabia နိုင်ငံ Riyadh မြို့တော်မှာ ဒီနေ့ကျင်းပတဲ့ အာဆီယံနိုင်ငံများဆိုင်ရာ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီးဆွေးနွေးပွဲ ကြေညာချက်မှာ ဂါဇာဒေသထဲက အရပ်သားတွေအပေါ်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။ ရေရှည်ခံတဲ့ အပစ်အခတ်ရပ်စဲရေးရဖို့နဲ့ အခြေခံ မဖြစ်မနေလိုအပ်တဲ့ အကူအညီတွေ ပေးပို့နိုင်ဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဂါဇာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အီဂျစ်နိုင်ငံကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်အဖွဲ့အကြားက တင်းမာမှုတွေ အမြန်ဆုံး လျော့ချနိုင်ရေးအတွက် ရည်ရွယ်ပြီး မနက်ဖြန် အောက်တိုဘာလ ၂၁ ရက်နေ့ကျရင် ကိုင်ရိုမြို့မှာ နိုင်ငံတကာ ညီလာခံ ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီ ညီလာခံကို အာရပ်နဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေအပြင် ဗြိတိန်၊ ဂျပန်နဲ့ ပါလက်စတိုင်းသမ္မတ Mahmoud Abbas တို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဂါဇာကို အကူအညီအမြန်ဆုံးရောက်သင့်လို့ ကုလပြောကြား 
please wait

No media source currently available

0:00 0:01:42 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG