သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေးအခင်း မြန်မာပြည်ဖွားဂျူးတွေနဲ့ မြန်မာမွတ်ဆလင်များ တုံ့ပြန်ချက်


မြန်မာ- ဂျူး အဖွဲ့အစည်းခေါင်းဆောင် ကိုဆန်မီ (ဝဲ)​ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြောခွင့်ရ ကိုကျော်ဝင်း (ယာ)
မြန်မာ- ဂျူး အဖွဲ့အစည်းခေါင်းဆောင် ကိုဆန်မီ (ဝဲ)​ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြောခွင့်ရ ကိုကျော်ဝင်း (ယာ)

ဂါဇာကမ်းမြောင်ဒေသက အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ပတ်သက်လို့ သဘောထားအမြင်အမျိုးမျိုးရှိနေကြပေမယ့် မြန်မာပြည်ဖွား ဂျူးတွေနဲ့ မြန်မာမွတ်ဆလင်တွေကြား တဦးနဲ့တဦး ဆက်လက်ဖေးမကူညီ ရပ်တည်နေကြောင်း ခေါင်းဆောင်အသီးသီးက ဗွီအိုအေကို ပြောပါတယ်။

မြန်မာ- ဂျူး အဖွဲ့အစည်းခေါင်းဆောင် ကိုဆန်မီနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြောခွင့်ရ ကိုကျော်ဝင်းတို့ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အစ္စရေးက ဟားမတ်စ်တွေကိုတိုက်နေတဲ့စစ်ပွဲဟာ လူသားတွေကို ဒိုင်းသဖွယ်အသုံးချနေတဲ့ အစွန်းရောက်စစ်သွေးကြွအဖွဲ့ကိုအမြစ်ပြတ်ချေမှုန်းဖို့ ဖြစ်တယ်ဆိုတဲ့အမြင်တွေရှိနေသလို အစ္စရေးဘက်က အပြင်းအထန် အင်အားသုံးတိုက်ခိုက်နေတဲ့အတွက် ပါလက်စတိုင်း ကလေးငယ်တွေအပါအဝင် အရပ်သားထောင်နဲ့ချီသေဆုံးတဲ့ဖြစ်ရပ်ကြောင့် အစ္စရေးအစိုးရဟာ စစ်ရာဇဝတ်မှုနဲ့ အခြားနိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်ရှုတ်ချနေကြတာပါ။

အစ္စရေးနိုင်ငံပိုင်နက်ထဲကို ဟားမတ်စ်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်အပေါ် မြန်မာ-ဂျူးအဖွဲ့အစည်းခေါင်းဆောင် ကိုဆန်မီက သူ့ရဲ့အမြင်ကို ဗွီအိုအေကိုအခုလိုပြောပါတယ်။

"ဟုတ်ကဲ့၊ မင်္လာပါ။ အခု မြန်မာနိုင်ငံမှာ ဘယ်လောက်ပဲ မတူကွဲပြားနေပါစေ၊ ကျနော်တို့အားလုံး တဦးနဲ့တဦး supporting လုပ်တယ်ဆိုတဲ့အချက်ကလေးကတော့ တကယ်ကို ကြည်နူးစရာပါ။ အဲဒီတော့ အဲဒီက တခြားနိုင်ငံတွေမှာ..အခုနကလိုပေါ့နော်၊ အစ္စရေးနိုင်ငံမှာ - ဘယ်နိုင်ငံမှာပဲ​ဘယ်လို ဆက်ဖြစ်နေပါစေ၊ အားလုံး ဘာသာပေါင်းစုံရဲ့ညီညွတ်မှုက မပျက်သွားဖို့ လိုပါတယ်။ ဂျူး...မွတ်ဆလင်...ခရစ်ယာန် ကွန်မြူနတီ၊ ဘဟာရီ...ဟိန္ဒူ...ဗုဒ္ဓ...အားလုံးနဲ့ ကျနော်တို့ သဟဇာတတည့်ပြီးတော့ နေလာခဲ့တာ နှစ်ပေါင်း တော်တော်ကြာပါပြီ။​ တခါတလေပေါ့နော်- အစ္စရေးနဲ့ပတ်သက်ပြီး အစည်းအဝေးမှာ ဆွေးနွေးစရာတွေ ရှိခဲ့ရင်တောင်မှ အမြင်မတူတာကို ကျနော်တို့အားလုံး ယဥ်ယဥ်ကျေးကျေးနဲ့ discussion လုပ်ကြတယ်။​ ဒါပေမဲ့ ဒီ အောက်တိုဘာ ၇ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကတော့ ဒါ ကမ္ဘာ့အဆိုးဝါးဆုံးသော terrorism လို့ ကျနော်တို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ terrorism ပေါင်းများစွာ ရှိတဲ့အထဲမှာမှ ဒီတခေါက်က တော်တော်ကို ဆိုးသွားတယ်။

...အဖေရဲ့အရှေ့မှာ သမီးကိုသတ်တယ်။ သားသမီးတွေရဲ့ရှေ့မှာ မိဘကိုသတ်တယ်။ အသက် ၈၀ ကျော် နော် အဲလိုမျိုးကို သတ်ဖြတ်ခဲ့တယ်။ နောက် လည်ပင်းလှီးခဲ့တယ်-စတဲ့ ပုံရိပ်တွေကိုလည်း အွန်လိုင်းမှာတော့ တွေ့နေရမှာပေါ့နော်၊ ...ဆိုတော့ ဒီဟာက တကယ်ကို လူမဆန်လွန်းတဲ့ terriorism ဖြစ်တဲ့အတွက် ကျနော်တို့ ဘယ်ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်နိုင်ငံသားမဆို ဒီလိုအဖြစ်အပျက်ကို ရှုတ်ချမယ်လို့ ကျနော် ယုံကြည်မိပါတယ်။

အင်ကြင်းနိုင်။ ။ တကမ္ဘာလုံးမှာရှိတေတဲ့ ဂျူးဝစ်ရှ်တွေကလည်း အမျိုးစုံတုံ့ပြန်ကြတယ်။ နောက် တဘက်မှာလည်း အစ္စရေးနိုင်ငံရဲ့ ရပ်တည်တဲ့အနေအထားလည်း ရှိနေတော့ အပေါ်မှာကျတော့ အခု ဖြစ်လာတဲ့ကိစ္စအပေါ်မှာ ကိုယ့်နိုင်ငံနဲ့ပတ်သက်ပြီးတော့ ဂျူးဝစ်ရှ်အသိုင်းအဝိုင်းတို့ ဘာတို့ပေါ့နော်- ဒီအပေါ်မှာရော ဘယ်လို ရိုက်ခတ်မှုတွေ ရှိတာ တွေ့ရလဲရှင့်။

ကိုဆန်မီ။ ။ ကျနော်တို့ မြန်မာပြည်မှာကတော့ ဂျူးဝစ်ရှ် ကွန်မြူနတီက အရမ်းသေးငယ်တဲ့အတွက်တော့ အထွေအထူးတော့ မရှိပေမဲ့ တခြားနိုင်ငံတွေမှာတော့ ရိုက်ခတ်မှုတော့ အတော်များများ ရှိပါတယ်။ ဒါပေမဲ့ အခုနက ကျနော်ပြောသလိုပေါ့နော်- ဒီဟာက ဘာသာရေးနဲ့လည်း မပတ်သက်ဘူး။​ နိုင်ငံရေးနဲ့ဆိုလည်း ပတ်သက်ပေမဲ့ ဒီဟာက တော်တော်ကိုဆိုးဝါးလှတဲ့ terrorism ပေါ့၊ အခုနကလို တချို့တွေက ပြန်ပြောကြတာတွေလည်း ရှိမယ်၊ မြန်မာပြည်မှာဆိုလည်း ရှိတာပေါ့နော်။ ....အစ္စရေးရဲ့ တုံ့ပြန်မှုပေါ့။ အစ္စရေးရဲ့ တုံ့ပြန်တဲ့အခါမှာလည်း ပါလက်စတိုင်းဘက်က ပြည်သူတွေ ထိခိုက်တယ်ဆိုတဲ့အတွက် ဒါတော့ တွေ့နေရမှာပဲ။ အဲဒီအတွက်လည်း ကျနော်တို့လည်း စိတ်မကောင်းဘူး။​

....ဒါပေမဲ့ ကျနော်တို့ နားလည်ရမှာက ပါလက်စတိုင်း - ဟားမတ်စ်ပေါ့နော် ဟားမတ်စ်က သူ့ရဲ့သုံးတဲ့ အဆိုးဝါးဆုံးလက်နက်ဆိုတာ တခုရှိတယ်။ အဲဒါကတော့ Human shield ပေါ့။ လူသားဒိုင်းသဖွယ်သုံးတာပေါ့။ သူတို့ရဲ့ပြည်သူတွေကို သူတို့လူသားဒိုင်းသဖွယ်သုံးတယ်။​ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အစ္စရေးကိုတိုက်ခိုက်တဲ့အခါမှာ ဆေးရုံတွေထဲကနေ တိုက်ခိုက်တယ်၊ ကျောင်းတွေထဲကနေ တိုက်ခိုက်တယ်။ အဲဒီတော့ အစ္စရေးက ပြန်တိုက်တဲ့အခါမှာ အဲဒီနေရာတွေကို ထိတယ်။​ အဲဒါကိုလည်း ကျနော်တို့ နားလည်ဖို့လိုတယ်။ ဒါပေမဲ့ ဘယ်ဘက်ကမဆို အစ္စရေးဘက်ကလည်း အပြစ်မဲ့တဲ့ပြည်သူတွေ အများကြီး အသက်ဆုံးရှုံးရသလို ပါလက်စတိုင်းဘက်ကလည်း အပြစ်မဲ့တဲ့ပြည်သူတွေ အများကြီး အသက်ဆုံးရှုံးရတဲ့အတွက် ဘယ်သူပဲမဆို ကျနော်တို့ လူသားချင်းစာနာတဲ့အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။

အလားတူပဲ အစ္စရေး-ဟားမတ်စ်စစ်ပွဲဟာ ဘာသာရေးနဲ့ မသက်ဆိုင်ဘူးလို့မြင်ကြောင်း ဝါရှင်တန်ဒီစီကို ရောက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီပြောခွင့်ရ ကိုကျော်ဝင်းက ဗွီအိုအေနဲ့တွေ့ဆုံမေးမြန်းခန်းမှာ အခုလိုပြောပါတယ်။

ကိုကျော်ဝင်း။ ။ ကျနော့အိမ်နောက်ဖေးမှာ ဂျူးဘုရားကျောင်းရှိတယ်ပေါ့နော်။ ဒါ ဥပမာတခုပြောပြတာ-စဥ်းစားလို့ရအောင်။ ဒီဂျူးဘုရားကျောင်းဟာ မွတ်ဆလင်တွေရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့အနေအထားပေါ့။ ဗလီနဲ့လည်းသိပ်မဝေးဘူး။ ...ဆိုတော့ ဒီဂျူးဘုရားကျောင်းဟာ ကျနော်တို့ ငယ်ငယ်လေးကတည်းက ဒီဂျူးဘုရားကျောင်းသော့ကို မွတ်ဆလင်က ကိုင်ထားတာ။ ဒါကို စောင့်ရှောက်တယ်၊ သန့်ရှင်းရေး ကူညီဝိုင်းလုပ်ပေးတယ်။ အနီးအနားပတ်ဝန်းကျင်အားလုံးက မွတ်ဆလင်တွေ။ ...ဆိုတော့ ဂျူးလူမျိုးနဲ့ မွတ်ဆလင်တွေအနေအထားမှာ ဘာသာအယူဝါဒအရ ပြောရမယ်ဆိုရင် ကျနော်တို့က အင်မတန်နီးစပ်တယ်။ အတွေးအခေါ်တွေ၊ အနေအထိုင် ဝတ်စားမှုတွေ၊ နေထိုင်တဲ့ပုံစံတွေက တော်တော်လေး နီးစပ်တယ် - ဂျူးနဲ့က။ ဆိုတော့ ပြဿနာဘာမှမရှိဘူး၊ ရာဇဝင်အရပြောမယ်ဆိုလို့ရှိရင် ဂျူးလူမျိုးတွေ အများဆုံးပြဿနာရင်ဆိုင်ခဲ့ရတာက ဥရောပဘက်မှာ။ အရှေ့အလယ်ပိုင်းဘက်မှာ သူတို့ ရင်မဆိုင်ခဲ့ရဘူး။ ရာဇဝင်ကိုမရှိခဲ့ဘူး-ဂျူးတွေကို နှိပ်ကွပ်တယ်ဆိုတာ။ ဂျူးတွေအနှိပ်ကွပ်ခံခဲ့ရတာက ဥရောပမှာ ပက်ပက်စက်စက်အနှိပ်ကွပ်ခံခဲ့ရတာ။ နောက် ဒီနေ့ ပါလက်စတိုင်းဘက်ကိုရောက်လာတဲ့ ဂျူးတွေကလည်း ဥရောပကနေ ထွက်ပြေးလာရတဲ့၊ ခိုလှုံဖို့အတွက် ရောက်လာတဲ့ဂျူးတွေ။ ဒါပေမဲ့ ဒီကိုရောက်လာပြီးတဲ့နောက်ပိုင်းမှာ သူတို့အနေအထားတွေ ပြောင်းလဲလာတယ်။ ဒါကို ဘယ်လောက်ပဲ လူမျိုးစုတစုကို ကျနော်တို့က ထောက်ခံအားပေးနေပါစေ - အခြေခံသဘောတရားတခုကို ကျနော်တို့က သိဖို့လိုအပ်တာက လူသားချင်းဆိုင်ရာ ဘယ်လိုပြောရမလဲ၊ လူစိတ်ပေါ့နော်။ လူလူချင်းနားလည်မှု၊ ယိုင်းပင်းကူညီမှု၊ သနားညှာတာမှု ဒီဟာတွေကိုကျော်လွှားပြီး မျက်ကွယ်ပြုထားလို့မရဘူး။

....ဆိုတော့ ဘယ်လိုပဲဖြစ်လာပါစေ၊ ပါလက်စတိုင်းဘက်ကလည်း အကြမ်းဖက်တာကို လက်ခံလို့မရသလို အစ္စရေးဘက်ကလည်း အကြမ်းဖက်တာကို ကျနော်တို့လက်ခံလို့မရဘူး။ ကလေး လူမမည်လေးတွေကို သတ်တာ ဖြတ်တာ...ဒါတွေက ကမ္ဘာ့ရာဇဝတ်မှုဖြစ်သွားပြီ။​ ဒီနေ့ UK မှာ ဆိုလို့ရှိရင် တချို့အဖွဲ့တွေကနေပြီတော့ ဗြိတိန် အစိုးရကိုတရာစွဲဖို့ သတိပေးလာတယ်။ ဘယ်လိုသတိပေးလာလဲဆိုရင် ဒီသတင်းက မကြာမီ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေကို ကျူးလွန်လာမယ့် အရိပ်အယောင်တွေကို မြင်ရနေရပြီ၊ အကယ်၍ ဒီဟာတွေကို အားပေးအားမြှောက် ပြုခဲ့မယ်ဆိုရင် ဒါဟာလည်း ရာဇဝတ်မှုတခုဖြစ်တယ်။ ဆိုတော့ ဒါက ဒီနေရာမှာ အစ္စရေးနဲ့ဂျူးနဲ့ကို ခွဲခြားပြီးမြင်ဖို့လိုတယ်-ကျနော်ပြောချင်တာက။ ပါလက်စတိုင်းနဲ့ ဟားမတ်စ်နဲ့ကိုလည်း ခွဲခြားပြီးမြင်ဖို့လိုတယ်။ အစ္စလာမ်ဘာသာနဲ့ ဂျူးဘာသာနဲ့ ဒီနိုင်ငံရေးထဲကို ရောယှက်လို့ မရဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG