သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနာမှုအကူအညီ တင်ဆောင်လာတဲ့ ကားတွေ ဂါဇါကို မဝင်ရောက်နိုင်သေး


EDITORS NOTE: Graphic content / People gather around bodies of Palestinians killed in a strike on the Ahli Arab hospital in central Gaza after they were transported to Al-Shifa hospital, on October 17, 2023.
EDITORS NOTE: Graphic content / People gather around bodies of Palestinians killed in a strike on the Ahli Arab hospital in central Gaza after they were transported to Al-Shifa hospital, on October 17, 2023.

စာနာမှုအကူအညီ တင်ဆောင်လာတဲ့ ကားတွေ ဂါဇါကို မဝင်ရောက်နိုင်သေး


အစ္စရေးနဲ့ ဟားမတ်စ်တိုက်ပွဲတွေကြောင့် ဂါဇာမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်အောင် လမ်းဖွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပဋိပက္ခမှာ ပါဝင်နေသူ အားလုံးကို တိုက်တွန်းနေပါတယ်။ စားနပ်ရိက္ခာနဲ့ အကူအညီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတွေကို အီဂျစ်နိုင်ငံနဲ့ နယ်စပ် Rafah ဂိတ်ကနေ ဂါဇာထဲ ဝင်ခွင့်ပေးဖို့ စောင့်ဆိုင်းနေရချိန်မှာ ခုလို တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ဒီလို အရပ်သားတွေအတွက် စာနာမှုအကူအညီတွေ နှောင့်နှေးနေတာအပြင် အစ္စရေးက ဂါဇာကို လေကြောင်းကနေ တိုက်ခိုက်နေတာတွေကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေလည်း အာရပ်နိုင်ငံ အတော်များများမှာ လတ်တလော ဖြစ်ပေါ်နေပါတယ်။ Edward Yeranian ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။


အီဂျစ်နိုင်ငံနဲ့ နယ်စပ် ဂါဇာဘက်ခြမ်းက Rafah ဂိတ်မှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးနေတဲ့ လမ်းတွေကို အီဂျစ်လုပ်သားတွေက ဘူဒိုဇာ စက်ကြီးတွေနဲ့ လိုက်လံပြင်ဆင်နေတဲ့ ရုပ်ပုံတွေကို အာရပ် သတင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ လမ်းပြင်တာ ဘယ်တော့ပြီးမလဲ မသေချာပေမဲ့၊ အကူအညီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကား အစီး ၂၀ ဒီလမ်းကနေ ဂါဇာကို မနေ့ သောကြာနေ့က ဝင်ခွင့်ပြုဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အီဂျစ်သမ္မတ Abdel Fattah el-Sissi တို့ ကြား သဘောတူညီချက်ကတော့ တရက် နောက်ဆုတ်လိုက်ရပါတယ်။

ဂါဇာက နောက်ဆုံး အခြေအနေတွေကို သိနိုင်ဖို့ Rafah နယ်စပ်အထိ ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ ဒီကုန်တင်ကားတွေ ဂါဇာထဲ အမြန်ဆုံး ဝင်ရောက်ခွင့်ပြုဖို့ ပြောနေတာပါ။

"မဖြစ်သင့်တဲ့ အခြေအနေတခုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နေရတာပါပဲဗျာ။ စားစရာမရှိ၊ ရေမရှိ၊ ဆေးဝါး၊ လောင်စာ မရှိ၊ အသက်ရှင်ဖို့အတွက် ဘာမဆိုလိုအပ်နေတဲ့၊ အကြီးအကျယ် ဒုက္ခရောက်နေကြတဲ့ လူ ၂ သန်းလောက် ဂါဇာဘက်ခြမ်းမှာ ရှိနေတဲ့အချိန်… ဒီလို လိုအပ်နေပါတယ်ဆိုတဲ့ အစားအစာ၊ ရေ ဆေးဝါးနဲ့ လောင်စာတွေ ပါတဲ့ ကုန်တင်ကားတွေ အများကြီးကလည်း အီဂျစ်ဘက်ခြမ်းပါ ရှိနေပါလျက် ပေးခွင့်မရ ဖြစ်နေပါတယ်။”

ဂါဇာဒေသထဲ ဝင်ရောက် ကူညီပေးခွင့်ရဖို့အတွက် အီဂျစ် စာနာကူညီရေးအဖွဲ့တချို့နဲ့ NGO အဖွဲ့အစည်း တချို့လည်း နယ်စပ်မှာ စောင့်ဆိုင်းနေကြတာ ရှိသလို၊ နယ်စပ်ဂိတ် ဆက် ပိတ်ထားတဲ့အပေါ် ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ အီဂျစ်နဲ့ တခြား နိုင်ငံတကာ အလှူရှင်တွေက ပေးပို့တဲ့ အကူအညီတွေ အများအပြားဟာ ဂါဇာထဲ ပေးပို့ခွင့်ရဖို့ အီဂျစ် El Arish လေဆိပ်မှာ ပုံနေတာလည်း ရှိပါတယ်။ နယ်စပ်ဂိတ်မှာ ဆန္ဒပြနေသူ တဦးက ခုလို ပြောပါတယ်။

“အီဂျစ်ပြည်သူတွေရဲ့ ရပ်တည်မှုကတော့ ရှင်းရှင်း ပြတ်ပြတ်ပါပဲ။ ဇီယွန်ဝါဒီတွေကြောင့် ပါလက်စတိုင်းနယ်မြေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆန့်ကျင်ပါတယ်။ အရပ်သားတွေ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ၊ ပါလက်စတိုင်း နယ်မြေတွေကို နယ်ချဲ့တာတွေကို ဆန့်ကျင်ပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်တွေက မခိုင်လုံပါဘူး။ အရပ်သား ပြည်သူတွေကို သတ်ဖြတ်နေတာကို ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး”

နယ်စပ်မှာ ခုလို ဆန္ဒပြသူတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ ကိုင်ရိုမြို့က al-Azhar ဗလီမှာလည်း သောကြာနေ့ ဝတ်ပြုပွဲ လုပ်တဲ့အချိန် ပါလက်စတိုင်းသားတွေနဲ့ ဂါဇာကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြသူတွေ ရာနဲ့ချီ ရှိခဲ့ပါတယ်။ ဒါ့အပြင် လက်ဘနွန်နိုင်ငံ ဘေရုမြို့တော်၊ ဆီးရီးယားနိုင်ငံ ဒမက်စကက်စ် (Damascus) ၊ ဂျော်ဒန်နိုင်ငံ အာမန် ၊ အီရတ်နိုင်ငံ ဘက်ဂဒက် နဲ့ အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လ်ဂျီးယားစ် မြို့တော်တွေမှာလည်း အလားတူ ဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က အထင်ကရ Tahrir Square ရင်ပြင်မှာ သောကြာနေ့က အီဂျစ်ပြည်သူတွေ အများအပြား ပါလက်စတိုင်း အလံတွေ ဝှေ့ယမ်းပြီး ပါလက်စတိုင်းသားတွေနဲ့ ဂါဇာကို ထောက်ခံတဲ့အကြောင်း ကြွေးကြော် ဆန္ဒပြနေကြတာပါ။

ဒီအတောအတွင်း ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား Mohammed Bin Salman ကလည်း ဂါဇာပဋိပက္ခမှာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို နှစ်ဘက်စလုံးက ရပ်တန့်ဖို့ သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။

“ဘယ်လိုအခြေအနေအောက်မှာ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကို လုံးဝ ကန့်ကွက်ကြောင်း ပြောကြားလိုပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာဖို့ အရေးကြီးသလို၊ အရပ်သား ပြည်သူတွေနဲ့ နေ့စဥ်လူမှုဘဝတွေကို ထိခိုက်စေတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ရပါလိမ့်မယ်လို့” − လို့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed Bin Salman က အာရပ် ဘာသာစကားနဲ့ ပြောသွားတာပါ။ ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ GCC နဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံ ပူးတွဲ ဆွေးနွေးပွဲကို ဆော်ဒီနိုင်ငံ Riyadh မြို့မှာ သောြကာနေ့က ကျင်းပနေတဲ့အချိန် အခုလို ပြောသွားတာပါ။

ဆောဒီဆိပ်ကမ်းမြို့ Jeddah မှာကျင်းပတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ညီလာခံကို တက်ရောက်နေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian ကလည်း အရှေ့အလယ်ပိုင်းဒေသ တခုလုံးဟာ ခုချိန်မှာ ပေါက်ကွဲလုနီးနီး ဗုံးတလုံးလို ဖြစ်နေပြီလို့ သတိပေးပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားပြီး အစ္စရေးက လေကြောင်း ကနေ တိုက်ခိုက်နေတာကို တခြားနိုင်ငံ့ ခေါင်းဆောင်တွေက ဘာမှမပြောဘဲ နုတ်ဆိတ်နေကြတယ်လို့လည်း သူက ဝေဖန်ပါတယ်။

အယ်ဂျီးရီးယား တရားရေးဝန်ကြီး Abderrachid Tabi ကတော့ ပါလက်စတိုင်းနယ်မြေအတွင်း ဆိုးဆိုးရွားရွား ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း ပြောပါတယ်။

လူသားဘေးဒုက္ခအကျပ်အတည်းကြီး ဒီ့ထက် ပိုဆိုးမလာခင် ဂါဇာကို အကူအညီတွေ အမြန်ဆုံး ပေးပို့နိုင်အောင် လမ်းဖွင့်ပေးဖို့နဲ့ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ အားလုံးက တောင်းဆိုနေကြတာပါ။ ဒီလို အပစ်အခတ် ရပ်စဲပြီး အစ္စရေး−ပါလက်စတိုင်း ပဋိပက္ခကို ကိုင်တွယ်နိုင်မယ့် ရေရှည် ဖြေရှင်းချက်တရပ် ရလာဖို့ အတွက်ကိုတော့ အာရပ်နဲ့ ကမ္ဘာ့နိုင်ငံတွေ ပါဝင်တဲ့ ညီလာခံတရပ် ဒီကနေ့ စနေနေ့မှာ ကျင်းပနိုင်ဖို့ အီဂျစ်နိုင်က ပြင်ဆင်နေပါတယ်။

XS
SM
MD
LG