သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသခံတွေ ပြောပြတဲ့ စစ်ကိုင်းတိုင်း နယ်မြေရှင်းလင်းရေး နောက်ဆုံးအခြေအနေ


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ကျေးရွာ ၁၅ ရွာထက် မနည်းက ဒေသခံ ၁ သောင်းခွဲနီးပါးစစ်ဘေး တိမ်းရှောင်နေရစဉ် (အောက်တိုဘာ ၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ကျေးရွာ ၁၅ ရွာထက် မနည်းက ဒေသခံ ၁ သောင်းခွဲနီးပါးစစ်ဘေး တိမ်းရှောင်နေရစဉ် (အောက်တိုဘာ ၊ ၂၀၂၃)

ဒေသခံတွေ ပြောပြတဲ့ စစ်ကိုင်းတိုင်း နယ်မြေရှင်းလင်းရေး နောက်ဆုံးအခြေအနေ

စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ ၅ ရက်အတွင်း အရပ်သား ၁၀ ယောက်နီးပါး သတ်ဖြတ်ခံရပြီး ဖမ်းဆီးခံရတာတွေလည်းရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ရေဦးမြို့မှာလည်း စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေရှိခဲ့ပြီး ဒေသခံ ၆ ထောင်ကျော်လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေကို ကိုရဲမွန်က ပြောပြပါမယ်။


ပုလဲမြို့နယ်ထဲ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့စစ်တပ်ဟာ အောက်တိုဘာ ၁၅ ရက်မှာ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေထဲ ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာလည်း ဖြစ်ပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ၂ ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ရေးတင်းမာနေသလို အောက်တိုဘာ ၂၀ ရက်အထိ ၅ ရက်အတွင်း အရပ်သား ၁၀ ယောက်နီးပါး သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီးအချို့လည်း ပျောက်ဆုံး ဖမ်းဆီးခံရတာရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ မြောက်ယမားကာကွယ်ရေး တပ်ဖွဲ့က ကိုမောင်ခန့်က အခုလို ပြောပါတယ်။
“ကျွန်တော်တို့ယင်းမာပင်မြို့နယ်ထဲမှာဆိုရင် အောက်တိုဘာ ၁၅ ရက်ကနေ အခုလက်ရှိ အောက်တိုဘာ ၂၀ ရက်အထိ အသတ်ခံရတဲ့ ပြည်သူပေါင်းက ကျွန်တော်ထင်ာ ၁၀ ဦးထက်မနည်း ရှိလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အသတ်ခံရတာက ကျွန်တော့်ဆီ သတင်းရောက်လာတာက ၁ ဦးပဲရှိပါသေးတယ်။ ဒီကြားထဲမှာ စစ်ကောင်စီ စစ်ကြောင်းထိုးရာလမ်းတလျှောက်မှာ အမျိုးသမီးငယ်အချို့ ဖမ်းဆီးထိန်းသိမ်းခံရတာတွေရှိတယ်။ နောက်တခု အမျိုးသား အချို့ အသတ်ခံရတာတွေလည်း ကျွန်တော်တို့ သတင်းရပါတယ်။ ဘယ်ရွာက ဘယ်သူတွေလည်းဆိုတာက လောလောဆယ် အတည်ပြုလို့မရသေးဘူး။ ကျွန်တော်တို့ ပြောနိုင်တာတခုကတော့ အောက်တိုဘာ ၁၅ ကနေ ၂၀ ဒီကနေ့အထိပေါ့ အသတ်ခံရတဲ့ ပြည်သူ ယင်းမာပင်မြို့နယ်ထဲမှာ ၁၀ ဦးထက်မနည်း ရှိလိမ့်မယ် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အပြစ်မဲ့ပြည်သူ အများအပြား ရှိလိမ့်မယ်။”

စစ်တပ်က ပုလဲမြို့နယ်ထဲကနေ အောက်တိုဘာ ၁၄ ရက်မှာ ဝင်ရောက်လာပြီး ပုလဲမြို့နဲ့ ကပ်လျက် ယင်းမာပင်မြို့နယ်အပိုင်ထဲက သဲကုန်းကျေးရွာကို ဝင်ရောက်သွားပြီး စစ်တပ်က ပြန်လည်ထွက်ခွါတဲ့ အောက်တိုဘာ ၁၅ ရက်မှာတော့ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်အချို့လည်း မီးရှို့ခံခဲ့ရပြီး ဒေသခံအများအပြားလည်း တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရသလို အကူအညီတွေလည်း လိုအပ်နေပါတယ်။ အရပ်သားတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့်တော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ လက်ရှိအချိန် စစ်တပ်ဟာ ယင်းမာပင်မြို့နယ်ထဲမှာပဲ တပ်စွဲထားပြီး နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပါတယ်။

ယင်းမာပင်မြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်တပ်ဟာ တပ်မ ၇၇ လောက်အောက်ခံ တပ်ရင်းတွေက ဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပြီး လက်ရှိအချိန်မှာ စစ်ရေးတင်းမာနေသလို အောက်တိုဘာ ၁၉ ရက်ကလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်းထဲက ရေဦးမြို့မှာလည်း အောက်တိုဘာ ၁၉ ရက်က စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်ထဲက အရပ်သား ၄ ထောင်နီးပါးလည်း တိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ထိတွေ့မှု ၂ မိနစ်လောက်တော့ ဖြစ်ကြတယ်။ သူတို့က ရေဦးကနေ ဒီပဲယင်းကို စစ်ကြောင်းထိုးလာတယ်။ မိုင်းဆွဲတယ်ပေါ့။ ငရုတ်တုံဆိုတဲ့နားမှာ မိုင်းဆွဲတယ်။ မိုင်းဆွဲတော့ သူတို့ဆေးကုထားတယ်။ လျှော်ဖြူ ချောင်းရိုး မစိုးရိမ် ကျေးရွာ ၈ ရွာလောက် အဲ့လမ်းကြောင်းပေါ်မှာ ရှိတဲ့ ကျေးရွာ ၈ ရွာလောက်ကတော့ တိမ်းနေရတယ်။ စစ်ရှောင်ဦးရေဆိုရင် ရွာကြီးတဲ့ရွာကကနေ သိပ်မရှိဘူးဆိုရင် ၆ ထောင်ကျော် ၇ ထောင်လောက်ရှိတယ်။ အဲ့ထက်တော့မပိုပါဘူး။”

အောက်တိုဘာ ၁၉ ရက်က မစိုးရိမ်ကျေးရွာက နေအိမ်အချို့ကို စစ်တပ်ဘက်က မီးရှို့ခဲ့ကြောင်းနဲ့ လောင်ကျွမ်းတဲ့ အိမ်ခြေအရေအတွက်ကို တော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဟာ ရေဦးမြို့ တိုင်ရင်းဆေးရုံမှာ အထိုင်ချ တပ်စွဲပြီး ရေဦး ဒီပဲယင်း ခင်ဦး စတဲ့ မြို့နယ် ၃ မြို့နယ်ထဲက ကျေးရွာတွေကို မကြာခဏ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာပါ။ အာဏာသိမ်းပြီးချိန်ကစလို့ ဒီကနေ့ အချိန်ထိ ရေဦးမြို့နယ်ထဲမှာ အိမ်ခြေ ၄၀၀၀ ထောင်နီးပါး မီးရှို့ခံထားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG