ထုတ်လုပ်မှုကနေ စွန့်ပစ်တဲ့အထိပလတ်စတစ်သံသရာတခုလုံးကိုခြုံငုံနိုင်မယ့် ကုလသမဂ္ဂရဲ့ သမိုင်းဝင် သဘောတူညီမှုတရပ်ရဖို့ နီးကပ်လာချိန်မှာ ကမ္ဘာ့နိုင်ငံတချို့မှာလည်း ပလတ်စတစ်အမှိုက်ကင်းစင်ရေး အသိပညာပေးလုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။ လူသားတွေအပါအဝင် ကုန်းနေ၊ ရေနေ သတ္တဝါမျိုးစိတ်ပေါင်း သန်းချီနေထိုင်ကြတဲ့ ဇီဝဂေဟစနစ်တွေဟာ ပလတ်စတစ်အမှိုက်တွေကြောင့်ပျက်စီးယိုယွင်းလာနေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဒါကတော့ ပလတ်စတစ်ညစ်ညမ်မှုတိုက်ဖျက်ရေးစာချုပ်ကို ရေးဆွဲအတည်ပြုဖို့ ၂၀၂၂ ခုနှစ် သဘာဝပတ်ဝန်းကျင်ညီလာခံမှာ နိုင်ငံစုံသဘောတူညီလိုက်တဲ့ အသံတွေပါ။ ကမ္ဘာတဝန်း ပလတ်စတစ်ညစ်ညမ်းမှုဟာ အချိန်ကိုက်ဗုံးတလုံးဖြစ်တယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ဒီနှစ် ပလတ်စတစ်ညီလာခံမှာ ပြောပါတယ်။ ပလတ်စတစ်ထုတ်လုပ်မှုကနေ စွန့်ပစ်တဲ့အထိ ပလတ်စတစ်သံသရာတခုလုံးကိုခြုံငုံနိုင်မယ့် သမိုင်းဝင် သဘောတူညီမှုတရပ်ရရေး နိုင်ငံပေါင်း ၁၇၅ နိုင်ငံတို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ UNESCO ဌာနချုပ်မှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ အဲဒီလိုပြောဆိုခဲ့တာပါ။
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ နည်းလမ်းမျိုးနဲ့ ပလတ်စတစ်တွေကို ထုတ်လုပ်နေတဲ့ပုံစံမျိုး တကမ္ဘာလုံးရပ်ဆိုင်းကြဖို့လည်း သမ္မတ Macron ကတိုက်တွန်းသွားပါတယ်။ ကမ္ဘာ့ရေထု၊ မြေထုနဲ့ အစားအစာအပြင် သောက်ရေတွေထဲတင်မက လူ့ခန္တာကိုယ်ထဲထိ ပလတ်စတစ်အမှုံအမွှားတွေရောက်လာနေတာပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂကတိုင်ပင်ညှိနှိုင်းနေကြသလို အရပ်ဖက်အဖွဲ့အစည်းတွေဖက်ကလည်း သူတို့နည်းသူတို့ဟန်နဲ့ ဆောင်ရွက်နေကြပါတယ်။
“အမှိုက်တို့ရဲ့ သူရဲကောင်းများ” လို့ အမည်ရတဲ့ ဆွစ်ဇာလန်အခြေစိုက် Trash Hero World အဖွဲ့က ဆိုးရွားလှတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အမှိုက်ပြဿနာကို ဝိုင်းဝန်းကူညီနေပါတယ် ။ ၂၀၂၃ ခုနှစ်အတွင်းမှာပဲ ဂျကာတာြမို့ရဲ့ အမှိုက်ညစ်ညမ်းမှုအနေအထားဟာ ကမ္ဘာ့ထိပ်တန်းစာရင်းမှာ အကြိမ်ကြိမ် ဖော်ပြခံနေရပါတယ်။
“ဒီအမှိုက်ပုံကဂျကာတာြမို့ထဲက လာတဲ့အမှိုက်တွေကိုပဲ လက်ခံထားတာပါ။ တရက်အတွင်း ဒီကို ပျှမ်းမျှရောက်လာတဲ့အမှိုက်က တန်ချိန် ၇ ထောင်ကျော်ပါတယ်။”
လူဦးရေထူထပ်လှတဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာြမို့က ထွက်သမျှအမှိုက်တွေကို စွန့်ပစ်ရာ အမှိုက်ကျင်းတွေမှာ စွန့်ပစ်အမှိုက်မျိုးစုံနဲ့ မဆန့်လောက်အောင်ဖြစ်လာနေပါတယ်။ ဒါပေမယ့်လည်း အမှိုက်တွေသွားပစ်လို့ရမယ့်နေရာမရှိတဲ့အတွက် လက်ရှိအမှိုက်ကျင်းကြီးမှာပဲ မဖြစ် ဖြစ်တဲ့နည်းနဲ့ အမှိုက်တွေကို စီမံခန့်ခွဲနေရတာပါ။ အများပြည်သူပိုင်ပန်းခြံတွေ၊ လမ်းတွေထဲက အမှိုက်တွေကို လိုက်ကောက်ပြီး အမှိုက်ပြဿနာကို ပြည်သူတွေ သတိပြုမိလာအောင်ဆောင်ရွက်နေတာပါ။
"အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုမှာ ခုပထမဆုံးလာပြီးပူးပေါင်းတာပါ။ ပျော်စရာကောင်းပါတယ်။ ကျမတို့လုပ်နေကိုင်နေကြတာကို လူတွေလာပြီးစပ်စုကြပါတယ်။ တချို့ကလည်း သူတို့အမှိုက်တွေ လာပေးပါတယ်။ ကျမကတော့ ဒီလှုပ်ရှားမှုကို သိပ်သဘောကျပါတယ်၊ အပတ်စဥ်လာပြီး ကူဖို့ စဥ်းစားထားပါတယ်”
သူတို့အမှိုက်ကောက်နိုင်တဲ့ ပမာဏက သိပ်မများပေမယ့်လူမှုအသိုင်းအဝိုင်းကို အသိပညာပေးရာရောက်တဲ့အတွက် ထိရောက်မှုကတော့ သိပ်များပါတယ်လို့လည်းစေတနာ့ဝန်ထမ်း Maria ကပြောပါတယ်။
Trash Hero Indonesia အဖွဲ့ခေါင်းဆောင် Gusti Krishna Aditama ကသူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကို ခုလိုရှင်းပြပါတယ်။
"Lapanga Banteng Park ပန်းခြံကြီးကိုကြည့်လိုက်ရင် သိပ်ကိုသန့်ရှင်းနေသလို ထင်ရပါတယ်။ ဒါပေမယ့် အနီးကပ်သွားကြည့်လိုက်ရင်တော့ အမှိုက်တွေအများကြီးတွေ့ရမှာပါ။ လူသွားလမ်းတွေနဲ့ ခြုံတွေကြားမှာ အမှိုက်တွေ ကျနေတာပါ။ ဒီကနေ့ မနက် နာရီဝက်လောက်အတွင်းမှာတင် ကျနော်တို့ ကောက်ခဲ့တဲ့အမှိုက်က ကီလို ၂၀ လောက်ကိုရှိပါတယ်။ ပန်းခြံထဲမှာ တနေ့လုံး အမှိုက်ကောက်မယ်ဆိုရင် ဘယ်လောက်တောင်များလိမ့်မလဲ။ ကျနော်တို့လှုပ်ရှားမှုရဲ့ ရည်မှန်းချက်က အမှိုက်တွေလိုက်ကောက်ဖို့ တခုထဲမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပညာပေးတာလည်းပါပါတယ်”
ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ သဘာဝပတ်ဝန်းကျင်ထဲနှစ်စဥ်ရောက်လာတဲ့ ပလတ်စတစ်အမှိုက်က တန်ချိန် ၅၁ သန်းထိရှိနေပြီး ပင်လယ်ရေထုထဲရောက်လာတဲ့အမှိုက်ကတော့ တန်ချိန် ၁၃ သန်းထိရှိပါတယ်။ ရေနေသတ္တဝါမျိုးစုံတို့လည်း ပလတ်စတစ်အမှိုက်တွေ၊ ငါးဖမ်းပိုက်တွေကြောင့် ထိခိုက်သေကြေနေကြရပါတယ်။
"အမှိုက်တွေကို ကောက်လိုက်ရုံနဲ့ အဲဒီအမှိုက်တွေက လုံးဝပျောက်ကွယ်သွားတာမဟုတ်ပါဘူး၊ တကယ်တော့ အမှိုက်တွေက ပင်လယ်သမုဒ္ဒရာလို နေရာမျိုးကိုရောက်သွားတာပါ၊ ဒါကပြဿနာတခုပါ၊ အမှိုက်တွေပိတ်ဆို့လို့ ရေကြီးရလျံတာမျိုးဖြစ်နိုင်သလို အမှိုက်တွေနဲ့ ပင်လယ်ရေထုညစ်ညမ်းပြီး ငါးဖမ်းသမားတွေရဲ့ ဘဝရှင်သန်ရပ်တည်ရေးကိုလည်း ထိခိုက်နိုင်ပါတယ်၊ လူတွေအနေနဲ့ အမှိုက်နည်းအောင်ဆောင်ရွက်ကြဖို့၊ အမှိုက်သိပ်မထွက်တဲ့ အကျင့်မျိုး ကျင့်ကြံကြဖို့ Trash Hero က တိုက်တွန်းနေပါတယ်”
ပလတ်စတစ်အမှုံအမွှားတွေဟာလည်း မြေဆီလွှာထဲကနေ အစားအသောက်တွေနဲ့ သောက်သုံးရေတွေထဲထိ ရောက်လာကြတာပါ။ ဒါကြောင့်လည်း ပလပ်စတစ်အမှိုက်ပြဿနာ မူလဇစ်မြစ်ကို အဖြေရှာဖို့ နိုင်ငံစုံ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
စွန့်ပစ်ပလတ်စတစ်အမှိုက်တွေကို မီးရှို့ဖျက်ဆီးရင်လည်း လေထုညစ်ညမ်းစေသလို လူ့ကျန်းမာရေးကိုပါ ထိခိုက်ပြန်ပါတယ်။ ဒါကြောင့် ပလတ်စတစ်ကိုမဖြစ်မနေသုံးဖို့လိုအပ်တဲ့နေရာတွေမှာသာ အသုံးပြုဖို့၊ လျှော့ချဖို့၊ ပြန်အသုံးပြုဖို့၊ ပြန်လည်တီထွင်အသုံးချဖို့၊ အသုံးတည့်မယ့်နေရာကို ပြန်ပြီးပေးပို့ဖို့နဲ့ အသုံးပြုဖို့မလိုရင် ပလတ်စတစ်ကို ငြင်းပယ်ဖို့ ဆိုပြီး နည်းလမ်း၅ သွယ်နဲ့ လိုက်ပါဆောင်ရွက်ဖို့လည်း ပညာရှင်တွေ တိုက်တွန်းနေကြပါတယ်။
မြန်မာနိုင်ငံမှာလည်း စစ်အာဏာမသိမ်းခင်က ပလတ်စတစ်အမှိုက်ကိစ္စကို နိုင်ငံတဝန်း ဆောင်ရွက်ခဲ့ကြပေမယ့်လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားမှုတွေ နောက်တန်းရောက်ကုန်ပါတယ်။
နိုင်ငံစုံ မဖြစ်မနေလိုက်နာရမယ့် ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး သဘောတူညီမှုတရပ်ကို ၂၀၂၄ နှစ်ကုန်ပိုင်းလောက်မှာ အတည်ပြု လက်မှတ်ရေးထိုးနိုင်ဖို့ ၂၀၂၂ ခုနှစ်ထဲမှာပဲ ကုလသမဂ္ဂက တညီတညွတ်ထဲ သဘောတူညီခဲ့ကြပါတယ်။ ပလတ်စတစ်အမှိုက်ပြဿနာကို ကမ္ဘာ့နိုင်ငံတွေ နောက်ဆုံးကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းလာတဲ့အေပါ် သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းတွေဖက်က အကောင်းမြင်မျှော်လင့်ထားကြပေမယ့် ပလပ်ပစ္စည်းထုတ်လုပ်မှုတွေ မလျှော့ချနိုင်မှာကိုတော့ စိုးရိမ်နေကြဆဲဖြစ်ပါတယ်။