သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးဝင်းမြင့် မိသားစု ထောင်ဝင်စာ တွေ့ခွင့်ရ


ယခင်မှတ်တမ်းရုပ်ပုံ | NLD အစိုးရသမ္မတ ဦးဝင်းမြင့်
ယခင်မှတ်တမ်းရုပ်ပုံ | NLD အစိုးရသမ္မတ ဦးဝင်းမြင့်

NLD အစိုးရသမ္မတ ဦးဝင်းမြင့် မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက အတည်ပြုပါတယ်။ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ပြောပါတယ်။ ဒီသတင်းရန်ကုန်ကပေးပို့လာတာကို မမြသဇင်အောင်က ပြောပြမှာပါ။

ဖမ်းဆီးထားသူတွေကို မိသားစုတွေနဲ့ ဒီသီတင်ပတ်ထဲ တွေ့ဆုံခွင့်ပြုထားချိန်မှာ တောင်ငူထောင်မှာ သမ္မတ ဦးဝင်းမြင့်ကို ဇနီးဖြစ်သူ သမ္မတကတော် ဒေါ်ချိုချို သွားတွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။ အသေးစိတ် အခြေအနေကို မသိရပေမယ့် သမ္မတကြီးအနေနဲ့ ကျန်းကျန်းမာမာရှိတယ်လို့ ထောင်နဲ့နီးစပ်သူတဦးက ဗွီအိုအေကိုအတည်ပြုပါတယ်။

"အောက်တိုဘာကုန်ခါနီးလောက်ကတွေ့တာ။ တွေ့တာဟုတ်တယ်။ ပြီးခဲ့တဲ့ တပါတ်ကျော်က တွေ့ခဲ့ တာတဲ့။ အမပြောပြတာ။ ကျန်းမာရေးကောင်းတယ်ပြောတယ်။"

စစ်ကောင်စီဟာ ဦးဝင်းမြင့်ကို ဒီနှစ်ဇန်နဝါရီလမှာ နေပြည်တော်မှာလျို့ဝှက်ထားရှိရာ ကနေ တောင်ငူ ထောင်ကိုပြောင်းလိုက်တာဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရပြီး စစ်ကောင်စီက အမှုပေါင်း ရှစ်မှုနဲ့သူ့ကို တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒီ ၈မှု အတွက် သူ့ကို ကနဦး ထောင်ဒဏ် ၁၂နှစ် ချမှတ်ထားရာကနေ ထောင်ဒဏ်အချို့ကို စစ်ကောင်စီက လျော့ပေါ့ပေးလိုက်တာမို့ လက်ရှိမှာ ထောင်ဒဏ်စုစုပေါင်း ၈နှစ် ကျခံနေရတာ ဖြစ်ပါတယ်။

ကိုဗစ်ဖြစ်ပွားခဲ့တဲ့ အချိန်ကစလို့ ကိုဗစ်စည်းမျဉ်း စည်းကမ်းအရ ထောင်ဝင်စာတွေ့ခွင့်ကို NLD အစိုးရ လက်ထက်က စတင်ပြီး ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ အဲဒီနောက်အာဏာသိမ်း စစ်ကောင်စီ လက် ထက်မှာလည်း တခြားနေရာတွေမှာ ကိုဗစ်စည်းကမ်းတွေ ဖြေလျော့ပေးခဲ့ပေမယ့် ထောင် ဝင်စာတွေ့ ခွင့်ကိုတော့ ဖြေလျော့ခဲ့တာ မရှိဘဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကမှ ပြန်လည်တွေ့ ခွင့် ပေးခဲ့ တာဖြစ်ပါတယ်။

ထောင်ဝင်စာလူတွေ့ခွင့်အတွက် အိမ်ထောင်စုစာရင်းနဲ့ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက် ခံစာနဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း ထောက်ခံစာတွေပါဖို့ လိုတယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဦးဝင်းမြင့်မိသားစုတွေ့ခွင့်မှာလည်း ဒီအချက်အလက်တွေ တင်ပြခဲ့ရတယ်လို့ အဲဒီနီးစပ်သူကပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်ကစပြီး အကျဉ်းထောင်တွေမှာ ထောင်ဝင်စာ လူတွေ့ခွင့်ပေးဖို့ စစ်ကောင်စီဘက်က စီစဉ်ခဲ့တာမှာ အကျဉ်းသားတဦးကို တလတကြိမ်၊ တခါတွေ့ ၂၅ မိနစ်နဲ့ တွေ့ဆုံခွင့် ပေးပေမယ့် အခက်အခဲတွေကြုံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP က တာဝန်ရှိသူတဦးကပြောပါတယ်။

ထောင်ဝင်စာတွေ့ခွင့်ရဖို့ သန်းခေါင်စာရင်းမှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ကိုဗစ်ဆေးထိုးပြီးကြောင်းဟာမျိုးတွေ ဒီအထောက်အထားတွေတောင်းတယ်။ တချို့မြို့ပေါ်မှာနေသူတွေအတွက် ဒါတွေကရလိမ့်မယ်။ တချို့ရွာတွေမှာရှိသူတွေဆိုဒီလိုအထောက်အထားမရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ကိုင်း မကွေးဘက်တွေမှာဆို ရွာလုံးကျွတ်မီးရှို့ခံရပြီးထွက်ပြေးတိမ်းရှောင်နေရ တာ။ အဲထဲက မိသားစုဝင်တဦးက ထောင်ထဲရောက်နေတာ။ အဲတော့ထောင်ဝင်စာသွားတွေ့ဖို့ ဘယ် ရွာသူကြီးဆီသွားထောက်ခံစာယူရမလဲ။ တချို့ဆို သန်းခေါင်စာရင်းမီးထဲပါသွားတယ်။ တချို့ဆို သန်းခေါင်စာရင်းတောင်မရှိကြဘူး။ အဲလိုကျတော့ ထောင်ဝင်စာတွေ့ခွင့်တော့ပေးတယ် မင်းတို့နေရာ ကလူတွေမတွေ့နဲ့ဆိုတာမျိုးဖြစ်သွားတယ်။ အဲဒါကဒီလူတွေဆို မင်းတို့ထောင်ဝင်စာ လာမတွေ့နဲ့ဆိုတဲ့ သဘောမျိုးဖြစ်သွားတယ်။

လက်ရှိမှာ ဦးဝင်းမြင့်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီကပုဒ်မ ၁၄၄ ဥပဒေထုတ် တားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်တွေကတော့ ခုချိန်ထိ မိသားစုတွေ့ခွင့်မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG