သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-အင်ဒိုနီးရှား ထိပ်သီးတွေ့ဆုံမှု နဲ့ ဂါဇာပြဿနာ အဖုအထစ်


FILE PHOTO: G20 summit in Bali
FILE PHOTO: G20 summit in Bali

ကန်-အင်ဒိုနီးရှား ထိပ်သီးတွေ့ဆုံမှု နဲ့ ဂါဇာပြဿနာ အဖုအထစ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို တို့ လာမယ့် တနင်္လာနေ့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံပြီး အင်ဒိုပစိဖိတ်ဒေသရဲ့ အဓိကမဟာမိတ် အင်ဒိုနီးရှားနဲ့ အမေရိကန် ကြား သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးကြဖို့ ရှိနေပါတယ်။ တချိန်တည်းမှာလည်း လက်ရှိဂါဇာက စစ်ပွဲတွေနဲ့ပတ်သက်လို့ အစ္စရေးကို အဓိက ထောက်ခံအားပေးနေတဲ့ အမေရိကန်နဲ့ ကမ္ဘာ့ မွတ်ဆလင် လူဦးရေ အများဆုံး အင်ဒိုနီးရှားကြား ကွဲလွဲမှုတချို့လည်း ရှိနေပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေရုံး အကြီးအကဲ Patsy Widakuswara ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။


အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးဘက်က လက်တုံ့ပြန် တိုက်ခိုက်မှုတွေနဲ့ ဂါဇာမှာ တိုက်ပွဲတွေ ပြင်းထန်လာ ချိန်ကစလို့ အင်ဒိုနီးရှားက မြို့ကြီးတွေမှာ ပါလက်စတိုင်းကို ထောက်ခံတဲ့ စုဝေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး ခံစားချက်တွေ ပြင်းထန်နေတာပါ။

"ဟားမတ်စ်နဲ့ ပါလက်စတိုင်းတွေက သူတို့မြေကို ကျူးကျော်တဲ့ အစ္စရေးတွေကို တိုက်ခိုက်တယ် ဆိုတာက သူတို့ လွတ်မြောက်ရေး အောင်မြင်ဖို့အတွက် တိုက်ပွဲဝင်တဲ့နည်းလမ်းတခုပါ။ ဒါက ဘာမှမမှားပါဘူး။ တချိန်က အင်ဒိုနီးရှား သူရဲကောင်းတွေလည်း သူတို့လွတ်လပ်ရေး အတွက် အခုလိုပဲ တိုက်ခဲ့ကြတာပါ။” – လို့ ပါလက်စတိုင်းဘက်က ထောက်ခံဆန္ဒပြသူ အင်ဒိုနီးရှား အမျိုးသမီးတဦး ပြောသွားတာပါ။

လာမယ့် တနင်္လာနေ့ အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံမယ့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို ရဲ့ ခေါင်းထဲမှာလည်း ဒီလို ခံစားချက် အတွေးမျိုး ရှိနေနိုင်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ Gadjah Mada တက္ကသိုလ်က အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ဘာသာရပ် ပို့ချပေး နေတဲ့ ကထိက Siti Mutiah Setiawati က ပြောပါတယ်။

“ဘယ် အင်ဒိုနီးရှားသမ္မတ မှ ပါလက်စတိုင်းဘက်က မကာကွယ်ဘဲ မနေရဲပါဘူး။ ကျမတို့နိုင်ငံကို တည်ထောင်ခဲ့တဲ့ နိုင်ငံ့ဖခင်ကြီးတွေက အဖိနှိပ်ခံတွေဘက်က ခုခံကာကွယ်ဖို့၊ ဘက်မလိုက်ဖို့၊ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒတွေ အုတ်မြစ်ချပေးခဲ့တာပါ။” − လို့ ကထိက Siti Mutiah Setiawati က ပြောသွားတာပါ။

ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နဲ့ အင်ဒိုနီးရှား ကြား သဘောထား အကြီးအကျယ် ကွဲလွဲကြပေမဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ဖို့ကိုတော့ နှစ်ဘက်စလုံးက လိုလားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ASEAN ထိပ်သီးဆွေးနွေးပွဲတွေမှာ သမ္မတ ဘိုင်ဒန် တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ဒုသမ္မတ Kamala Harris ပဲ တက်ရောက် ခဲ့ပြီးတဲ့နောက် ခုလို သမ္မတ အိမ်ဖြူတော်မှာ သမ္မတနှစ်ဦး တနင်္လာနေ့မှာ တွေ့ဆုံဖို့ စီစဥ်ခဲ့တာပါ။

သူတို့နှစ်ဦးနောက်ဆုံး တွေ့ဆုံခဲ့တာကတော့ ဒီနှစ်ထဲ အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ G20 ထိပ်သီးဆွေးနွေးပွဲမှာပါ။ အင်ဒိုနီးရှား အနေနဲ့ တရုတ်နဲ့ မဟာဗျူဟာမိတ်ဘက် ဆက်ဆံရေး တည်ဆောက်ထားပြီး ဖြစ်သလို၊ အမေရိကန်နဲ့လည်း အလားတူ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဘက် ဆက်ဆံရေး တိုးမြှင့်တည်ဆောက်ဖို့ သမ္မတ နှစ်ဦးလုံးက မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရ Karine Jean-Pierre က ခုလိုပြောပါတယ်။

“သန့်ရှင်းစွမ်းအင် ပြောင်းလဲသုံးနိုင်ရေး၊ စီးပွားရေး သာယာဝပြောရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေး၊ နှစ်နိုင်ငံပြည်သူ အချင်းချင်း ဆက်ဆံရေး ပိုမို ကောင်းမွန်လာရေး စတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မယ့် အခွင့်အလမ်းတွေကို ခေါင်းဆောင်နှစ်ဦး ရှာဖွေ သွားကြမှာပါ။ ဒါအပြင် အာဆီယံရဲ့ ဗဟိုချုပ်ကိုင်မှု ပိုမို အားကောင်းလာရေး၊ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ လွတ်လပ် ပွင့်လင်းမြင်သာတဲ့ အင်ဒိုပစိဖိတ် ဒေသ ဖြစ်လာရေး ကိစ္စတွေမှာလည်း ပိုမို ပူးပေါင်းဆောင်ရွက်အောင် ကြိုးပမ်းသွားကြမှာပါ။”

ဒီနေရာမှာ အင်ဒိုနီးရှားဘက်က အဓိက လိုလားချက် တခုကတော့ − အမေရိကန်ရဲ့ ငွေကြေးဖောင်းပွဲမှု လျှော့ချရေး ၂၀၂၂ အက်ဥပဒေ အောက်မှာ လျှပ်စစ်ကား ဘက်ထရီတွေမှာ သုံးတဲ့ အင်ဒိုနီးရှား ကြေးနီတင်ပို့မှုအပေါ်မှာ အခွန် လျှော့ပေါ့ ပေးတာမျိုး၊ အရေးကြီးတဲ့ တွင်းထွက်ပစ္စည်း ထုတ်ကုန်တွေအပေါ် အကန့်အသတ်နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီမှု ရရှိလိုတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ ကြေးနီသတ္ထု အများဆုံးထွက်တဲ့နိုင်ငံ ဖြစ်ပြီး ဒီလို သတ္ထုတွေ သန့်စင်ရာမှာတော့ တရုတ်က အဓိက ငွေကြေးထောက်ပံ့ ပေးနေတာ ဖြစ်ပါတယ်။

“အမေရိကန်က ဒီလုပ်ငန်းမှာ တရုတ်နဲ့အပြိုင် ရင်းနှီး မြှုပ်နှံဖို့ စိတ်အား ထက်သန်နေတယ်လို့ ကျနော် ထင်ပါတယ်။ အင်ဒိုနီးရှား ကြေးနီ ထုတ်လုပ်မှုလုပ်ငန်းကို တရုတ်ကပဲ လုံးဝ လက်ဝါးကြီး အုပ်ထားတာမျိုး မဖြစ်အောင်ပါ။ ဒါက အရေးပါတဲ့ မဟာဗျူဟာ အကျိုးစီးပွားတခု ဖြစ်ပါတယ်။”

အမေရိကန် လွှတ်တော်အမတ် တချို့ကတော့ ဒီလိုလုပ်မှာကို ကန့်ကွက်ကြပါတယ်။ ဒီလုပ်ငန်းမှာ တရုတ်က အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ထားပြီး ဖြစ်တာကြောင့်ရော၊ အင်ဒိုနီးရှားရဲ့ ကြေးနီထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်သမား အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ချက်တွေ ရှိနေတာတွေကြောင့် ကန့်ကွက်နေကြတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG