မြန်မာအရေးနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ကြား “ကွဲပြားမှု” မရှိကြောင်း တိုကျိုမှာ သောကြာနေ့က ပြုလုပ်တဲ့ Nikkei Asia သတင်းဌာနဲ့ အင်တာဗျူးမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Kao Kim Hourn က ပြောလိုက်ပါတယ်။
“အဲဒါက အရမ်းရှင်းပါတယ်၊ မြန်မာနိုင်ငံကို ဘယ်လို ချဉ်းကပ်သလဲဆိုတဲ့ အပေါ်မှာ အာဆီယံအနေနဲ့ စည်းလုံးညီညွတ်မှု ရှိပါတယ်၊ ဆိုလိုတာက မြန်မာနိုင်ငံနဲ့ ဆက်လက် လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ လာမယ့်နှစ် အာဆီယံ ဥက္ကဋ္ဌ အသစ် ဖြစ်တဲ့ လာအိုနိုင်ငံရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာ့ငြိမ်းချမ်းရေး အတွက် စစ်ကောင်ဆီနဲ့ အာဆီယံကြား ထိတွေ့ဆက်ဆံမှုတွေ ဆက်လက်တည်ရှိနေဦးမယ်လို့လည်း ဆိုပါတယ်။
“မြန်မာ့အရေး အင်ဒိုနီးရှား နိုင်ငံ ဆောင်ရွက်ခဲ့တာတွေ ဆက်ပြီးတော့ လုပ်မယ်လို့ မျှော်လင့်တယ်” လို့ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Kao Kim Hourn က ဆိုပြီး “မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှုမှာ လာအိုကို လျှော့မတွက်သင့်ဘူး” လို့ ပြောပါတယ်။ မြန်မာနိုင်ငံကို အကူအညီပေးဖို့ အာဆီယံရဲ့ ကြားခံဆောက်ရွက်ပေးတဲ့ လုပ်ငန်းစဥ်တွေက အဆက်မပြတ် ဖြစ်နေဖို့ လိုအပ်တာကြောင့် အလှည့်ကျ ဥက္ကဋ္ဌ (၃) နိုင်ငံ ပူးတွဲ ကိုင်တွဲဖြေရှင်းမယ့် ထရွိုင်ကာ (Troika) ယန္တရား ပုံစံအသစ်ကလည်း ကောင်းမွန်တယ်လို့ ကမ္ဘောဒီးယား သံတမန်တဦး ဖြစ်ခဲ့ပြီး အတွင်းရေးမှူးချုပ် ရာထူးကို ဇန်နဝါရီလက ရယူခဲ့တဲ့ Kao Kim Hourn က နီကီအေးရှားကို ပြောပါတယ်။
အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် ကွန်မြူနစ် လာအိုနိုင်ငံဟာ မြန်မာစစ်ကောင်စီအပေါ် ပျော့ပြောင်းတဲ့ သဘောထား ရှိမယ်လို့ ယူဆထားကြပြီး တဖက်မှာ ၂၀၂၃ ခုနှစ် ဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့အတူ မလေးရှား၊ စင်္ကာပူနိုင်ငံတွေက စစ်ဗိုလ်ချုပ်တွေအပေါ် ပိုမိုတင်းမာတဲ့ သဘောထား ရှိကြတယ်လို့ လေ့လာသူတွေက ရှုမြင်နေချိန်မှာ အာဆီယံက အခုလို ပြောလာတာပါ။
မြန်မာမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဆန့်ကျင့်သူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေပြီး အကြမ်းဖက်မှုတွေ ဖြစ်နေလို့ မြန်မာ့အရေးက အာဆီယံအဖွဲ့ဝင်နိုင်ငံအတွင်း ကာလရှည်ကြာရှည် အကျပ်အတည်း ဖြစ်နေကာ ထိပ်တန်းဖြေရှင်းရမယ့် ပြဿနာ ဖြစ်နေတာပါ။ ၂၀၂၁ ခုနှစ် ဧပြီလမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေးနဲ့ ပဋိပက္ခအတွင်း ဘက်ပေါင်းစုံက အင်အားစုအားလုံးနဲ့ အာဆီယံ အထူးသံတမန်တဦး ထိတွေ့ဆက်ဆံရေး အပါအဝင် အချက် (၅) ချက်ပါ လမ်းပြမြေပုံကို အာဆီယံအဖွဲ့ဝင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်ကြား သဘောတူညီခဲ့ကြပေမယ့် ဒီအစီအစဉ်က သိသာထင်ရှားတဲ့ ရလဒ်တွေ မရလို့ အာဆီယံအပေါ် ဖိအားတွေ ရှိနေတာလည်း ဖြစ်ပါတယ်။